မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်သည် ပြည်တွင်းပြည်ပမှ မြန်မာများကို ကမ္ဘာ့အလယ်တွင် ပြန်လည် ဂုဏ်တက် ထည်ဝါစေသည့် ခရီးစဉ် ဖြစ်သည်။
ဇွန်လ ၁၆ ရက်နေ့က နိုဘဲလ် ဆုချီးမြှင့်ပွဲသတင်း တိုက်ရိုက်ထုတ်လွှင့်ချက်ကို ကြည့်ရှုရင်း မြန်မာပြည်သား အများစု ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရသည်။ မြန်မာပြည်ကို ကိုယ်စားပြုသည့် နိုင်ငံရေးခေါင်းဆောင် အမျိုးသမီးကြီးက ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူရုံမက ကမ္ဘာအရပ်ရပ်က နားထောင်ကြည့်ရှု နေသူ များကိုပါ ၎င်း၏ နိုဘဲလ် မိန့်ခွန်းဖြင့် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တို့၏ အရည်အချင်းကို ပြသသွားခဲ့သည်။
အင်တာနက် လူမှုကွန်ယက် facebook စာမျက်နှာများ၊ နိုင်ငံတကာ သတင်းစာများ၊ အာဆီယံ နိုင်ငံများ၏ သတင်းစာ များတွင်ပါ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ် သတင်းကို ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဖော်ပြထားကြသည်။
သို့သော်လည်း မြန်မာပြည်သားများ ဘဝင်မကျ၊ စိတ်မကောင်း ဖြစ်ရသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို မြန်မာအစိုးရပိုင် မီဒီယာများတွင် ဖော်ပြမှု မရှိခြင်း ဖြစ်သည်။
အစိုးရအဖွဲ့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တခြားသော မြန်မာနိုင်ငံသားများ ကဲ့သို့ ဝမ်းမြောက်ခြင်း၊ ဂုဏ်ယူခြင်း မရှိသောကြောင့်လား၊ ဒေါ်အောင်ဆန်းစုကြည် သတင်းကို မဖော်ပြသည့် ရည်ရွယ်ချက်ကို မေးခွန်းထုတ်စရာ ရှိနေပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်မတိုင်ခင်က ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်ခဲ့ပြီး ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် မိန့်ခွန်းပြောခဲ့ရုံမက ရွှေ့ပြောင်းအလုပ်သမား များကိုရော၊ ဒုက္ခသည် များကိုပါ သွားရောက် တွေ့ဆုံ စကားပြောခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးစဉ်အပြီး ထိုင်းအစိုးရက ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမား များ၏ လုပ်ခလစာကို တိုးမြှင့် သတ်မှတ်ပေးခဲ့သည်အထိ အကျိုးသက်ရောက်မှု ရှိခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးစဉ်ကြောင့် ၎င်းနှင့် သမ္မတဦးသိန်းစိန်တို့ အကြား ဆက်ဆံရေး အနည်းငယ် အထစ်အငေါ့ ဖြစ်ခဲ့သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဦးသိန်းစိန် တက်ရောက်ရန် ရည်ရွယ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမှ ပြန်လာခဲ့ပြီး နောက်တွင် သမ္မတက ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်ကို ပြည်တွင်း ပဋိပက္ခများ အကြောင်းပြု၍ ရွှေ့ဆိုင်းခဲ့သည့်အပေါ် လေ့လာသူများက ထောက်ပြကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက် ခရီးစဉ်နှင့် ဥရောပခရီးစဉ်အကြား ရခိုင်ပြည်၌ ပြဿနာမီးပွား ဖြစ်ပေါ်စေခဲ့သည်။
ရခိုင်ပြည်ပဋိပက္ခ ကျယ်ပြန့်လာရခြင်း၏ နောက်ကွယ်တွင် နောက်ပြန်လှည့် လိုသူများ၏ ပယောဂများ မကင်းဟု ဝေဖန်သုံးသပ်မှုများ ရှိခဲ့ပြီး စစ်တပ်၏ အခန်းကဏ္ဍ ပြန်လည် ပါဝင်လာသောကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများ အတွက် အကြပ်ဆိုက်မည်ကိုလည်း စိုးရိမ် ခဲ့ကြသည်။
ရခိုင်ပြည်နယ် ပဋိပက္ခကို တနိုင်ငံလုံး အတိုင်းအတာ အဓိကရုဏ်းအထိ မဖြစ်ရလေအောင် သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေညာ၍ ထိန်းသိမ်းနိုင်လိုက် သောကြောင့်သာ တနိုင်ငံလုံးကို လောင်မီး မပြန့်ပွားခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ မှောင်မိုက်ခဲ့သော မြန်မာပြည်တွင် ယခုအခါမှ အလင်းရောင်ငယ်လေး တစကို စတင် မြင်ရခါစ ဖြစ်သည်။ ထိုအလင်းရောင်မှာလည်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်ခဲ့မှု၏ ရလဒ်ကြောင့် ဖြစ်သည်။ ထို အလင်းစက်ကလေး မပျောက်သွားရန် ၎င်းတို့နှစ်ဦး ဆက်လက် ညီညွတ်ရန် လိုအပ်သည်။
ယခုလက်ရှိ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အခင်းအကျင်းများအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဥရောပ နိုင်ငံများ အပါအဝင် နိုင်ငံကြီး အသီးသီး အပေါ်တွင် သြဇာသက်ရောက်မှု အရှိန်အဝါ ကြီးမားနေသည်ကို ငြင်းဆို၍ မရနိုင်ပါ။ စစ်မှန်သော ပတ္တမြား နံွနစ်ရိုး ထုံးစံမရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် မည်သည့် နွံအညစ်အကြေးနှင့် ဖုံးကွယ်၍ မရနိုင်သည်ကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် အသိအမှတ် ပြုရပေလိမ့်မည်။
တိုင်းပြည်ပြုပြင် ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများတွင် ဦးသိန်းစိန် အစိုးရက ဒေါ်အောင်ဆန်းစုကြည် အားကို လိုသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လမ်းစဖော် လုပ်ကိုင် နေမှုများကို အပြုသဘော ချီးကျူးအားပေးပြီး အရှိန်ကောင်းနှင့် ဆက်လက်ဖော်ဆောင်ရန် ကူညီရပေမည်။
ယခု အချိန်သည် နောက်ကို ပြန်လှည့်သွားနိုင်သေးသော အချိန်ဖြစ်သောကြောင့် အရေးကြီးသော ကာလဟု သုံးသပ် မိပါသည်။ သန်း ၆၀ သော ပြည်သူပြည်သားတို့ အတွက် စေတနာရှိရှိ အလုပ်လုပ်နေသော တိုင်းပြည်ခေါင်းဆောင်များ ဆိုလျှင် ယခုအချိန်က ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကျောခြင်းကပ်၍ တိုင်းပြည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် စီးပွားရေး တိုးတက်မှု ရရှိရန် လုပ်ဆောင်ရမည့် အချိန်ကောင်းဟု ဧရာဝတီက ယုံကြည်ပါသည်။