မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းစ နိုင်ငံဟု နိုင်ငံတကာက သတ်မှတ်ကြသော်လည်း လက်ရှိ ခြေလှမ်းများတွင် စိန်ခေါ်မှု များစွာ ရှိနေသေးသည်။
အာဏာရှင်တို့ ဖိနှိပ်အုပ်ချုပ်ခဲ့သော မြန်မာပြည်သည် ယခု အမှောင်ထဲမှ ရုန်းထွက်ခါစပင် ရှိနေသေးသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် တိုင်းပြည်ကို စတင်ပြီး တံခါးဖွင့်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် လက်ရှိအနေအထားတွင် မြန်မာပြည် တကယ်လွတ်လပ်ပြီ၊ ဒီမိုကရေစီရပြီ၊ ငြိမ်းချမ်းရေးရပြီဟု မဆိုနိုင်သေးပါ။ ယခု သွားနေသော လမ်းကြောင်းသည် မည်သည့် လားရာသို့ ဦးတည်မည် ဆိုသည်ကို သတိနှင့် စောင့်ကြည့်ရပါဦးမည်။
ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာနှင့် စတင် ဆက်ဆံနေရသော အရပ်သားအစိုးရ တဖြစ်လဲ ဦးသိန်းစိန် အစိုးရသည် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများကို လိုက်နာ ကျင့်သုံးမည်ဟု မျှော်လင့် ထားခဲ့ကြသည့် အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား၏ မြန်မာပြည် ခရီးစဉ်များ များစွာလိုအပ်နေခြင်း ဖြစ်သည်။
စစ်အစိုးရ လက်ထက် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မတရား ပုဒ်မတပ်ပြီး ထောင်တွင်း အဓမ္မ အကျဉ်းချ ခံရသူများ၏ အမှုအခင်းများ၊ တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့် အမှုများမှာ ယခုအချိန်အထိ မဖြေရှင်းနိုင်သေးပါ။
ယခု လက်ရှိ တာဝန်ယူထားသော အစိုးရကလည်း ယခင်အစိုးရလက်ထက်က မတရားမှုများကို တာဝန်ယူ ဖြေရှင်း ခြင်းမျိုး မရှိသေးပါ။ ဖြေရှင်းရတော့မည့် မတရားမှု ကိစ္စအတော်များများတွင် ခေါင်းရှောင်လိုသူများက ယခင် စစ်အစိုးရဟောင်း အပေါ် အပြစ်ဖို့ပြီး ခေါင်းရှောင်နေကြဆဲ။
ပြည်တွင်းတွင် လက်ရှိအချိန် အထိ တိုင်းရင်းသားလူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးများ၊ အကျိုးခံစားခွင့်များ ဆက်လက် ချိုးဖောက်ခံနေရဆဲ ဖြစ်သည်။ မြန်မာပြည် လူဦးရေ ၏ ၆၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည်။
အရပ်သား အစိုးရဟု အမည်ခံထားသော လက်ရှိ အစိုးရသည် ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ဥပမာ – လက်ပံတောင်း အရေး ကဲ့သို့သော ငြိမ်းချမ်းစွာ ဆန္ဒပြ လူအစုအဝေးများကို အကြမ်းဖက် ဖြိုခွဲမှုများ၊ လူနည်းစု ဘာသာခြားများ အပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတကာ အမြင်လှစေရန် အမည်ခံ ဖွဲ့စည်းထားသော အဖွဲ့အစည်းတခုသာ ဖြစ်ပြီး ပြည်သူလူထု နစ်နာမှုများ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ မတရားမှုများကို ပြည်သူလူထုဘက်မှ ခုခံကာကွယ်ပေးနိုင်သော၊ အားကိုး အားထား ပြုရသည့် လွတ်လပ်သော အဖွဲ့အစည်း တခု မဟုတ်ပေ။
မိမိတိုင်းပြည်တွင် နေထိုင် အသက်ရှင်နေပြီး လူ့အခွင့်အရေး ချိုးဖောက် ခံနေရသည်ဟု ခံစားနေရသူများ အတွက် တိုင်တန်း စရာ ခုံသမာဓိ အဖွဲ့မှာ သမာသမတ်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများပင် ဖြစ်သည်။
အချုပ်ဆိုရလျှင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် မြန်မာအစိုးရသည် လူ့အခွင့်အရေး အကျိုးကို လုပ်ဆောင်နေသော ကုလသမဂ္ဂအဖွဲ့ အပါအဝင် လွတ်လပ်သော အဖွဲ့အစည်းများနှင့် များစွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ် နေသေးသည့် အချိန် ဖြစ်သည်။
သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုတိယဝန်ကြီးဦးရဲထွဋ်က ကင်တားနား၏ အခန်းကဏ္ဍကို ပြန်လည် စဉ်းစား သုံးသပ်သင့်ပြီဟု တရားဝင် ထုတ်ပြန် ပြောဆိုမှုသည် ဒီမိုကရေစီ ဖော်ဆောင် နေပါသည်ဟုဆိုသော သမ္မတဦးသိန်းစိန်၏ မျက်နှာကို အိုးမည်းသုတ် လိုက်ခြင်းပင်ဖြစ်သည်။
ဦးရဲထွဋ်၏ ပြောဆိုချက်သည် သမ္မတဦးသိန်းစိန်အစိုးရ၏ အာဘော်အစစ်အမှန်ဟုဆိုလျှင် ယခုအစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေးဆိုသော ပြောဆိုချက်များ၊ ဒီမိုကရေစီ ဖော်ဆောင်ရေးဟု ဟစ်ကြွေး လုပ်ဆောင်ချက် များမှာ သဲထဲရေသွန် ဟန်ပြ ပြောဆိုလုပ်ဆောင်ချက်များ ဖြစ်ကုန်ပါလိမ့်မည်။
လက်ရှိအခြေအနေတွင် မြန်မာပြည်သည် ကမ္ဘာ့အသိုင်းအဝိုင်းက လက်ခံသော သာမန်နိုင်ငံ တနိုင်ငံ အဆင့်သို့ ရောက်ရန် ကြိုးစား ဆောင်ရွက်နေရဆဲ ကာလဖြစ်သည်။ မြန်မာပြည်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရပြီဟု မြန်မာ နိုင်ငံသားများ၊ အထူးသဖြင့် တိုင်းရင်းသားများ၊ လူနည်းစု ဘာသာခြားများက လက်မခံသေးပါ။
တိုင်းရင်းသား နယ်မြေများတွင် ပဋိပက္ခများ အဆုံးမသတ်နိုင်သေးပါ။ သေနတ်သံများ မရပ်စဲသေးပါ။ ဟိုဘက်၊ ဒီဘက် လက်နက်ကိုင် အဖွဲ့များ၏ ဖိနှိပ်ညှင်းပန်းမှုများကို တိုင်းရင်းသားများ ခါးစည်းခံနေရဆဲပင်။
ထို့ကြောင့် ကင်တားနား ကဲ့သို့သော ပုဂ္ဂိုလ်များ မြန်မာနိုင်ငံ လာရောက်ရန် လိုအပ်နေဆဲဟု ဆိုချင်ပါသည်။