မီဒီယာလောက လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်အတွက် အလွန်အရေးပါသည်။ သမ္မတ ဦးသိန်းစိန်၏ နေပြည်တော်အစိုးရက ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးစနစ် တည်ဆောက်မည်ဟု ဆိုချိန်မှစ၍ သတင်းစာနယ်ဇင်း၊ ရေဒီယို၊ တီဗီနှင့် အင်တာနက်အစရှိသည့် လူထုပြန်ကြားရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ပြုပြင်ပြောင်းလဲရေး၏ ထိပ်တန်းဦးစားပေးဖြစ်လာခဲ့သည်။ နိုင်ငံတကာအနေဖြင့်လည်း စိတ်ဝင်တစား အနီးကပ် စောင့်ကြည့်စရာ ဖြစ်လာခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာထုတ်ဝေခွင့်ကို ပေးသည်အထိ စာနယ်ဇင်း ထိန်းချုပ်မှု ဖြေလျှော့ပေးလာသည်။ ယူနက်စကို၏ လမ်းညွှန်မှုအပါအဝင် နိုင်ငံတကာ မီဒီယာဖွံ့ဖြိုးရေးအဖွဲ့များနှင့် ပူးပေါင်းပြီး သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ ပြုလုပ်လာခဲ့ပြီး အစိုးရပိုင် မီဒီယာများကိုလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်သို့ အသွင်ကူးပြောင်းရန် အစီအစဉ်များ ချမှတ်လာခဲ့သည်။ ဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းကို သတင်းစာနယ်ဇင်းသမားများ ကိုယ်တိုင် ပြန်လည်ရေးဆွဲခွင့် ပြုသည်အထိ သဘောထား ပျော့ပြောင်းမှုကို ပြသခဲ့သည်။
သတင်း လွတ်လပ်ခွင့် စောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း ၂ နှစ်အတွင်း တချိန်က ကမ္ဘာပေါ်တွင် သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့် အကင်းမဲ့ဆုံး နိုင်ငံ တနိုင်ငံ အဖြစ် သတ်မှတ်ခံထားမှုမှ ပြောင်းလဲရှုမြင်လာခဲ့ကြသည်။ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က မြန်မာပြည်ကို အဆင့် ၁၆၉ မှ ၁၅၁ သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။ မြန်မာ့ သတင်းနှင့် စာနယ်ဇင်း အပြောင်းအလဲကို ဒေသတွင်းနှင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စံပြပုံစံ တခုအဖြစ် မျှော်လင့်တကြီး ဖြစ်လာစေခဲ့သည်။
သို့သော် မကြာမီကပင် အလောတကြီး ထုတ်ပြန်ကြေညာခဲ့ပြီး ကန့်ကွက်မှုကြားကပင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကြောင့် ယင်းမျှော်လင့်ချက်များ၊ အားသွန်ခွန်စိုက်နှင့် အချိန်ပေးခဲ့ကြသော အကူအညီများ အားလုံး သဲထဲရေသွန်ဖြစ်ရပေတော့မည်။ ယင်းဥပဒေကြမ်းမှာ ပုံနှိပ်ထုတ်ဝေသူများနှင့် တိုင်ပင်၍ နိုင်ငံတကာပုံစံ ရေးဆွဲထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ပြောဆိုသော်လည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၊ မြန်မာသတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာသတင်းသမဂ္ဂအပါအဝင် သတင်းမီဒီယာများအားလုံးက တညီတညွတ်တည်း ကန့်ကွက်ပါသည်။
အကြောင်းမှာ ပယ်ဖျက်မည့် ၁၉၆၂ ခုနှစ် စစ်အစိုးရ ပြဌာန်းခဲ့သလို ဥပဒေကြမ်းတွင်လည်း ပါဝင်သော စည်းကမ်းချက်များသည် သတင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသား ထုတ်ဝေဖြန့်ချိခွင့်တို့ကို ထိန်းချုပ်ကန့်သတ်ထားပြီး အဓိပ္ပါယ် ဖွင့်ဆိုချက်များသည်လည်း မတိကျခြင်းကြောင့် လိုရာဆွဲကာ အစိုးရနှင့် အခြား အာဏာပိုင် ပုဂ္ဂိုလ်များက အလွဲသုံးစားလုပ် ချိုးဖောက်နိုင်စေရန် လမ်းဖွင့်ပေးရာရောက်မည်ကို စိုးရိမ်ကြသောကြောင့်ပင်။ အခြား အရေးကြီးသည့်အချက်မှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတွင် ပါဝင်မှီတည်ကြသူများအနက် ပုံနှိပ်ထုတ်ဝေသူနှင့် စာနယ်ဇင်းမီဒီယာသမားများကို ကန့်သတ်ခွဲခြားကာ ပုံနှိပ်ထုတ်ဝေသူတို့ကို ထိန်းချုပ်ထားခြင်းဖြင့် သတင်းနှင့် စာနယ်ဇင်းသမားများ၏ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်အပေါ် ဩဇာလွှမ်းနိုင်ရန် ကြိုးပမ်းသလောဟု သင်္ကာမကင်းမိသောကြောင့်လည်း ဖြစ်သည်။
လွတ်လပ်စွာ ပြိုင်ဆိုင်ပြီး တာဝန်သိသော ခိုင်မာတောင့်တင်းသည့် စတုတ္ထမဏ္ဍိုင်ကို တည်ဆောက်လိုပါက ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုဆောင်ရွက်နေသည့် အစိုးရအနေဖြင့် ယခုကဲ့သို့ သတင်းနှင့် ပုံနှိပ်မီဒီယာ လုပ်ငန်းသားများအကြား ခွဲခြားကန့်သတ်ခြင်း၊ သတင်းနှင့် စာနယ်ဇင်းများအပေါ် ထိန်းချုပ်ရန် ကြိုးစားခြင်းတို့ မပြုလုပ်သင့်ပါ။ ဥပဒေမူကြမ်းက မီဒီယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် မီဒီယာဌာနများအနေဖြင့် လုပ်ငန်းခွင့်ပြုချက် (သို့မဟုတ်) မှတ်ပုံတင်လျှောက်ထားရန်လိုအပ်ကြောင်း ထုတ်ပြန်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက် သည်။ မည်သူမည်ဝါမှသာလျှင် သတင်းစာ၊ မဂ္ဂဇင်း၊ ဝက်ဘ်ဆိုဒ် သတင်း လုပ်ငန်းကို လုပ်ကိုင်နိုင်သည်ဟု ဝင်ရောက်ဆုံးဖြတ်ပေးသော အစိုးရတစ်ရပ်သည် လက်တွေ့တွင် မီဒီယာလုပ်ငန်းအား ထိန်းချုပ်ခြင်းသာဖြစ်သည်။
သတင်းမီဒီယာကောင်စီကို လွတ်လပ်မှု အပြည့်အဝ ပေးသင့်ပြီး သတင်းမီဒီယာကသာလျှင် ပါဝင်သက်ဆိုင်သူများ အားလုံး၏ ပါဝင်အကြံပြုမှုကိုရယူပြီး သတင်းမီဒီယာကောင်စီကို ဖွဲ့သင့်သည်။ အကယ်၍ ၎င်းကောင်စီမျိုးသည် နိုင်ငံတော်ကသာ လွှတ်တော်မှ ဥပဒေအမိန့်ဖြင့် အတည်ပြုခန့်အပ်ခြင်းဖြစ်လျှင် ထိုဥပဒေအမိန့်တွင် အစိုးရ လွှမ်းမိုးမှုမှ ကင်းလွတ်စေရမည်ဟူသော အာမခံချက်ကို ရှင်းလင်းတိကျစွာ ထည့်သွင်း ပေးသင့်သည်။
သို့မှသာ မေလ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းနေ့တွင် မြန်မာနိုင်ငံအနေဖြင့် ခေါင်းမော်နိုင်ပေမည်။ ကြိုးစား ရင်းနှီးလာခဲ့သော အချိန်၊ ငွေနှင့် လူအား ဉာဏ်အားတို့ အလဟဿ မဖြစ်ပဲ လွတ်လပ် တောင့်တင်းသော စတုတ္ထမဏ္ဍိုင်ကို ဆက်လက် အကောင်အထည်ဖော် တည်ထောင်နိုင်မည်။ လွတ်လပ် တောင့်တင်းသော စတုတ္ထမဏ္ဍိုင် မရှိပဲ ဒီမိုကရေစီစနစ်ကို မဖော်ဆောင်နိုင်ပေ။ ယခုအချိန်ထိလည်း ပွင့်လင်းလွတ်လပ်လာသော သတင်းမီဒီယာများကြောင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ အကောင်းဖက်သို့သာ ဦးတည်နေခြင်းဖြစ်တော့သည်။ မည်သည့်အကြောင်းပြချက်ကြောင့် သတင်းမီဒီယာများကို ထိန်းချုပ်ရန် မလိုပေ။