ဂျာနယ်နှစ်စောင်ကို ရက်အကန့်အသတ် မရှိ ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သည့် စာပေစိစစ်ရေး၏ လုပ်ရပ်သည် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် သမ္မတ ဦးသိန်းစိန် ဦးစီးဦးဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို မျက်နှာဖျက်လိုက်ခြင်း ဖြစ်ပြီး ပေါ်ထွန်းစ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက်လည်း မိုးမှောင်ကျခြင်းပင် ဖြစ်သည်။
The Voice ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း ခေါ်ပြောခြင်း အပါအဝင် ပြည်တွင်းထုတ် ဂျာနယ် တာဝန်ရှိသူများကို ခေါ်ယူ သတိပေးသည့် ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့က အခမ်းအနား တွင် စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက “နောက်ပြန်လှည့်ခြင်းမဟုတ်” ဟု ပြောဆိုခဲ့ ခြင်းကပင် အိုးမလုံအုံပွင့် ခြင်းပေလောဟု မေးစရာ ဖြစ်နေသည်။
ဂျာနယ်နှစ်စောင်ကို စည်းကမ်းချက် မလိုက်နာသဖြင့် ထုတ်ဝေခွင့် ပိတ်သည်ဟု ဆိုသော်လည်း မည်သည့် စည်းကမ်းချက်ကို မည်သို့ မလိုက်နာကြောင်း ဦးတင့်ဆွေက မရှင်းခဲ့ပေ။ ထိုအချက်ကြောင့် သတင်းမီဒီယာ များအပေါ် ပြန်ကြားရေး ဝန်ကြီး ဌာန၏ တရားလက်လွတ် အရေးယူနေမှုမှာ ပိုမို ပေါ်လွင်စေသည်။
ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ဇွန်လကုန်တွင် စာပေစိစစ်ရေး ဖျက်သိမ်းတော့မည် ဆိုသည့် စကားကို လွယ်လွယ်ပြောခဲ့ သော်လည်း သြဂုတ်လ ဆန်းသည်အထိ စာပေစိစစ်ရေးကို ဖျက်သိမ်းမည့် အရိပ်အယောင် မပြသည့်အပြင် သတင်း မီဒီယာများအပေါ် ပိုမို တင်းကျပ်သည့် အရေးယူမှုများ လက်ရှိအချိန်အထိ ပြုနေသည်က နောက်ပြန်လှည့်ခြင်း မဟုတ်လျှင် ဦးတည်ရာ လမ်းပျောက်သွားခြင်း ဖြစ်မည်။
စာပေလွတ်လပ်ခွင့် မရှိဘဲ ချည့်နဲ့နေသော စတုတ္ထမဏ္ဍိုင်နှင့် ဒီမိုကရေစီကို ဖော်ဆောင်မည် ဆိုခြင်းမှာ ဆွံ့အနားမကြား သောသူကို မော်တော်ယာဉ် မောင်းခိုင်းသကဲ့သို့ ဖြစ်နေသည်။
စာပေလွတ်လပ်ခွင့်နှင့် တာဝန်ယူမှုရှိသော၊ တာဝန်သိသော စာနယ်ဇင်းတို့ ရှိမှသာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်သူ လူထုအကြား ယုံကြည်စိတ်ချရသည့် ပေါင်းကူးမှု တည်ဆောက်နိုင် ပေလိမ့်မည်။
သို့ရာတွင် အစိုးရအဖွဲ့အတွင်း၌သာမက ပြုပြင်ပြောင်းလဲမှုကို လက်မခံလိုသူများ အကြား စာနယ်ဇင်းကို ဝါဒဖြန့်ချိရေး အတွက် အသုံးချလိုသူများ၊ ဈေးဗန်းပေါ်တင်၍ အရောင်းအဝယ် လုပ်လိုသူများ၊ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာမည့်အရေး ထိတ်လန့်နေသူများ ရှိနေနိုင်သေးသည်ကို သတိပြုရပေမည်။
တာဝန်သိ စာနယ်ဇင်းများသည် အစိုးရ ဝါဒဖြန့်ချိရေး ယန္တရား မဟုတ်၊ စီးပွားရေး သမားများ၏ ဈေးဗန်းမဟုတ်၊ အစိုးရတရပ် သွားနေသော လမ်းကြောင်း တည့်မတ်ရေးတွင် ပါဝင်အားဖြည့်သူများသာ ဖြစ်သည်။
ယခုအချိန်သည် သမ္မတ ဦးသိန်းစိန် အစိုးရက သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဆိုသည့် ဆောင်ပုဒ်နှင့် လမ်းသစ်ကို ကြိုးစား လျှောက်လှမ်းနေချိန် ဖြစ်ပြီး သမ္မတ ဦးဆောင်သော အစိုးရ၏ ပြုပြင်ပြောင်းလဲလိုမှု များကို နိုင်ငံတကာက ကြိုဆိုကာ ဝိုင်းဝန်းကူညီပံ့ပိုးရန် အသင့်ဖြစ်နေချိန်ဟုလည်း ဧရာဝတီက သဘောထားသည်။
ထို့ကြောင့် ဤအချိန်သည် မီဒီယာအနေဖြင့် အားကောင်းသော စတုတ္ထမဏ္ဍိုင်၊ ထောက်တိုင်တခုအဖြစ် တိုင်းပြည် တည်ဆောက် ရေးတွင် ပါဝင်အားဖြည့်ရန် အကောင်းဆုံး အချိန် ဖြစ်ပေရာ တိုင်းပြည် အဘက်ဘက်က တိုးတက်ပြောင်းလဲ လာမည်ကို မလိုလား ဖျက်လိုဖျက်ဆီး လုပ်ခြင်းက ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် ကံဆိုးမိုးမှောင် ကျခြင်းသာ ဖြစ်ပေတော့သည်။