မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့က နှစ်စဉ်ကျင်းပလာခဲ့သည်။ စာနယ်ဇင်း လွတ်လပ်ခွင့်၏ အခြေခံ စည်းမျဉ်းများကို မီးမောင်းထိုးဂုဏ်ပြုရန်၊ ကမ္ဘာတလွှား စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ပြန်သုံးသပ်ရန်၊ လွတ်လပ်သော စာနယ်ဇင်းများအား တိုက်ခိုက်မှုကို ကာကွယ်ရန်နှင့် လုပ်ငန်းခွင်အတွင်း အသက်စွန့်သွားသော စာနယ်ဇင်းသမားများကို အလေးအနက်ထား ဂုဏ်ပြုရန်တို့ကို ရည်ရွယ်ခဲ့သည်။
ကမ္ဘာတလွှား နိုင်ငံတရာကျော်က ဆင်နွှဲကျင်းပကြရာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ စစ်အုပ်ချုပ်ရေး၏ ဆင်ဆာလက်အောက်တွင် လွတ်လပ်မှုကင်းမဲ့ခဲ့ရသော မြန်မာ့စာနယ်ဇင်းသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က စပြီး လွတ်လပ် ဖွံ့ဖြိုးလာခဲ့သည်။ ဦးသိန်းစိန်အုပ်ချုပ်ရေး နောက်ပိုင်းနှစ်များတွင် စာနယ်ဇင်းသမားများ ဖမ်းဆီးထောင်ချမှုများ ရှိသော်လည်း လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေနိုင်ခွင့် အထိုက်အလျောက် တိုးတက်လာခဲ့သည်။ သတင်းစာ ဂျာနယ်များက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာများတွင် အတော်ပင် ဝေဖန်ပြောဆို ရေးသားလာခဲ့ကြသည်။
ယခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် လူထုက မဲအပြတ်အသတ်ပေးပြီး နိုင်သွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တာဝန်ရယူရပြီးချင်း အစိုးရပိုင် စာနယ်ဇင်းနှင့် မီဒီယာများတွင် ထိန်းချုပ်မှုများ လျော့ကျသွားပြီး သတင်းတင်ပြပုံများလည်း ပြောင်းလဲလာသည်ကို တွေ့မြင်နေရပါသည်။ ယခင်လို အစိုးရ ဝါဒဖြန့် သတင်းများ မဟုတ်တော့ဘဲ အစိုးရ၏ သတင်းထုတ်ပြန်မှုကို ဦးစားပေး ဖော်ပြသော်လည်း အစိုးရကို ဝေဖန်အကြံပြုချက်များနှင့် လွတ်လပ်သော အတွေးအမြင်များကိုလည်း ထည့်သွင်းဖော်ပြလာသည်။ ရေဒီယိုနှင့် ရုပ်သံလွှင့်မှုများတွင် ထိန်းချုပ်ထားမှု ဖြေလျော့သွားသည့်အနေဖြင့် တိုက်ရိုက် သတင်းထုတ်လွှင့်မှုအထိ ဖြစ်လာသဖြင့် ရှေ့လျောက်လည်း အစိုးရနှင့် ခရိုနီများသာ ထိန်းချုပ်ထားသော ရေဒီယိုနှင့် ရုပ်သံဈေးကွက် ပိုမို ပွင့်လင်းလာမည်ဟု မျှော်လင့်ပါသည်။
နေ့စဉ်သတင်းစာ ထုတ်ဝေရေးလုပ်ငန်းတွင် အစိုးရက ပုဂ္ဂလိကများနှင့် ပြိုင်၍ ကြော်ငြာယူနေခြင်းမှာ မျှတမှု မရှိပေ။ ပြည်သူထံ သတင်းပြန်ကြားရေးသည် သတ်မှတ်ထားသော အခွန်ဘဏ္ဍာဖြင့်သာ လုပ်ကိုင်သင့်သည်။ ယခင် အစိုးရသတင်းစာများ လူကြိုက်မများခင်အချိန်ကတည်းကပင် ဘက်မညီသော ဈေးကွက်ပြိုင်ဆိုင်မှုက ပေါ်ထွန်းစ ပုဂ္ဂလိကပိုင် သတင်းစာနှင့် ဂျာနယ်များအပေါ် ဝန်ပိနေစေရာ ယခု အစိုးရသတင်းစာများ လူကြိုက်ပိုများလာချိန်တွင် ပို၍ မယှဉ်နိုင်တော့ဘဲ ဖြစ်လာနေသည်။ ပြည်သူ့ဘဏ္ဍာနှင့် နိုင်ငံတော်ပိုင် ပစ္စည်းများ သုံးစွဲနေသော အစိုးရသည် ပုဂ္ဂလိကနှင့် ပြိုင်၍ စီးပွားရှာခြင်းကို မည်သို့မျှ တရားမျှတသည်ဟု ဆိုရန် အကြောင်းမရှိပေ။
ပြန်ကြားရေးဝန်ကြီး ဌာနပိုင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့သည် မူလက ပုဂ္ဂလိကပိုင်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်က “ပြည်သူပိုင်”ဟူသော နာမည်လှလှအောက်တွင် အဓမ္မသိမ်းယူခဲ့ခြင်း ဖြစ်ရာ ယခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မည့် ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် မူလအတိုင်း ပုဂ္ဂလိကလက်သို့ ပြန်ပေးသင့်သည်ဟု ဧရာဝတီက ယုံကြည်ပါသည်။ အဆုံးစွန် ပြောရမည်ဆိုလျင် စစ်အုပ်ချုပ်ရေး ဝါဒဖြန့်ချိရေး ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာနဟူသည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီဆီလျော်ခြင်း မရှိပါ။ လက်ရှိပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သည် နောက်ဆုံး ပြန်ကြားရေးဝန်ကြီး ဖြစ်ပါစေဟုလည်း မျှော်လင့်ပါသည်။
တချိန်တည်းမှာပင် မြန်မာစာနယ်ဇင်းများအနေဖြင့် သတင်းရှာဖွေတင်ပြရာတွင် မတရားမှုကို စုံစမ်းရှာဖွေဖော်ထုတ်သော သတင်းစာပညာအတွက်လည်း အချိန်နှင့် နေရာပေးကာ ရင်းနှီးမြှုပ်နှံသင့်သည်။ အမေရိကန် သတင်းစာပညာတွင် ဩဇာအကြီးဆုံး ပူလစ်ဇာဆုကို အေပီသတင်းဌာနမှ မြန်မာအမျိုးသမီး သတင်းထောက် အက်စသာ ထုဆန်က သူ၏ လုပ်ဖော်ကိုင်ဘက် ၃ ဦးနှင့်အတူ ရရှိခဲ့ခြင်းသည် မြန်မာဂျာနယ်လစ်များ ကမ္ဘာ့စံချိန်မီ တန်းမီဖြစ်ကြောင်း ဂုဏ်ယူစရာဖြစ်သည့်အပြင် စုံစမ်းရှာဖွေဖော်ထုတ်သော သတင်းစာပညာသည် အများပြည်သူဝန်ဆောင်မှုအတွက် မည်မျှအရေးကြီးကြောင်း မီးမောင်းထိုး ပြသခြင်းလည်း ဖြစ်သည်။
မြန်မာစာနယ်ဇင်းများသည် ပြောင်းလဲတိုးတက်နေသော ဒစ်ဂျစ်တယ်ခေတ်ကြီးနှင့် အမှီလိုက်ရန်လည်း လိုအပ်နေပေရာ ယခင်အစိုးရက တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍအား ထိန်းချုပ်ထားမှုကို ဖြေလျော့ပေးသကဲ့သို့ အင်တာနက်လိုင်းများ ဝန်ဆောင်မှု ပိုမိုမြန်ဆန်ကောင်းမွန်လာစေရေး ပြည်တွင်းကုမ္ပဏီအချို့က လက်ဝါးကြီးအုပ်ထားမှုကို ပယ်ဖျက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်နှင့် ပြည်တွင်းရှိ စွန့်ဦးတီထွင်သူများ ပေါ်ထွက်ကြီးထွားလာစေရန် ယခု အစိုးရက အနှေးနှင့် အမြန် စတင် လုပ်ဆောင်သင့်ပါသည်။
လွတ်လပ်ပြီး တာဝန်သိသော စာနယ်ဇင်းများသည် မဏ္ဍိုင်တရပ် အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ကျားကန်ထောက်ပင့်ပေးရရာ ခေတ်မီမီ ကမ္ဘာ ကြည့်ကြည့်မြင်ပြီး လွတ်လပ်သော မြန်မာ့စာနယ်ဇင်းများ ထွန်းကားလေ ဒီမိုကရေစီ အားကောင်းမောင်းသန် ဖြစ်လေပင်။