စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီးရှိ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုမှာ စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိနေသဖြင့် ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၁၀၀ အသုံးပြု၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်တွင် ပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း၏ မော်လိုက်မြို့ရှိ အလုပ်သမားရုံးရှေ့ မြေထိန်းနံရံမှာ ပြိုကျတော့မည်ဖြစ်သောကြောင့် ၂၀၁၆ ခုနှစ် မြစ်ရေမတက်မီ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းကို ဝန်ကြီး ဦးသန့်စင်မောင်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ချင်းတွင်းမြစ်သည် နှစ်စဉ် နေရာ ၂၀ ခန့်၌ ကမ်းပါးပြိုကျလေ့ရှိကြောင်း၊ ချင်းတွင်း မြစ်ကြောင်းကြီးတခုလုံးကို ပြင်ဆင်မည်ဆိုပါက နယ်သာလန်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်တချို့၏ တွက်ချက်မှုအရ ကျပ် ၁၈ ဘီလီယံ ကုန်ကျနိုင်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း ဖွံ့ဖြိုးရေးအတွက် အစိုးရတွင် ကျပ်သန်း ၁၇၀ သာ ရှိကြောင်း၊ ချင်းတွင်းမြစ်သည် အလွန် အိုမင်းနေပြီး မြစ်အထက်ပိုင်းတွင် သစ်တောများ ပျက်စီးနေသဖြင့် ယခုပြဿနာ ကြုံတွေရခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။