မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သည့် စာအုပ်၊ စာပေ၊ စာနယ်ဇင်း များကို ၄၈ နှစ်ကြာ စိစစ်ဖြတ်တောက် ခဲ့သည့် စာပေစိစစ်ရေး လုပ်ငန်းစဉ်တရပ် ယမန်နေ့က အဆုံးသတ်သွားပြီဟု ဆိုသော်လည်း တင်ထုတ် စနစ်မှ ထုတ်တင် စနစ်ကို စတင်ပြောင်းလဲ ကျင့်သုံးလိုက်ရုံဖြင့် သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရရှိပြီလားဆိုသည့် မေးခွန်းတခု မေးစရာ ကျန်ရှိ နေသေးသည်။
မြန်မာနိုင်ငံ မီဒီယာလောကသား အားလုံး မျှော်လင့်နေသည့် “စာပေစိစစ်မှု မရှိရေး” ဆိုသော ရည်မှန်းချက်တရပ် ကမူ အပေါ်ယံ အားဖြင့် ပြည့်စုံသွားပြီဟု ဆိုနိုင်ပါသည်။
ယခုအချိန်မှ စ၍ စာနယ်ဇင်းများကို မထုတ်ဝေခင်က ကြိုတင် စိစစ်ဖြတ်တောက်မှုများ မရှိတော့သော်လည်း စာပေစိစစ်ရေးက သတ်မှတ်ပေး လိုက်သည့် အချက် ၁၆ ချက်ကို စာနယ်ဇင်း အားလုံး လိုက်နာကြရမည်ဟု ဆိုထားသည်။ ထိုအချက် ၁၆ ချက်ကို လိုက်နာခြင်း မရှိပါက မည်သည့် ပြစ်ဒဏ်များ ကျခံရမည်ဆိုသည့် အချက်ကိုမူ ရှင်းလင်းစွာ ဖော်ပြမထားပေ။
ကြိုတင် စိစစ်ဖြတ်တောက်မှု မရှိတော့သော်လည်း စာနယ်ဇင်းများ အနေဖြင့် တာဝန်ယူမှု ပိုရှိလာရတော့မည်ဆိုသည့် သဘော သက်ရောက်သည်။ စာပေစိစစ်ရေးက သတ်မှတ်ပေးလိုက်သည့် အချက် ၁၆ ချက်သည် စာနယ်ဇင်း သမားများ ကိုယ့်ရေးသားချက်ကို ကိုယ့်ဘာသာ ကြိုတင်ဖြတ်တောက် ကြစေရန် စိစစ်ရေး တာဝန်လွှဲပေးလိုက်ခြင်းပင်။
ယင်း အချက် ၁၆ ချက်ထဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဆိုင်သည့် အချက်များ ပါဝင်နေသောကြောင့် အချက် တချက်ချက်နှင့် ငြိစွန်းပါက နိုင်ငံတော် အစိုးရဘက်က တရားစွဲဆို နိုင်သကဲ့သို့ ပုဂ္ဂလိက လူမှုရေး အသိုင်းအဝန်း၊ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ ဘက်ကပါ တရား စွဲဆိုနိုင်ရန် လမ်းဖွင့်ပေးထားသော်လည်း သတင်းမီဒီယာ သမားများကို မည်သို့ ကာကွယ်ပေးမည် ဆိုသည့် အချက်များ မပါဝင်ပေ။
နိုင်ငံရေးနှင့် ပတ်သက်သည့် လိုက်နာရမည့် အချက် ၅ ချက်ထဲမှ ပထမဆုံး အချက်ဖြစ်သည့် “ဒို့တာဝန်အရေးသုံးပါးကို ထိပါးခြင်းမပြုရ” ဆိုသောအချက် တချက်ပင်လျှင် အလွန်ယေဘုယျဆန်ပြီး မတော်တဆ ငြိစွန်းရေးသား မိပါက နိုင်ငံတော် အစိုးရ၏ တရားစွဲဆိုမှုကို ခံရနိုင်သောကြောင့် မီဒီယာသမားများအတွက် အန္တရာယ် ကြီးလှသည်။
ထို့အပြင် ၁၉၆၂ ခုနှစ်က ပြဌာန်းထားသည့် ဥပဒေနှင့် ချုပ်ကိုင်ကာ စာနယ်ဇင်းများကို တရားစွဲဆိုနေသေးခြင်း၊ မီဒီယာ သမားများကို အချိန်မရွေး ဖမ်းဆီး တရားစွဲဆိုနိုင်သည့် အီလက်ထရွန်းနစ် အက်ဥပဒေ ယခုအချိန်အထိ အသက်ဝင် နေသေးခြင်း စသည့် အကျည်းတန်သော ချုပ်ကိုင်မှုများကြောင့် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ကျင့်ဝတ်နှင့် ညီသော မီဒီယာသမားများအား ကာကွယ်ပေးနိုင်မှု ကင်းမဲ့နေသေးသည်မှာ ထင်ရှားလှသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက တဘက်သတ် ရေးဆွဲထားသည့် မီဒီယာ ဥပဒေသည်လည်း လက်ရှိအနေအထားအရ သမ္မတ ဦးသိန်းစိန်ထံ တင်ပြထားဆဲ ဖြစ်သည်။ သမ္မတရုံးမှ တဆင့် လွှတ်တော်သို့ ရောက်ရှိလာမှသာ ယင်းဥပဒေက မီဒီယာ သမားများ အပေါ် ကာကွယ်ပေးနိုင်၊ မပေးနိုင်ကို သိရပေလိမ့်မည်။
မီဒီယာဥပဒေ ထွက်ရှိလာသည့် တိုင်အောင် ထိုဥပဒေက မီဒီယာသမားများကို အကာအကွယ်ပေးခြင်း မရှိဘဲ စာနယ်ဇင်း သမားများကို ချုပ်ကိုင် တရားစွဲဆိုနိုင်ခွင့် တရားဝင် ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကိုလည်း စာနယ်ဇင်း သမားများက စိုးရိမ်နေကြသည်။ လွတ်လပ်သော စာနယ်ဇင်းမီဒီယာ သမားများ ပါဝင်ခွင့်မရှိသော ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲ ထားသည့် မီဒီယာဥပဒေ အနေဖြင့် တရားမျှတမှု မရှိပါက မီဒီယာ သမားများဘက်က ပြင်ဆင်နိုင်ခွင့်၊ ထောက်ပြ ဝေဖန်နိုင်ခွင့် မည်မျှ ရှိမည်၊ မရှိမည်ကိုလည်း မသိရပေ။
လက်ရှိအနေအထားအရ မီဒီယာသမားများ အနေဖြင့် ကြိုးတန်းပေါ် လမ်းလျှောက် နေရသကဲ့သို့ ဖြစ်နေသည်။ မည်သည့် အရပ်ဒေသမှ လာမည်မှန်းမသိသည့် အချိန်မရွေး ကျရောက်လာနိုင်သော အန္တရာယ်များကြားတွင် သတိထား လုပ်ကိုင်ရမည့် အနေအထား ဖြစ်သည်။
ဧရာဝတီ အနေဖြင့် ကြိုတင်စိစစ် ဖြတ်တောက်မှုများ မရှိတော့သည်ကို ယေဘုယျအားဖြင့် ကြိုဆိုပါသည်။ သို့ရာတွင် ကျင့်ဝတ်နှင့် ညီညွတ်စွာ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်၊ စာနယ်ဇင်း သမား၏ လုံခြုံရေးကို အာမခံသော ခိုင်မာ တိကျသည့် ဥပဒေတရပ် ပေါ်ထွက်ရေး အတွက် ဆက်လက် လုပ်ဆောင်ကြရဦးမည်။