နေပြည်တော် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် သမ္မတဦးသိန်းစိန် အမှူးပြုသော အစိုးရခေါင်းဆောင်များ၊ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်များနှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်များအပါအဝင် လူမျိုးစု တိုင်းရင်းသား ခေါင်းဆောင်များအား ပထမဆုံးအကြိမ် စုံညီစွာ မြင်တွေ့ရသည်မှာ နိုင်ငံ့အနာဂါတ်နှင့် ငြိမ်းချမ်းရေးအတွက် များစွာ အားတက်ဖွယ်ဖြစ်ရသည်။
၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ နှင့် တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်က မကြာမီ ကချင်ပြည် နယ်၌ ငြိမ်းချမ်းရေး ရောင်ခြည် သန်းလာတော့မည် ဖြစ်ပြီး ကေအိုင်အိုနှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ် နောက်ပိုင်း မြန်မာ တနိုင်ငံလုံး၌ ပထမဆုံး အကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည်ဟု ပြောသည်။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် သမ္မတဦးသိန်းစိန် တွေ့ဆုံသည်နှင့် တပြိုင်နက်မှာပင် သမ္မတ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ် သဘောတူညီ ကာ စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ပဋိပက္ခများ အဖြေရှာသွားမည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်သည်မှာလည်း မည်သည့်အခါမျှ မရရှိဖူးသေးသော တပြည်လုံးအတိုင်းအတာ ငြိမ်းချမ်းရေးအတွက် ရောင်နီသန်းပြီဟု မှတ်တမ်းတင်အပ်ပေသည်။
သို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်ကတည်းက ဖြစ်ပေါ်ခဲ့ရသည့် အမျိုးသားသွေးကွဲမှုနှင့် ပြည်တွင်းစစ်၏ အဓိက အကြောင်းရင်းမှာ ဒီမိုကရေစီစနစ်အပေါ် ခိုင်မာသော သန္နိဋ္ဌာန်ကင်းမဲ့ခြင်း၊ လူမျိုးစုံအကြား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည်ကို အသိအမှတ် မပြု မလိုက်နာ မကျင့်သုံးခြင်းတို့အပေါ် မှီတည်နေကြောင်း သိမြင်မှသာ လက်ရှိ ခံစားနေရသော ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များကို ကုသနိုင်ကာ အနာဂါတ်တွင် ရေရှည် ငြိမ်းချမ်းရေးကို ထူထောင်နိုင်မည်ဖြစ်သည်။
အတိတ်ကို ပြန်ကြည့်လျှင် ပြည်ထောင်စုနေ့ဆိုသည်မှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လွတ်လပ်ရေးကို အတူတကွ လက်တွဲ၍ လွတ်လပ်ရေး ရယူရန် ပင်လုံမြို့တွင် ညီလာခံပြုလုပ်ကာ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဗမာအပါအဝင် တိုင်းရင်းသားအားလုံး အတူတကွ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်သည် ညီညွတ်မှုကို တန်းတူရေးအပေါ် အခြေပြုတည်ဆောက်ခဲ့ခြင်းကို ပြသသည့် ပြယုဂ်တခုပင်။
ယနေ့ကာလ ဒီမိုကရေစီစနစ်ကို တည်ဆောက် အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုကာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်နေသော ဦးသိန်းစိန်၏ ဗဟို ပြည်ထောင်စုအစိုးရသည် ထာဝရငြိမ်းချမ်းရေးကို လူမျိုးစုံ တိုင်းရင်းသား အားလုံးနှင့် တသဘောတည်း လက်ရည်တပြင်တည်း တည်ဆောက်လိုလျှင် ပင်လုံကဲ့သို့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ် တိုင်းရင်းသား အားလုံး သဘောတူ လက်ခံမည့် အာမခံချက်ကို ဖော်ဆောင်ရမည်။ ထိုမှတဆင့် ဒီမိုကရေစီ ကျင့်ထုံးများပေါ်တွင် အခြေပြုသည့် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းများအကြား အာဏာခွဲဝေ ကျင့်သုံးခြင်းကို အကောင်အထည်ဖော်ရမည်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်း၌ မှ စတင်ခဲ့သော အမျိုးသားသွေးကွဲမှုနှင့် ကမ္ဘာ့သမိုင်းတွင် အရှည်ကြာဆုံးသော မြန်မာ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းရပ်တန့်ရေး ၆၆ နှစ်ပြည့် ပြည်ထောင်စုနေ့မှ စတင်ကာ သမ္မတ အပါအဝင် အတိုက်အခံ ခေါင်းဆောင်နှင့် တိုင်းရင်းသားအားလုံး ညီညွတ်စွာ ကြိုးပမ်းနေကြပြီဟု ဧရာဝတီက ယုံကြည်မျှော်လင့်ပါသည်။ မြန်မာနိုင်ငံတွင် မျှော်လင့်ချက် ခွန်အားများ ရှိနေသည်ကို ကမ္ဘာကလည်း အသိအမှတ်ပြု အားပေးထောက်ခံနေကြပြီ မဟုတ်လော။