လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ထိပ်တန်းသတင်းဖြစ်ခဲ့သည့် ရန်ကုန်မြို့ လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်က ကလေးသူငယ်များအပေါ် ကျူးလွန်ဖွယ် ရှိသော လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ ရာဇဝတ်မှုကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြားဝင်ပွဲစားလုပ်ခဲ့မှုကြောင့် လူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ပြည်သူ့လွှတ်တော်တွင်လည်း အရေးကြီးအဆို တင်သွင်းပြီး ကော်မရှင် အလုပ်မလုပ်ကြောင်း စွပ်စွဲပြစ်တင်ခဲ့ကြသည်။
ယင်းအမှုတွင် လူ့အခွင့်အရေး ကော်မရှင်သာမက ရဲတပ်ဖွဲ့သည်လည်း အပြစ်တင်သင့်သည့်အထဲ ပါသည်။ အကြောင်းမူ အမှုသည် လူ့အခွင့်အရေးကော်မရှင်သို့ မရောက်လာမီကတည်းက ရဲလက်ရောက်ခဲ့ပြီး ဖြစ်သည်။ ကလေး ၂ ယောက်လုံးတွင် ညှင်းပမ်းခံထားရသော ဒဏ်ရာဒဏ်ချက်များအပြင် ရာဇဝတ်မှု မြောက်ကြောင်း ထင်ရှားစွာ ရှိထားလျက် အမှုဖွင့်ရန် ကြာနေခဲ့သည်။ လူမှုကွန်ရက်နှင့် မီဒီယာများတွင် သတင်းများ ထွက်ပေါ်လာသောအခါတွင်မှ လူကုန်ကူး တားဆီးရေးဆိုင်ရာ ပြစ်မှုများဖြင့် ရဲက အမှုဖွင့်တော့သည်။
ရဲတပ်ဖွဲ့သည် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာတွင် “ငွေများ တရားနိုင်” မျက်နှာသာပေး ခြစားမှုများ ရှိကြောင်း စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ရာ ယခု အင်းဝအပ်ချုပ်ဆိုင် အမှုဖွင့်နိုင်ရေး ကြန့်ကြာခဲ့သည်မှာ ငွေစားထား၍ဟူသော သံသယများ တိုးလာစေခဲ့သည်။ ထို့ပြင် လူအချင်းချင်း နှိပ်စက်ကျွန်ပြုခြင်းဟူသည့် ခေတ်သစ်လူ့ယဉ်ကျေးမှုက လုံးဝ လက်သင့်မခံသော နိုင်ငံတကာ ရာဇဝတ်မှုကို မြန်မာရဲတပ်ဖွဲ့သည် မသိနားမလည်ဘဲ လျစ်လျူရှုခဲ့ခြင်းလောဟု မေးခွန်းထုတ်စရာဖြစ်သည်။
အိမ်အကူများကို နှိပ်စက်ညှင်းပန်းပြီး ပြည်သူများ အသိမခံသော၊ ယခုအချိန်အထိ မသိနိုင်သေးသော ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များ မြန်မာပြည်တွင် အများအပြားရှိသည်မှာ အမှန်ဖြစ်သည်။ ဧရာဝတီအပါအဝင် မြန်မာမီဒီယာများက ဖော်ထုတ်တင်ပြခဲ့သည့် အလားတူ အမှုများကို ပြည်သူလူထု၏ အသက် စည်းစိမ် အိုးအိမ်ကို အကာအကွယ်ပေးနေသည်ဟု ဆိုသော သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေအရ အရေးယူမှုများအား တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါ။
ဆင်းရဲမွဲတေမှု၊ ပညာရေး လက်လှမ်းမမီမှုတို့ကြောင့် ကလေးသူငယ် အရွယ်ကတည်းက အလုပ်လုပ်ကြရသူများ၏ ဘဝနှင့် အနာဂတ်အတွက် အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများက တကယ် အလုပ်လုပ်ပြဖို့ လိုမည်။ လူ့အခွင့်အရေး ကော်မရှင်နှင့် ရဲတပ်ဖွဲ့တို့သာမက လူကယ်ပြန်နှင့် ပြည်ထဲရေး အာဏာပိုင်များက ယခုကဲ့သို့ လူ့အဖွဲ့အစည်း၏ အောက်ဆုံးအလွှာမှ နိုင်ငံသားများအရေးကို မည်သို့ အရေးယူဆောင်ရွက်မည်နည်း။
မကြာသေးမီက ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းယော်တွင် လူ ၅ ယောက်ကို တရားမဲ့သတ်ဖြတ်ခြင်းကြောင့် မြန်မာ့တပ်မတော်မှ အရာရှိများနှင့် အကြပ်တပ်သား ရ ယောက်ကို စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်။ ယခု အင်းဝအပ်ချုပ်ဆိုင်အမှုသည် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသော နယ်စွန်နယ်ဖြားတွင် မဟုတ် ရန်ကုန်မြို့တော်၏ မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့ရာ ပဋိပက္ခဒေသတွင်း ဖြစ်ပွားခဲ့သည့် မိုင်းယော်အမှုကိုပင် ပြတ်သားစွာ အရေးယူနိုင်ခဲ့လျင် အင်းဝအမှုကို မည်သည့်အတွက် အရေးမယူနိုင်ရမည်နည်း။
ပို၍ အရေးကြီးသည်မှာ ယခုအချိန်သည် ကလေးငယ်များ၏ ဘဝလုံခြံုရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အရေးပေါ် ကယ်ဆယ်ရေးများအပြင် လစ်ဟာပေါ့လျော့နေသော ဥပဒေဆိုင်ရာ ဟာကွက်များကိုလည်း ရှာဖွေပြုပြင်ရတော့မည့် အချိန်ဖြစ်သည်။ နောင်လာမည့် အမှုများအတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှုမျိုး၊ ကိုယ်လက်မနှေးပဲ လုပ်ဆောင်မှုကို ပြရမှာ ဖြစ်သလို၊ အရေးယူကာကွယ်ဆောင်ရွက်မှုရှိသည့် (ဥပမာ – Call Centre) ဆိုတာမျိုးကိုလည်း ထူထောင်ဖို့ လိုအပ်သည်။ အင်းဝအမှုအား ရှာဖွေဖော်ထုတ်သော မှ ကိုဆွေဝင်းကို ချီးကျူးဂုဏ်ပြု အရေးယူဆောင်ရွက်ခဲ့သော အစိုးရ တာဝန်ရှိသူများကို ကျေးဇူးတင်ရမည်။ သို့သော် ဒီတမှုတည်း မဟုတ်သဖြင့် အနာဂတ်တွင် ယခုကဲ့သို့ အမှုများကို မည်သို့ ကာကွယ် တားဆီး ကိုင်တွယ်မည်ဆိုသော အစိုးရ၏ ပေါ်လစီတော့ အမြန်ဆုံး လိုနေပြီဖြစ်သည်။