တခါတရံ စကားလုံး ဝေါဟာရများသည် ပဋိပက္ခကို မီးထိုးပေးတတ်သည်။ သို့ရာတွင် ဆိတ်ဆိတ်ငြိမ်ခြင်းကလည်း မဖြစ်မနေ ငြှိမ်းသတ်ရန်လိုနေသည့် မီးတောက်မီးလျှံကို အားပေးသည့် အောက်စီဂျင်ကဲ့သို့ ဖြစ်သည်။ ယင်းကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သိမြင်သဘောပေါက်သင့်သည်။ တနေ့နေ့ တချိန်ချိန်တွင် သူ ဦးဆောင်မည်ဟု မျှော်မှန်းထားသော တိုင်းပြည်ကို လောင်မြိုက်နေသော အရေးအခင်းများနှင့် ခပ်ခွာခွာ နေ၍ မရပေ။
ဝမ်းနည်းဖွယ် ကောင်းသည်မှာ ၂၀၁၁ ဇွန်လက စပြီး ပြန်လည်ဖြစ်ပွားခဲ့သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများသည် တနှစ်ခွဲကျော် ကြာလာခဲ့ပြီး ထောက်ပံ့မှု လုံလောက်စွာ မရသော စစ်ပြေး ဒုက္ခသည် ၇ သောင်းခွဲကျော်ရှိလာခဲ့သော်လည်း ယမန်နှစ်ကပင် နော်ဝေနိုင်ငံသို့ သွားရောက်၍ ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သော နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တဦးအနေဖြင့် စစ်ရပ်စဲရေး မည်သို့မျှ တိုက်တွန်းပြောဆိုမှု မရှိသေးခြင်းပင်။
အလားတူ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံး၏ အဆို လွန်ခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့်ပတ်သက်ပြီး လူပေါင်း တစ်သောင်းသုံးထောင်ခန့် လှေစီးထွက်ပြေးကြရပြီး လူပေါင်း ၄၈၅ ယောက် ရေနစ်သေဆုံးခဲ့ရထိရှိလာခဲ့သော ပဋိပက္ခကို ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်မှာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်စဉ်က “မည်သည့်ဘက်ကိုမျှ မီးမထိုးပေး” ဟူ၍ ဖြေကြားချက်မျှသာ ဖြစ်သည်။
တိုင်းပြည်တွင် နှစ်ပေါင်းများစွာကြာ ဖြစ်ပွားလာခဲ့သော လူနည်းစုအရေး ကိစ္စရပ်များအား ထိုသို့ အနှစ်အသားမပါသည့် တုန့်ပြန်ချက်များသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများစု အနိုင်ရရန်နှင့် သမ္မတရာထူးကိုပင် တာဝန်ယူရန် မျှော်မှန်းထားသော ဒေါ်အောင်ဆန်းစုကြည် ယခင်ကကဲ့သို့ အဖိနှိပ်ခံလူထုများကိုယ်စား ပြောဆိုရပ်တည်ခဲ့မှုမှ ပြောင်းလဲလာပြီကို ပြဆိုနေခြင်းပင်။ သွေးထွက်သံယိုမှုများ စစ်ပွဲများ ရပ်ဆိုင်းရမည်၊ သို့မဟုတ်ပါက အတိတ်ဒဏ်ရာများ ဖြေဖျောက်နိုင်မည်မဟုတ်ဟု ယခင်ကကဲ့သို့ မပြောဆိုမီ အစိုးရနှင့် တပ်မတော်၏ အရိပ်အကဲကို ဒေါ်အောင်ဆန်းစုကြည် ယနေ့အခါ ကြည့်နေရပြီဖြစ်သည်။
ပြီးခဲ့သည့် သောင်္ကြာနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်၌ ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် လွတ်လပ်ဖွံ့ဖြိုးသော နိုင်ငံကို ထူထောင်လိုလျှင် လူတိုင်း မိမိခြေထောက်ပေါ်မိမိ ရပ်နိုင်ရန် ကြိုးပမ်းကြရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းခဲ့ပါသည်။ ကယ်တင်ရှင်အဖြစ် မည်သူ့ကိုမျှ မျှော်လင့်မနေရန်လည်း သတိပေးပါသည်။ မှန်ပါသည်၊ မြန်မာနိုင်ငံတွင် ကယ်တင်ရှင် မလိုပါ။ သို့သော် ခေါင်းဆောင် လိုပါသည်။ နှစ်ပေါင်းများစွာ စွန့်လွှတ် ရင်းနှီးမှုများဖြင့် ယုံကြည်တည်ဆောက်လာခဲ့သော ခိုင်မာပြတ်သားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို မြေပြန့်နေ မြန်မာတိုင်းရင်းသားများသာမက လူနည်းစု တောင်ပေါ်တိုင်းရင်းသားများ၊ ဘာသာကွဲနိုင်ငံသားများကလည်း လိုလားမည်ဖြစ်သည်။
ဒီမိုကရေစီနည်းလမ်းအရ ညီညွတ်မှုကို လိုလားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖို့ လူနည်းစုအရေးတွင်လည်း နှုတ်ဆိတ်မနေသင့်ချေ။ ဒီမိုကရေစီဆိုသည် လူများစု၏ ဆုံးဖြတ်ချက်ကို လေးစားဆောင်ရွက်ရုံမက လူနည်းစုအခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရမည် မဟုတ်လော။