မြန်မာနိုင်ငံအတွက် အလွန် မင်္ဂလာရှိတဲ့ သတင်းတခု မေ ၁၉ ရက်၊ မနက် ၇ နာရီ ၁၇ မိနစ်မှာ ဖြစ်ပေါ်ခဲ့ ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကို မြန်မာနိုင်ငံသား၂ ဦး အောင်မြင်စွာ ခြေချနိုင်ခဲ့ကြလို့ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံသားထဲက ဧဝရက်တောင်မှာ ပထမဆုံးခြေချနိုင်ခဲ့ကြတဲ့ တောင်တက်သမားနှစ်ဦး ဖြစ်ပါတယ်။ အစစ အရာရာမှာ နိမ့်ကျ မျက်နှာငယ်ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ဧဝရက်တောင်လို ကမ္ဘာ့အမြင့်ဆုံး တောင်ကို တက်ရောက်နိုင်ခဲ့တာ အလွန်ဝမ်းမြောက် ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။
တောင်ထိပ်မှာ မြန်မာအလံလွှင့်ထူခြင်းဖြင့် နိုင်ငံတကာ အဆင့်တွေမှာ မြန်မာတွေ မညံ့ကြောင်း ကမ္ဘာကြီးကို ခေါင်း လောင်းထိုး အချက်ပေးလိုက်တာဖြစ်ပါတယ်။ ဧဝရက်တောင်ထိပ်ရောက်ခဲ့ကြတဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့နှစ်ဦးကို တပ်မတော်သားများအားလုံးနဲ့ မိသားစုဝင်တွေက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း ကာကွယ်ရေး ဦးစီး ချုပ်ရုံးရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားတယ်။ (အခြား အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုညီညီအောင်ကတော့ ခရီးလမ်းမှာ ကျန်းမာရေးအခြေအနေ ကျဆင်းသွားတာကြောင့် ဆရာဝန် အကြံပေးချက်အရ ဆက်မတက်ဖြစ်ခဲ့ပါဘူး။)
အမြင့်ပေ ၂၉၀၂၉ (၈၈၄၈ မီတာ) ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်တာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပါတယ်။ အရင်ကလည်း တောင်ထိပ်တက် ရောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး။
အခုတော့ မြန်မာပြည်သူတွေ ရင်ကော့ခေါင်းမော့နိုင်ကြပါပြီ။ ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ နီးပါး အရောက်မှာ မြန်မာနိုင်ငံတော်အလံကို ဧဝရက်တောင်ထိပ်မှာ ဂုဏ်သိက္ခာရှိရှိ လွှင့်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးချိန်ကစပြီး နိုင်ငံတော်အလံတွေ အမျိုးမျိုးပြောင်းလဲခဲ့သလို နိုင်ငံရေး စနစ်မျိုးစုံကို လည်းဖြတ်သန်းခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ၉ ယောက်မြောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ဝါစိမ်းနီ သုံးရောင် ခြယ် အလယ်မှာ ကြယ်ဖြူကြီးပါတဲ့ အလံတော်ကို ဧဝရက်တောင်ထိပ်မှာ ဂုဏ်သိက္ခာရှိရှိ စိုက်ထူနိုင်ခဲ့တာဖြစ်တယ်။
ဧဝရက် တောင်ထိပ်မှာ အလံစိုက်ထူခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်သူတွေအတွက်တော့ သူရဲကောင်းပါပဲ။ အသက်၊ သွေး၊ ချွေး၊ ကာယအား ဉာဏအားတွေအပြင် ကြိုးစားလေ့ကျင့်မှုတွေနဲ့ နိုင်ငံတော်အလံလွှင့်ထူခဲ့ကြသူတွေကို ပြည်သူတွေကိုယ်စား ကျေးဇူးတင် ဂုဏ်ပြုစကား ဆိုပါရစေ။
တကယ်တော့ ပြည်သူတွေအများစုက ရာစုတဝက်ကျော် အောက်ကျနောက်ကျနေခဲ့ကြရတာ မဟုတ်လား။ ပြည်တွင်းစစ် အရှည်ကြာဆုံးဖြစ်တဲ့ တိုင်းပြည်၊ ဘက်ဂျက်လိုငွေအမြဲပြနေတဲ့ နိုင်ငံ၊ အာဏာရှင်တွေအောက်မှာ အမြဲခေါင်းငုံံ့နေခဲ့ရတဲ့ သိုးနဲ့တူတဲ့ ပြည်သူတွေ၊ ပညာရေးစနစ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုက ဒေသတွင်း နိုင်ငံတွေထဲမှာ အနိမ့်ဆုံး၊ အဂတိ လိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ရှိနေဆဲ တိုင်းပြည်၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုကို ကမ္ဘာက စောင့် ကြည့်နေရတဲ့ နိုင်ငံ၊ အဲဒီလို ဘက်စုံ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ဟာ ဧဝရက်တောင်ထိပ်မှာ အလံတော် စိုက်ထူနိုင်တဲ့ သူရဲကောင်းတွေလည်း ရှိတယ်ဆိုတာ သူတို့ ၂ဦးက သက်သေပြနိုင်ခဲ့ကြပါတယ်။
သွေးသံရဲရဲနဲ့ တိုက်ရဲခိုက်ရဲ သတ်ရဲဖြတ်ရဲမှ သူရဲကောင်းမဟုတ်ပါဘူး။ ၂၁ ရာစုမှာ မုဆိုးရာသီ ကုန်ခဲ့ပြီမို့ လေးနဲ့ မြားမလိုတော့ပါ။ နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မားရေး စွမ်းစွမ်းတမံ စွမ်းဆောင်ကြသူ မည်သူမဆို သူရဲကောင်းတွေပါပဲ။
ဧဝရက်တောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တာက ၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့ ဖြစ်တယ်။ Edmund Hillary နဲ့ Tenzing Norgay တို့နှစ်ယောက်ဖြစ်တယ်။ ကမ္ဘာ့အသက်အကြီးဆုံး တောင်တက်သမားက ဂျပန်နိုင်ငံသား Yuichiro Miura ဖြစ်ပြီး ဧဝရက်တောင်ကို နောက်ဆုံးအခေါက် တက်ချိန်မှာ အသက် ၈၀ကျော်လို့ ၂၂၄ ရက် စွန်းနေပြီ။ ၂၀၀၃ခုနှစ် နဲ့ ၂၀၀၈ခုနှစ်တွေမှာလည်း ဧဝရက်တောင်ကို တက်ခဲ့သေးတယ်။ အသက်အငယ်ဆုံး တောင်တက်သမားက အမေရိကန်နိုင်ငံသား အသက် ၁၃ နှစ် ၁၀ လ ၁၀ ရက်သားအရွယ် Jordan Romeo ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေ ၂၂ ရက်နေ့က ဧဝရက်တောင်ကို တက်ရောက်ခဲ့တာဖြစ်တယ်။
တောင်ထိပ်ကို တက် ရောက်ဖို့ ကြိုးစားသူတိုင်း တောင်ထိပ်ရောက်ကြတာတော့ မဟုတ်ဘူး။ မမျှော်လင့်တဲ့ရာသီဥတုအခြေအနေကြောင့် သေဆုံးသူ ဒဏ်ရာရသူ ပျောက်ဆုံးသူ နှစ်စဉ်ရှိနေတာဖြစ်တယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကိုယ်လက်ကြံ့ခိုင်မှု၊ ရာသီဥတုသာယာမှု စတဲ့ ဘက်စုံပြည့်စုံနေမှသာ တောင်ထိပ်ကို ရောက်ရှိဖို့ အိပ်မက် အကောင်အထည်ဖော်နိုင်ကြတာပါ။
ကမ္ဘာရွာကြီးအလယ်မှာ မြန်မာဆိုပြီး လက်မထောင်နိုင်ဖို့ ဧဝရက်တောင်ထိပ်ကို အလံစိုက်ထူလိုက်တာ ပထမဆုံး ခြေလှမ်းပါပဲ။ နောင် ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေနဲ့ ဖြတ်မယ့်သူ မရှိဘူး ဘယ်သူ ပြောနိုင်မလဲ။ အာကာသကို ဒုံးပျံစီးသွားသူ တချိန်ချိန်မှာ ပေါ်လာနိုင်တာပဲ။ ကျနော်တို့ မြန်မာတွေ မညံ့ကြောင်း သက်သေပြကြရမယ့် ကဏ္ဍတွေ အများကြီးရှိသေး တယ်။ ပန်းချီ၊ ပန်းပု၊ ဂီတ၊ စာပေ စတဲ့ အနုပညာနယ်ပယ်မှာ မညံ့ကြောင်း သက်သေပြကြရဦးမယ်။ အားကစားမှာ ကမ္ဘာ့အဆင့် မီတဲ့သူတွေရှိကြောင်း ဆုတံဆိပ်တွေ အရယူပြီး သက်သေထူကြရဦးမယ်။ ပညာရပ်နယ်ပယ်တွေမှာ မညံ့ကြောင်းပြဖို့ သီအိုရီအသစ်တွေ နိယာမအသစ်တွေ ညီမျှခြင်း အသစ်တွေ တွေ့ရှိချက်အသစ်တွေ ဖော်ထုတ်ပြသရဦးမယ်။
တစုံတယောက်က မြန်မာတွေ ညံ့သလား မေးရင် မြန်မာတွေ တော်ကြောင်းတတ်ကြောင်း တတ်သိ သင်ယူလွယ်သူ တွေသာဖြစ်ကြောင်း ခေါင်းကော့ရင်မော့ လက်မထောင်ပြီး ဖြေချင်ပါတယ်။
စကားကြုံလို့ ဧဝရက်တောင်ထိပ် တက်ရောက်ခဲ့သူတွေအပြင်၊ လေ့ကျင့်ပေးခဲ့ကြသူတွေ၊ တက်ရောက်နိုင်ဖို့ အဖက်ဖက်က ကူညီခဲ့ကြသူတွေ၊ ကျေးဇူးတင်ထိုက်သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဆိုလိုက်ပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)