မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများအရ သတင်း မီဒီယာလွတ်လပ်ခွင့် မျှော်လင့်ချက် ရောင်ခြည်ကို မြင်နေရပြီဟု ဆိုရပါမည်။ အတုအယောင်မီဒီယာလွတ်လပ်ခွင့်မဟုတ်ဘဲ အစစ်အမှန်လွတ်လပ်ခွင့်ကို ဦးတည်နေသည်ဟုလည်း ယုံကြည်ရသည်။
အရပ်သား အစိုးရသစ် တက်လာပြီး နောက်ပိုင်း သမ္မတ အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ ကိုယ်တိုင် မီဒီယာများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလာခြင်း၊ ယခင်က မိုးလုံးပြည့် မုသာဝါဒဟု သမုတ်ထားသော သတင်းဌာနများဖြစ်သည့် ဘီဘီစီ၊ ဗီအိုအေ အပါအဝင် အယ်လ်ဂျာဇီးရာ၊ The Wall Street journal ကဲ့သို့သော နိုင်ငံခြား သတင်းဌာနများကို ပြည်ဝင်ခွင့် ဗီဇာပေး၍ သတင်း ယူခွင့်ပေးခြင်း၊ အင်တာဗျူးပေးခြင်းများကို ပြုလုပ်လာသည်။
နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ကိုယ်တိုင်က မီဒီယာကို အလေးထားကြောင်းနှင့် မီဒီယာ၏ မှန်ကန်သည့် ဆောင်ရွက်မှုအားများသည် တိုင်းပြည်အတွက် ဖြစ်ရမည်ဟု ပြောဆို မှုများလည်း ရှိလာသည်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး အာဏာ သုံးရပ် ခွဲဝေကျင့်သုံးသည့် နေရာတွင်လည်း မီဒီယာက သူ့ပုံစံနှင့်သူ ထိန်းကျောင်း ပေးရန်လိုအပ်သည်ဟုပင် ဆိုသည်။
သို့သော် အစိုးရတာဝန်ရှိသူများအနေဖြင့် မီဒီယာများနှင့် ဆက်ဆံမှု နည်းပါးသည်ဟုဆိုရာတွင် လူပုဂ္ဂိုလ် တဦးချင်း အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်သောကြောင့် အချိန်ယူရမည်ဖြစ်ကြောင်းလည်း ဦးရွှေမန်းကပြော သည်။
မည်သို့ပင်ဖြစ်စေ ထိုပြောဆိုချက်များအပေါ် မီဒီယာသမားများအနေဖြင့် ကြိုဆိုရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာ လကုန်ပိုင်းက လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ ခရီးစဉ်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးရွှေမန်းက သတင်းထောက်များကို ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ပြီးခဲ့သည့်လ အနည်းငယ်က မျက်နှာဖုံးတွင် အပြည့် ဖော်ပြခဲ့သော ဂျာနယ်တစောင်ကို စိစစ် ရေးက ခွင့်ပြုသည့် ပမာဏထက် ပုံကြီးချဲ့ဖော်ပြခဲ့သည်ဟုဆိုကာ ထုတ်ဝေခွင့်၂ ပတ်ပိတ်ခဲ့မှုမျိုး ရှိခဲ့သော်လည်း မစ္စ ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု သတင်းနှင့် ဓာတ်ပုံများကိုမူ အပတ်စဉ်ထုတ် ဂျာနယ်များ၏ မျက်နှာဖုံးတွင် ဖော်ပြခွင့်ပြုခဲ့သည်။
သို့သော် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲသတင်းများ၊ ဒုက္ခသည် သတင်းများ၊ အစိုးရကို ထိခိုက်စေမည့် သတင်းများ၊ တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်စေနိုင်မည့် သတင်းများကို ပုဂ္ဂလိက သတင်းမီဒီယာများ၌ဖော်ပြရာတွင် ယခုအထိ စိစစ်ဖြတ် တောက်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း၌ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန အကြီးအကဲတဦးဖြစ်သည့် ဦးတင့်ဆွေက ယခုခေတ်တွင် စာမူများကို ကြိုတင်စိစစ်သည့် ဌာနမျိုး မရှိသင့်ကြောင်း၊ ရှေ့အနာဂတ်တွင်လည်း အစိုးရသစ်၏ စနစ်အရ မလိုအပ်တော့ ဟု ယုံကြည်ကြောင်း ပြောခဲ့ဖူးသည်။
ထို့ကြောင့် စာပေစိစစ်ရေးဌာန၏ မူဝါဒ တိကျမှု မရှိခြင်းနှင့် ထိန်းချုပ်မှုများအပေါ် ဝေဖန်ထောက်ပြမှုများလည်း ရှိနေဆဲဖြစ်သည်။
ယခင်ကာလများနှင့် နှိုင်းယှဉ်လျှင် မီဒီယာများအပေါ် တင်းကျပ်မှုများကို များစွာလျှော့ချပေးမှုများ ရှိနေသည်ကတော့ အမှန်ပင်ဖြစ် သည်။
ဒီဇင်ဘာ ပထမပတ်အတွင်းက မှုခင်းနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်း ၅၀ ကျော်ကို စာပေစိစစ်ရေးသို့ ကြို၍ တင်ပြရန် မလိုဘဲ ထုတ်ဝေခွင့်ပြုခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ၌ ထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၂၀၀ ကျော် ရှိသည်။
ထိုသို့ ခွင့်ပြုလိုက်သော်လည်း တဖက်တွင် ပိုမိုတာဝန်ယူမှုများနှင့် အမှားအယွင်းရှိပါက ဥပဒေကြောင်းအရ တရားရင်ဆိုင်ရမှုများ၊ အရေးယူမှုများလည်း ကြုံရန်ရှိနေသည်။
မကြာသေးခင်ကလည်း ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းက ရုပ်ရှင်လောကသားများနှင့် တွေ့ဆုံရာ၌ ရုပ်ရှင် ဗီဒီယို ကန့်သတ်ချက် ဆင်ဆာတချို့ကို လျှော့ပေးလိုက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သေးသည်။
ကန့်သတ်ချက် ၁၀ ချက်ရှိရာတွင် ၆ ချက် လျှော့ပေးလိုက်ကြောင်းနှင့် ကျန် ၄ ချက်မှာ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားယဉ်ကျေးမှု ဆိုင်ရာ ဝတ်စားဆင်ယင်မှုများ ဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီး ဦးကျော်ဆန်းသည် သတင်းမီဒီယာများနှင့်ပတ်သက်ပြီး ယခင်က မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဟု ကြွေးကြော်ထား သူလည်း ဖြစ်သည်။
သို့သော် သတင်းမီဒီယာ အနေနှင့် သူထမ်းဆောင်ရမည့် တာဝန်ကို ကျေပွန်ရမည်ပင်ဖြစ်သည်။ အထူးသဖြင့် ဖြစ်ရပ်မှန်၊ သတင်း အချက်အလက်အမှန်များကို ပရိသတ် ပြည်သူအများအတွက် အပြည့်စုံဆုံးနှင့် မြန်ဆန်တိကျစွာ ဖော်ပြရေးပင်ဖြစ်သည်။ ထိုသို့ ဖော်ပြရန်မှာ လွတ်လပ်ခွင့် လိုအပ်ပါသည်။
မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ယခုလဆန်းပိုင်းက ထုတ်ပြန်သည့် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် သတင်း ထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၏ အစီရင်ခံစာ၌ မြန်မာပြည်သည် သတင်းထောက်ဖမ်းဆီးထားမှု အများဆုံးနိုင်ငံများ စာရင်းတွင် အဆင့် ၄ နေရာ၌ ရှိသည်ဟု ဖောြ်ပထားသည်။
ကမ္ဘာတဝန်း ဖမ်းဆီးခံထားရဆဲ သတင်းထောက်အရေအတွက် ၁၇၉ ဦးရှိပြီး မြန်မာနိုင်ငံတွင် ၁၂ ဦး ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ မြန်မာနိုင်ငံ၏ ရှေ့တွင် အီရန်၊ အီရီထရီးယား နှင့် တရုတ်နိုင်ငံတို့ ရှိနေသည်ဟုလည်း ပါရှိသည်။
မြန်မာနိုင်ငံသည် နှစ်စဉ်ထုတ်ပြန်သည့် သတင်းသမားများကို ဖမ်းဆီးနှိပ်ကွပ်သော၊ သတင်းလွတ်လပ်ခွင့် မရှိသော စာရင်းတွင် ဖော်ပြခံနေရဆဲဖြစ်သည်။
မြန်မာပြည်တွင်းရှိ သတင်း သမားများ၏ အခြေအနေသည်လည်း လုံခြုံ စိတ်ချရသည့် အကာအကွယ် ပေးမှုလိုအပ်နေသည်မှာ အမှန်ပင် ဖြစ်သည်။
ယခု အစိုးရက မီဒီယာဥပဒေ ရေးဆွဲနေသည်ဟု ဆိုသည်။ ထို ဥပဒေသည် သတင်းသမားများအတွက် အကာအကွယ်ပေး နိုင် သော၊ သတင်းမီဒီယာ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို စနစ်တကျ ထိန်းကျောင်း ပေးနိုင်သော ဥပဒေ ဖြစ်သင့်သည်ဟု ဆိုချင်ပါသည်။ ထိုသို့ ဖြစ်ရန်လည်း တိုက်တွန်းအပ်ပါသည်။
မီဒီယာ ဥပဒေသစ်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဖော်ပြချက်များကို ဆင်ဆာ ဖြတ်တော့မည် မဟုတ်ဟူသည့် အချက်ကို သမ္မတ အကြံပေး တဦးဖြစ်သော ဦးကိုကိုလှိုင်က ထုတ်ဖော် ပြောဆိုဖူးသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသား တိုင်း ၏ အခွင့်အရေးအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုပြောဆိုချက်ကိုလည်း မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး အလေးထား ကြိုဆိုရမည် ဖြစ်သည်။
မြန်မာ သတင်းမီဒီယာ သက်တမ်းသည် ၁၈၃၆ ခုနှစ်ကထုတ်ဝေသည့် မော်လမြိုင် ခရော်နီကယ် သတင်းစာမှစတင်သတ်မှတ်လျှင် နှစ်ပေါင်း ၁၇၀ ကျော်ရှိပြီဖြစ်ပြီး သတင်းစာ ခေတ်ဦးဟု ဆိုနိုင်သည့် မင်းတုန်းမင်း ခေတ်က လွတ်လပ်ခွင့်ရှိခဲ့ပါသည်။ တိုင်းပြည် အုပ်ချုပ်သူနှင့် အစိုးရအဖွဲ့ဝင်များအပြင် မိသားစုဝင်များ၏လုပ်ရပ်များ မမှန်ကန်ပါက လွတ်လပ်စွာရေးသားခွင့် ပြုခဲ့ပြီး နန်းရင်ပြင်နှင့် အစိုးရဌာနဆိုင်ရာများသို့လည်း သတင်းစာ ဆရာများကို လွတ်လပ်စွာ သွားလာဝင်ထွက်ခွင့်ပြုထားခဲ့သည်။ သတင်း မီဒီယာ ကို အစိုးရက ထိန်းချုပ်ကန့်သတ်မှု မပြုခဲ့ခြင်းပင် ဖြစ်သည်။
သတင်း မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ တတိယမြောက် သမ္မတ သောမတ်စ် ဂျက်ဖာဆင်ကလည်း သတင်းစာ မရှိသည့် အစိုးရနှင့် အစိုးရ မရှိသည့် သတင်းစာ မည်သည်ကို ရွေးချယ်မည်နည်းဟု ဆိုလာပါက အစိုးရ မရှိသည့် သတင်းစာကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ပြောဆို ခဲ့ဖူးသည်။
မြန်မာသတင်း မီဒီယာ သမားများအနေနှင့်လည်း သောမတ်စ် ဂျက်ဖာဆင်နှင့် သဘောထား ထပ်တူရှိပါသည်။
ထို့ကြောင့် လက်ရှိ အစိုးရအာဏာပိုင်းများက မီဒီယာ လွတ်လပ်ခွင့် နှင့် ပတ်သက်ပြီး ကျင့်သုံး အကောင်အထည်ဖော်နေသည့် ခြေ လှမ်းများကို နောက်ပြန်မလှည့်ဘဲ ရှေ့သို့ ဆက်လှမ်းရန် တိုက်တွန်းလိုက်ရ ပါသည်။