လာမည့် ဇူလိုင်လ ၇ ရက်နေ့၌ မြန်မာ့သမိုင်းတွင် အရေးပါသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရသည့် နှစ် ၅၀ ပြည့်မည်ဖြစ်သည်။ ယင်းကာလနှင့် တိုက်ဆိုင်စွာပင် ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးနှင့် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ရေးတို့အတွက် သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်၏ အိတ်ဖွင့်ပေးစာ ပေါ်ထွက်လာသည်။
ဒေါက်တာ ဦးမြင့်၏ ပေးစာတွင် ရန်ကုန်တက္ကသိုလ်ကို ဧရာဝတီမြစ်နှင့် နှိုင်းယှဉ်ထားပြီး အမျိုးသားအမွေအနှစ်နှင့် အနာဂတ် မျိုးဆက်အတွက် အရေးပါကြောင်း ဖော်ပြထားသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသော ပညာရေးကဏ္ဍကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်သည် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့အတွက် ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အမျိုးသားပညာရေး အဆင့်အတန်း မြင့်မားခဲ့ပြီး အာရှတွင် ရန်ကုန်တက္ကသိုလ်သည် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး တက္ကသိုလ်တခုဖြစ်ခဲ့ကြောင်း ဒေါက်တာ ဦးမြင့်က ထောက်ပြနိုးဆော်ထားသည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပညာရေးစနစ်အပေါ် စစ်အာဏာရှင်ဝါဒ လွှမ်းမိုးခဲ့ပြီး ပညာရေးလွတ်လပ်ခွင့် ဆုံးရှုံးမှုနှင့်အတူ မြန်မာ့လွတ်လပ်ရေးသမိုင်းအတွက် အရေးပါသော ကျောင်းသားသမဂ္ဂ အဆောက်အအုံလည်း ဗုံးခွဲဖျက်ဆီးခံရကာ အာဏာပိုင်များနှင့် ကျောင်းသားများအကြား ဆက်ဆံရေး စေ့စပ်မရ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
အာဏာရှင် အုပ်စိုးသည့် ခေတ်တလျှောက် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် လွတ်လပ်သော အမျိုးသားပညာရေး တည်ဆောက်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ မပြတ်ဖြစ်ပွားခဲ့ကာ သွေးထွက်သံယို နှိမ်နင်းမှုများဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
၁၉၈၈ တွင် ကျောင်းသားများ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှု နိုင်ငံတဝန်းလုံးသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ ထိုစဉ်က သမ္မတ ဒေါက်တာ မောင်မောင်က ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် သဘောတူခဲ့သော်လည်း စစ်တပ်က အာဏာဆက်သိမ်းသည့်အတွက် ကျောင်းသားခေါင်းဆောင်များ ထောင်ကျသူကျ၊ ထွက်ပြေးသူ ထွက်ပြေးပြီး ကျောင်းထုတ်ခံရသူလည်း ခံခဲ့ရသည်။
ယခင်စစ်အစိုးရက တက္ကသိုလ်ကျောင်းသားများကို လူစုခွဲထားသည့်အနေဖြင့် တက္ကသိုလ်များကို မြို့ပြင်များ၌ အသစ်ဆောက်လုပ်စေခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ အစဉ်အလာရှိသည့် ရန်ကုန်တက္ကသိုလ်၏ ရင်ခွင်နှင့် ဝေးကွာခဲ့ကြသည်။ အမျိုးသားပညာရေးစနစ်လည်း နိုင်ငံချွတ်ခြုံကျလာမှုနှင့်အတူ နာလန်ပြန်မထူတော့ပေ။
ယခု သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် နိုင်ငံ့စီးပွားပြန်လည်ခေါင်းထောင်လာရေး ပူးပေါင်းဆောင်ရွက်နေချိန် ပညာရေးကဏ္ဍ ပြန်လည်ဦးမော့စေရန် ဒေါက်တာ ဦးမြင့်၏ တိုက်တွန်းနိုးဆော်ချက်မှာ အလွန် လိုက်ဖက်၍ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံလှသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးပိတ်ဆို့အရေးယူများ ရုပ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှုများ နှင့် နိုင်ငံတကာအကူအညီများ ပြန်လည်ဝင်ရောက်လာမည့်နည်းတူ ယင်းရေစီးကြောင်းတွင် လူငယ်များပါဝင်နိုင်ရေးနှင့် ရေရှည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အရည်အသွေး မြှင့်တင်ရေးသည်လည်း အလွန်အရေးကြီးသည်။ အပြောင်းအလဲအတွက် တွန်းအားအဖြစ် လာရောက်ဝိုင်းဝန်း အားဖြည့်ရန် နိုင်ငံတကာရောက် မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း ဆန္ဒပြင်းပြနေကြသည်။
ထို့ကြောင့် ကျောင်းသား၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ အစိုးရ၊ နိုင်ငံတကာ အလှူရှင်များ၊ ပြည်တွင်း ပြည်ပရှိ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ စသည့် သက်ဆိုင်သူများ အားလုံး အတူပူးပေါင်းပြီး အမျိုးသားပညာရေး ပြန်လည် ထူမတ်လာနိုင်ရေး ဦးတည်သည့် နှီးနှောဖလှယ်ပွဲများ မကြာမီ ကျင်းပနိုင်လာမည်ဟု မျှော်လင့်ပါသည်။
ခေတ်မီပညာရေးစနစ်တွင် အခြေခံထားရမည့် ကျောင်းသားအခြေပြု ချဉ်းကပ်မှုကိုလည်း ဒေါက်တာ ဦးမြင့်၏ ပေးစာ၌ တွေ့ရသည်။ ယင်းမှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ရေးနှင့် လွတ်လပ်ပြီး ခေတ်မီသော ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ဖြစ်သည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထု၏ အလှူအားဖြင့်သာ တည်ဆောက်သင့်ကြောင်း၊ ပစ္စည်းကိရိယာကောင်းများ တပ်ဆက်ထားပြီး ခေတ်မီသော ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်သည် မြန်မာပြည်သူများက လူငယ်များကို ပေးသည့် လက်ဆောင်ဖြစ်သင့်ကြောင်း ဒေါက်တာ ဦးမြင့်က ဆိုထားသည်။
ယင်းသို့သာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက ကျောင်းသားသမဂ္ဂ အဆောက်အဦသစ်သည် အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး အထိမ်းအမှတ်ဖြစ်လာပေမည်။
ဒီမိုကရေစီအရေး ပေးဆပ်လုပ်ဆောင်ခဲ့ကြသော ကျောင်းသားကျောင်းသူများ၏ ကြွေးကြော်ချက်အတိုင်း ကျောင်းနံရံတဝိုက် ဒေါင်းအလံ ပြန်စိုက်နိုင်မည့်ကာလ မဝေးတော့ဟု မျှော်လင့်ပါသည်။