လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒပြမှုများ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် ဆက်တိုက် ဖြစ်ပေါ်နေချိန်၌ အစိုးရ သတင်းစာများတွင် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မီးလုံလောက်စွာ မပေးနိုင်တော့ကြောင်း ပြည်သူလူထုထံ မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။
လျှပ်စစ်မီး လုံလောက်စွာ မပေးနိုင်ခြင်းသည် နှစ်ပေါင်းများစွာ နာတာရှည်ဖြစ်လာခဲ့သည်။ ယခုလည်း နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ တချို့နှင့် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံ အလုပ်ရုံများကို လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်ထားပြီး လူနေ ရပ်ကွက်များကို တနေ့ ၆ နာရီ အလှည့်ကျ မီးပေးရန်သာ ဖြစ်လာခဲ့ပြန်သည်။
နွေရာသီကာလ ဖြစ်၍ ဆည်ရေများ နည်းပါးနေသည့် အတွက် ဓာတ်အား ထုတ်လုပ်မှု ပမာဏလျော့ကျနေခြင်းကြောင့် ပြည်သူ လူထုထုထံ အုပ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီး ခွဲဝေပေးနေရကြောင်း၊ ထို့အတူ ရွှေလီ-မန်စီ ကေဗီ ဓာတ်အားလိုင်း၏ တာဝါတိုင် ၄ ခု အား မိုင်းခွဲခံလိုက်ရသဖြင့် ဓာတ်အား ထုတ်လုပ်မှု ပမာဏ လျော့ကျသွားကြောင်း လျှပ်စစ်ဝန်ကြီး ဌာနက ဆိုထားသော်လည်း အသေးစိတ်လေ့လာ၍ ယခင် ထုတ်ပြန်ကြေညာချက် များနှင့် နှိုင်းယှဉ်ပါက အဖြေတမျိုးရလာမည် ဖြစ်သည်။
တနိုင်ငံလုံး၌ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား အများစုသည် ရေအားမှ ထုတ်လုပ်ခြင်းဖြစ်သော်လည်း နှစ်ပတ်လည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တည်ငြိမ်စေရန် ထိန်းထားနိုင်ရေး မစီမံနိုင်ကြောင်း ဦးစွာတွေ့ရသည်။ လျှပ်စစ်ဓာတ်အားထုတ် စက်ရုံများမှာ ရေများသော မိုးတွင်းတွင်သာ လိုအပ်ချက်ပြည့်မီရန် ထုတ်နိုင်သည်ဟုဆိုသောကြောင့် ရေနည်းသောကာလ နွေရာသီအတွက် ဆည်ထဲတွင် ရေကို တွက်ချက်ကာ သိုလှောင် မထားနိုင်၍လော၊ သို့တည်းမဟုတ် နည်းပညာနှင့် စက်ပစ္စည်း အရည်အသွေးမမီ၍လော။
ဆန္ဒပြသူများ ထောက်ပြပြောဆိုကြသလို မြန်မာ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ချိမှု စီမံကိန်းများသည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လိုအပ်ချက်ကို ဖြည့်တင်းရန် မရည်ရွယ်ဘဲ တိုင်းတပါးသို့ ရောင်းရန်အတွက်သာ ဖြစ်နေခြင်းသည်လည်း အကြောင်းတရပ်ဖြစ်သည်။ ၂၀၁၁ ခု ဇန်နဝါရီလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးမှ ကိန်းဂဏန်းများ အရမူ လက်ရှိဓာတ်အားပေးစက်ရုံ ၃၂ ရုံမှ မဂ္ဂါဝပ် ၃ ထောင်ကျော် ထုတ်နေနိုင်ကြောင်း သိရသဖြင့် လျှပ်စစ်သုံးစွဲမှု အများဆုံး ပမာဏမှာ ၁၈၅၀ မဂ္ဂါဝပ်သာရှိသောကြောင့် ကျန်ပိုနေသည့် လျှပ်စစ်ဓာတ်အားများကို ရောင်းထုတ်နေကြောင်း အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ပြောဆိုထားပြီးဖြစ်သည်။
မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါး၏ အဆိုအရ ဆောက်လုပ်ဆဲ ဓာတ်အားပေးစက်ရုံ ၆၁ ရုံရှိပြီး မဂ္ဂါဝပ် ၄ သောင်းကျော် ထုတ်ရန်ပင် စီမံကိန်းချ လုပ်ဆောင်နေကြောင်း ဆိုထားသော်လည်း အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင်မူ ယင်းကိန်းဂဏန်းများ မတွေ့ရတော့ပေ။ အဆိုပါစီမံကိန်းများ ဆက်လက်တည်ဆောက်ဆဲလား၊ မည်သည့် အချိန်တွင် ပြီးမည်နည်း၊ ပေါ်ထွက်လာမည့် အကျိုးရလဒ်က နိုင်ငံ့လိုအပ်ချက် ဖြည့်ရန်လား၊ သို့တည်းမဟုတ် ယခင်အတိုင်း ရောင်းစားရန် သက်သက်မျှလား ဆိုသည့်မေးခွန်းများ မေးစရာ ရှိနေသည်။
ယခု နိုင်ငံကို ဖြတ်ပြီး ဆောက်လုပ်နေသော ဓာတ်ငွေ့ပိုက်လိုင်းသည်လည်း နိုင်ငံ့စွမ်းအင် လိုအပ်ချက်အတွက် ဖြည့်ဆည်းရန် မဟုတ်ပေ။
နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများနှင့် ရန်ကုန်တိုင်း အတွင်းရှိ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများကို လျှပ်စစ်ဓာတ်အား လုံး၀ ဖြတ်တောက် လိုက်ရသည်မှာ နိုင်ငံ့ကုန်ထုတ်လုပ်ရေးနှင့် ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးစွာသော အနှောင့်အယှက် ဖြစ်ရသည်သာမက ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်း၍ စိတ်ဝင်စားနေသော ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုလည်း နောက်တွန့် သွားစေမည်မှာ အမှန်ပင်။
ယခုမှ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ ကုမ္ပဏီများနှင့် ရန်ကုန်မြို့ အနီးတွင် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ၊ မဂ္ဂါဝပ် ၆၀၀ ထုတ်မည့် ကျောက်မီးသွေး စွမ်းအင် ဓာတ်အားပေး စက်ရုံ နှင့် မဂ္ဂါဝပ် ၅၀၀ ထုတ် သဘာဝဓာတ်ငွေ့ စွမ်းအင် လျှပ်စစ်ဓာတ်အား စက်ရုံများ တည်ဆောက်ရန် အပူတပြင်း စီမံနေသည်မှာ ကောင်းမွန် သော်လည်း နောက်ကျလွန်းနေပြီး ဖုတ်ပူမီးတိုက် ပြင်ဆင်မှုဖြစ်ကြောင်း ပေါ်လွင် လွန်းလှသည်။
မည်သို့ဆိုစေ၊ မြန်မာပြည် တနံတလျား လျှပ်စစ်မီးလုံလောက်စွာ ရရှိရန် ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင် အကြီးအကျယ် မထိခိုက်စေဘဲ ရေရှည်အလုပ်ဖြစ်မည့် မူဝါဒ၊ ဗျူဟာ၊ စီမံကိန်းနှင့် စီမံခန့်ခွဲနိုင်မှု အရေးပေါ်လိုအပ်နေပြီဆိုသည်ကို ယခု ဆန္ဒပြ တောင်းဆိုမှုများက မီးမောင်းထိုးပြနေသည်။
ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ အပါအဝင် နိုင်ငံသားများ၏ နေ့စဉ်ဘဝ အခြေခံလိုအပ်ချက်များကို လှည့်မကြည့် ခဲ့သော စစ်အုပ်ချုပ်ရေး စနစ်ဆိုး၏ အမွေကို ချန်ထားရစ်ခဲ့ပြီး နိုင်ငံသားတို့၏ နေ့စဉ်ဘဝ သက်သာချောင်ချိရေး ရှေးရှု ဆောင်ရွက် မှသာ သမ္မတဦးသိန်းစိန်၏ လမ်းညွန်ချက်ဖြစ်သည့် “ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသည်မှာ အမှန်တကယ် အဓိပ္ပာယ် ရှိလာလိမ့်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။