အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ ရက်နေ့ ရန်ကုန်မြို့၌ အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့် တွေ့ဆုံပြီးနောက် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် မိန့်ခွန်းပြောရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ရောက်ရှိလာမည်ဖြစ်သည်။
ဤခရီးစဉ်သည် လာမည့်ဇွန်လထဲ၌ ငြိမ်းချမ်းရေး နိုဘဲလ်ဆုနှင့် ဆာခါရော့ဗ်ဆုများ လက်ခံယူရန် နော်ဝေ၊ အိုင်ယာလန်၊ ဆွစ်ဇာလန် နိုင်ငံများသို့ မသွားမီ ရှေ့ပြေးခရီးစဉ်ဖြစ်သကဲ့သို့ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်၍ နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် မြန်မာ့အရေးစိတ်ဝင်စားသူများက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့သော သတင်းစကား သယ်ဆောင်လာမည်ကို အထူးစိတ်ဝင်စားနေကြသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နမိတ် မိုင် ၁၄၀၀ ကျော် ထိစပ်နေပြီး မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ အများဆုံးပြုလုပ်သည့် နိုင်ငံတနိုင်ငံဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ စစ်ပြေးဒုက္ခသည်များအပြင် ရိုဟင်ဂျာများအထိ လာရောက်ခိုလှုံသူများကို လက်ခံထားသည်သာမက ရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီ၍ အလုပ်လုပ်ရာ နိုင်ငံလည်း ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံကြား နိုင်ငံရေး၊ လူမှုစီးပွားရေးတို့အတွက် အလွန်အရေးပါသော ခရီးစဉ်တခုဖြစ်ပေလိမ့်မည်။
ဧရာဝတီက ရရှိထားသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် မိန့်ခွန်းပြောမည့်အပြင် ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း၊ မယ်လဒုက္ခသည်စခန်းများသို့လည်း သွားရောက်မည်ဟု သိရသဖြင့် ဘန်ကောက်ရှိ ထိပ်တန်း နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများနှင့် သံတမန် အသိုင်းအဝိုင်းကြားတွင်သာ အချိန်မကုန်ဘဲ မြန်မာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့ကြောင့် ဖြစ်ပေါ်လာသည့် မြန်မာဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများ အရေးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က မမေ့မလျော့ ရှိသည်မှာ ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။
တကယ်တမ်းတွင်လည်း ၁၉၈၈ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုင်းအစိုးရက မျက်နှာသာ မပေးခဲ့သည့်တိုင် ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများသည် ထိုင်း လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေး၊ ဒုက္ခသည်များအရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်အရေးမှသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအထိ တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
ယနေ့ကာလ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလတွင် တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ပြည်ပရောက် အသိပညာရှင် အတတ်ပညာရှင် မြန်မာများကို ဖိတ်ခေါ်နေချိန်ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ယုံကြည်ချက်ဖြင့် ဘဝကို စွန့်လွှတ်လုပ်ကိုင်ခဲ့ကြသော ပြည်ပအခြေစိုက် ဒီမိုကရေစီလှုပ်ရှားသူများကမူ သူတို့ကို မေ့ထားခဲ့ပြီလော၊ ပစ်ပယ်လိုက်ကြပြီလောဟု ခံစားလာနေကြရသည်။ ၎င်းတို့၏ စူးစိုက်လုပ်ဆောင်ခဲ့မှုများကို အသိအမှတ်ပြုခြင်း မခံရဟု တွေးထင်လာနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိ၏ ပထမဦးဆုံး လူမည်းသမ္မတကြီး နယ်လ်ဆင် မင်ဒဲလားနှင့် တတန်းတည်းထား၍ နိုင်ငံတကာနှင့် မြန်မာ အသိုင်းအဝိုင်းက လေးစားတန်ဖိုးထားကြသည်။ အကျဉ်းစံဘဝမှ လွတ်မြောက်ပြီး ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် ၁၉၉၀ တွင် တောင်အာဖရိက လွတ်မြောက်ရေး အဖွဲ့ဝင်များ အခြေချသည့် ဇမ်ဘီယာနိုင်ငံသို့ ခရီးထွက်စဉ် မစ္စတာ မင်ဒဲလားက သူအကျဉ်းကျခံနေရစဉ်အတွင်း တောင်အာဖရိက လွတ်မြောက်ရေးအတွက် လှုပ်ရှားသူ သူ၏သူရဲဘော်ရဲဘက်များကို “သူရဲကောင်းများ” ဟု ချီးကျူးဂုဏ်ပြုခဲ့ဖူးသည်။
ယခုလည်း ပြည်ပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့များ အများဆုံး အခြေစိုက်ရာ ထိုင်းနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ဒီမိုကရေစီ လှုပ်ရှားသူများ၏ ပေးဆပ်ရင်းနှီးခဲ့မှုများကို မည်သို့ အသိအမှတ်ပြုမည်၊ နိုင်ငံထူထောင်ရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်ရေး မည်သို့ အားပေးမည်ကို စိတ်လှုပ်ရှားဖွယ် စောင့်စားနေကြကြောင်း တင်ပြအပ်ပေသည်။