ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်များ ကျမ်းကျိန်ခြင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းရေး လမ်းစအဖြစ် ပြည်တွင်းမှရော နိုင်ငံတကာကပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ ကျမ်းကျိန်စာသား ပြောင်းလဲရေး လိပ်ခဲတည်းလည်းပြဿနာတွင် NLD က အလျှော့ပေးလိုက်ပြီးနောက် ပင်နီနှင့် ခွပ်ဒေါင်းတို့ကို လွှတ်တော်ထဲတွင် မြင်တွေ့ခဲ့ရပြီဖြစ်သည်။
လွှတ်တော်တက်ရခြင်းအပေါ် စိတ်လှုပ်ရှားခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း အဖြူအစိမ်း ကြံ့ခိုင်ရေးအမတ်များ၊ အစိမ်းရောင် စစ်ဝတ်စုံများအကြားတွင် သိသာပေါ်လွင်လျက်ရှိသည့် တကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေရသော အတိုက်အခံ ခေါင်းဆောင်တဦးနှင့် NLD အမတ်များ၏ သတင်းမှာ လူအများ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့သည်။
နေပြည်တော်မှ ပြုပြင်ပြောင်းလဲရေးဂိုဏ်းသား မဟာဗျူဟာသမားများကမူ အစိုးရ ချိန်ခွင်လျှာသစ် စတော့မည်ဟု မျှော်လင့်နေကြသည်။ နိုင်ငံ့ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ချိန်ခွင်လျှာ ညီမျှစွာ အာဏာနိုင်ငံရေးကို ဦးစီးဦးဆောင် ပြုလာနိုင်မည်ဟု တွက်ဆကြသည်။
လွှတ်တော်များအတွင်း နိုင်ငံအကျိုးရှေးရှုသည့် မူဝါဒချမှတ်ရေး၊ ယင်းမူဝါဒကို အကောင်အထည်ဖော်မည့် စီမံခန့်ခွဲမှုတွင် လစ်ဟာမှု မရှိစေရန် စွမ်းရည်ထက်မြက်ရေးတို့အတွက် တွန်းအားပေးရန် ယင်းချိန်ခွင်လျှာသစ်က တာဝန်ယူနိုင်မည်။
မလိုအပ်သည့် ဥပဒေများကို ဖယ်ရှားရေး၊ ဟောင်းနွမ်းကြာမြင့်နေသည့် ဥပဒေများကို ခေတ်နှင့် လျော်ညီလာစေရန် ပြင်ဆင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတား ဖြစ်စေမည့် ပြဋ္ဌာန်းချက်များကို ရုပ်သိမ်းရေးတွင်လည်း ချိန်ခွင်လျှာသစ်က အကောင်အထည် ဖော်နိုင်မည်ဟု နေပြည်တော်မှ မဟာဗျူဟာသမားများက မြင်နေကြသည်။
တကယ်တမ်းတွင်လည်း NLD အနေဖြင့် တက်ကြွပြီး စည်းရုံးရေးကောင်းသော ပါတီတရပ်အနေဖြင့် လွှတ်တော်တွင်း၌ လက်ရှိ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အစိုးရအားနည်းချက်များကို ဝေဖန်ထောက်ပြနိုင်စွမ်း ရှိနေပေသည်။ တိုင်းပြည်နှင့် လူမျိုး အကျိုးကို ရှေးရှု၍ ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဆန္ဒရှိသည့် လွှတ်တော် ကိုယ်စားလှယ်များကိုလည်း NLD က စည်းရုံး လက်တွဲခေါ်နိုင်ပေမည်။
ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် မျက်နှာငယ် နိမ့်ကျနေသည့် မြန်မာ့လူမှုဘဝအတွက် တိုင်းကျိုးပြည်ပြု လွှတ်တော်၊ ကောင်းမွန်ထက်မြက်သည့် အစိုးရယန္တယားတို့ လိုအပ်သည့်အပြင် လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများက အားကောင်းကောင်းနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လိုအပ်သောကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ပြင်ပ နိုင်ငံရေးကိုပါ တပြိုင်တည်း ဆောင်ရွက်မည်ဟု ဆိုသဖြင့် နိုင်ငံ့ကောင်းကျိုးအတွက် များစွာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ဧရာဝတီက ယုံကြည်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတွင်သာမက ကမ္ဘာတွင်လည်း နိုင်ငံရေးသြဇာရှိသူ၊ မဲဆန္ဒရှင် ပြည်သူလူထု၏ လေးစားယုံကြည်မှု ခံရသူဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ယင်းအားသာချက်တို့ကို ကိုင်စွဲ၍ လွှတ်တော်များအတွင်းရှိ စစ်တပ်ကိုယ်စားလှယ်၊ ကြံ့ခိုင်ရေးအမတ်များကို ထိန်းကျောင်းနိုင်မည့် ဒီမိုကရက်တစ် နိုင်ငံရေး ခေါင်းဆောင်အဖြစ် ပြည်တွင်းပြည်ပရှိ လူအများက ကြီးစွာမျှော်လင့်နေကြသည်။ ထိုမျှော်လင့်ချက်သည်ပင် ၂၀၁၅ ရွေးကောက်ပွဲနှင့် ယင်းရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး လမ်းပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အတွက် ကြီးစွာသော ပုခုံးထမ်းတာဝန် ဖြစ်ပါတော့သည်။