၂၀၁၂ ခုနှစ် ဩဂုတ်လ ၈ ရက်သည် မြန်မာ့ ခေတ်ပေါ် နိုင်ငံရေးသမိုင်းတွင် အချိုးအကွေ့ကြီးဖြစ်သည့် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု ၂၄ နှစ် တိုင်၍ ၂၅ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်။
ရှစ်လေးလုံး လှုပ်ရှားမှုသည် စစ်အေးကာလ ပြီးဆုံးခါနီး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုများက အရှေ့ဥရောပ၊ အာရှ၊ မြောက်အမေရိကရှိ အာဏာရှင်များကို ရာဇပလ္လင်များမှ ဆင်းပေးရန် တောင်းဆို တိုက်ပွဲဝင်ကြသော ကမ္ဘ္ဘာ့နိုင်ငံရေး လှိုင်းတံပိုးကြီး၏ အစိတ်အပိုင်းဖြစ်သည်။ နိုင်ငံတော် အာဏာကို ၁၉၆၂ ခုနှစ် ကတည်းက သိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်တပ်အခြေပြု တပါတီ အာဏာရှင်စနစ်ကို လက်မခံနိုင်တော့ဘဲ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးကို အခြေခံ ကျကျ ဆောင်ရွက်ရန် တောင်းဆိုခဲ့ ကြသည့် မြန်မာ လူထု၏ နိုင်ငံရေး နိုးကြားမှုလည်း ဖြစ်သည်။
ရှစ်လေးလုံးကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်ချုပ်ရေးစနစ် တခန်း ရပ်ခဲ့ရသော်လည်း ခေတ်နောက်ပြန်ဆွဲ စစ်တပ် အင်အားသည်သာ အရာရာဟု ယုံကြည်နေသူတို့က တပ်မတော်သည်သာ အမိ၊ တပ်မတော် သည်သာ အဖဆိုသည့် ဆောင်ပုဒ်ကို တသမတ်တည်း ဆုပ်ကိုင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသသူများကို အင်အား အလွန်အကျွံသုံး နှိမ်နှင်း၍ ဒီမိုကရေစီရေး လှုပ်ရှားမှု သွေးမြေကျခဲ့ရသည်။
၁၉၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအဝှမ်း လူ ၃၀၀၀ သေဆုံးနိုင်သည်ဟု လေ့လာ စောင့်ကြည့်သူများက ဆိုသည်။ လူငယ် အများအပြား နယ်စပ်ဒေသများသို့ ထွက်ပြေးကြရပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အတိုက်အခံ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များ အပါအဝင် အများအပြားလည်း ဖမ်းဆီးထောင်ချ ခံကြရသည်။
နှစ် ၂၀ ကျော် အာဏာချုပ်ကိုင်သော အစိုးရ ထိပ်ပိုင်း အသိုင်းအဝန်းသာ ချမ်းသာ ကြွယ်ဝ နေသော်လည်း တိုင်းပြည်မှာ ပြည်တွင်းစစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှူများနှင့် ဆင်းရဲမွဲတေမှုနွံက ရုန်းမလွတ်နိုင်ဘဲ ဒေသတွင်းတွင် ခေတ် အနောက်ကျဆုံး ဖြစ်ခဲ့ရသည်။ နိုင်ငံတကာ အလယ်တွင်လည်း မျက်နှာမရ၊ လူရာမဝင် ဖြစ်ခဲ့ရသည်။
သို့ရာတွင် အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး တို့အတွက် ယခင် စစ်အစိုးရ လက်ထက် မမျှော်လင့် နိုင်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများ မကြာသေးမီ ကာလများအတွင်း ဖြစ်လာခဲ့သည်။
နှစ်ရှည် ထောင်သွင်း အကျဉ်းချထားသော နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးစကား စပြောခြင်း၊ နိုင်ငံရေး စီးပွားရေး မူဝါဒ အပြောင်းအလဲ များကို စတင် အကောင်အထည် ဖော်ခြင်းတို့ကို စစ်ဗိုလ်ချုပ်ဟောင်းမှ သမ္မတ တဖြစ်လဲ ဦးသိန်းစိန် ခေါင်းဆောင်သည့် အရပ်သားတပိုင်း အစိုးရက ပြုလုပ် ဆောင်ရွက်လာခဲ့သည်။
နှစ်ရှည် အကျဉ်းချ ခံခဲ့ရသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်ပင် ယခုအခါ လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် နေပြည်တော် အစိုးရနှင့် ပူးတွဲ ဆောင်ရွက်မှုများ လုပ်ဆောင်လာခဲ့ပြီး ယခင် ဖိနှိပ် ချုပ်ချယ်ရေးများ လျော့ကျသွားကာ လူထုအကြား အကြောက်တရားများ လျော့ပါးလာသည်။ ဤသို့ တိုင်းပြည် ကောင်းကျိုး ရှေ့ရှုသော အပြုသဘောဆောင် လုပ်ရပ်များကို မြန်မာလူထုနှင့် နိုင်ငံတကာ အစိုးရများက ချီးမွမ်းထောပနာပြု ကြိုဆို ကြသည်။
ယမန်နေ့ သြဂုတ်လ ၇ ရက် ညနေက ရှစ်လေးလုံး ငွေရတုအကြို ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ အခမ်းအနား ကျင်းပမည့် မန္တလေးမြို့ ဒကိ္ခဏာရာမ ဘုရားကြီးကျောင်းတိုက်သို့ စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းတို့ ရောက်ရှိလာသည် ကလည်း နိုင်ငံရေး တိုးတက်ကောင်းမွန် လာစေရန် ဖြစ်လာခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများတွင် ကမကထ ပြုသူ ဝန်ကြီးနှစ်ဦးက ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်ဟောင်းများထံ သမ္မတ ဦးသိန်းစိန်၏ တရားဝင် ခွင့်ပြုချက်နှင့် အလှူငွေကို ပေးအပ်ခဲ့ပြီး တရင်းတနှီး တွေ့ဆုံခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ နေပြည်တော်တွင် ယမန်နှစ် ဩဂုတ်လအတွင်း တွေ့ဆုံပြီးနောက် တိုးတက် ဖြစ်ပေါ်လာနေသော အမျိုးသားရင်ကြားစေ့ရေး နိုင်ငံရေး ဖြစ်စဉ်အတွက် အထောက်အပံ့ ဖြစ်စေမည့် ကောင်းမွန်သော ခြေလှမ်းတရပ် ဖြစ်သည်။
ရှစ်လေးလုံး အရေးတော်ပုံ၏ အခြေခံ အနှစ်အသားကိုက တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးသည် ပထမ၊ တိုင်းပြည် ကောင်းစားရေးအတွက် ဘဝနှင့် အသက်ကိုပါ ပေးဆပ်ခြင်း ဖြစ်သောကြောင့် တိုင်းပြည် ကောင်းကျိုး ရှေ့ရှုပြီး အမျိုးသား ရင်ကြားစေ့ရေး လမ်းကို ဖွင့်ပေးခဲ့သည့် သမ္မတ ဦးသိန်းစိန်နှင့် ပြုပြင်ပြောင်းလဲရေး လိုလားသူ ဝန်ကြီးများ၏ အပြု သဘောဆောင် လုပ်ရပ်များကို ကြိုဆို ဂုဏ်ပြုထိုက်သည်။ သို့ရာတွင် ယနေ့ ရောက်ရှိနေသည့် အနေအထားမှာ ရှစ်လေးလုံးတွင် စခဲ့သည့် ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်ချင်ခဲ့သည့် ပြည်သူများ၏ တောင်းဆိုခဲ့မှု၊ စွန့်လွှတ် အနစ်နာခံမှု များအပေါ် အခြေတည်ခဲ့သည်ကို အုပ်ချုပ်ရေးအာဏာပိုင်တို့ ဘက်က အသိအမှတ် ပြုသင့်သည်။
အမှန်တကယ်လည်း ခါးသီးသော အတွေ့အကြုံများဖြင့် ကွဲကြေခဲ့ရသော လူ့အဖွဲ့အစည်းကို ပြန်လည် ထူထောင်ရေး အတွက် အမှန်ကိုအမှန်အတိုင်း ရင်ဆိုင်လက်ခံသည့် အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းသည်သာ အကောင်းဆုံးဟု အာဏာပိုင်ဝါဒမှ ဒီမိုကရေစီသို့ ပြောင်းလဲယူခဲ့သော နိုင်ငံများက သင်ခန်းစာပေးခဲ့ပြီး ဖြစ်သည်။ အတိတ်ကို ရင်မဆိုင်ဘဲ အနာဂတ်ကို ဖန်တီး၍ မရချေ။
သင်ပုန်းချေသည် ဆိုသည်မှာ ဖြစ်ခဲ့သမျှ အားလုံး မေ့ပစ်ရန် မဟုတ်ပေ။ အတိတ်တွင် မှားခဲ့သမျှကို လူပီသစွာ ဝန်ခံ မှတ်တမ်းပြုရင်း ခွင့်လွှတ်နိုင်စွမ်းသည့် မဟာလူသား၏ ကြီးမြတ်သော စိတ်ထားပင် ဖြစ်သည်။ သို့မှသာ မျိုးဆက်သစ်များက အမှားကို ရှောင်၊ အမှန်ကို သယ်ဆောင် လက်ဆင့်ကမ်းရင်း ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ကြ ပေလိမ့်မည်။