မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းမှန်ပေါ် ရောက်ပြီလော ဟူသော မေးခွန်းပေါ်လာတိုင်း အရင်းပြန်စစ် ကြသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီနည်းကျ၊ မကျနှင့် ယင်း အခြေခံ ဥပဒေအရ တက်လာသော အစိုးရ၏ လည်ပတ်မှု မှန်၊ မမှန်ဟူသော အချက်များဖြစ်သည်။
နာဂစ် အခြေခံ ဥပဒေဟု သညာတပ်ကြသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နာဂစ်ဆိုင်ကလုန်း မုန်းတိုင်း ပြီးကာစတွင် ဆန္ဒမဲများ ဇွတ်ကောက်ခါ ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံ သည်ဟု ကြေညာခဲ့သည်။ ယင်းရလဒ် အပေါ် ပြည်သူများရော နိုင်ငံ တကာကပါ မယုံကြည်ခဲ့ကြပေ။ ထို့ကြောင့်ပင် ပထမဆုံး အချက် အနေဖြင့် “ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အုပ်ချုပ်မည့်သူများ လိုက်နာရန် ပြည်သူ့ဆန္ဒနှင့် အညီ ရေးဆွဲထားသလော” ဟူသော အချက်ဖြင့် တိုင်းတာပါက လွဲချော်နေသည်ကို တွေ့ရသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအနေဖြင့် မျှော်လင့်ထားသည်ထက် ပိုမြန်ပြီး အတော်အတန် ပျော့ပြောင်းသော ပြုပြင်ပြောင်းလဲရေးများကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ၏ ထောက်ခံအားပေးမှုကို အထိုက်အလျောက် ရရှိခဲ့သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အကျယ်လောင်ဆုံး ဖြစ်လာသည့် ကိစ္စမှာ အသစ်တက်လာမည့် အစိုးရအဖွဲ့ပုံစံကို ပြန်လည် ပုံသွင်းပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးပင် ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများ၏ တိုက်တွန်းချက်များ၊ ယင်းသို့ ပြင်ဆင်၊ ပြန်လည်ရေးဆွဲရေးအတွက် ပြည်သူလူထု ပါဝင်လာစေရန် အသိပညာပေးသည့် လှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်လာကြသည်ကို တွေ့ရသည်။ အဘယ့်ကြောင့် ဆိုသော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံသည့်တိုင် ပြည်သူ့ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်က ထောက်ခံမဲပေးရန် လိုအပ်နေသောကြောင့် ဖြစ်သည်။
၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တက်လာသည့် သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် လုပ်ပိုင်ခွင့်များ၊ နိုင်ငံတော်အာဏာများ အပ်နှင်းရာတွင် ဒီမိုကရေစီစံနှုန်းများမှ လွဲချော်မှုများ ရှိနေသည်။ လွှတ်တော်အသီးသီးတွင် ဥပဒေပြု အမတ် ၄ ပုံ ၁ ပုံကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ခွင့် ရှိနေခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့အတွက် ဝန်ကြီးနှင့် ဒုဝန်ကြီး နေရာများအတွက် သမ္မတက ရွေးချယ်ခန့်အပ်ပိုင်ခွင့် မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်ကသာ ခန့်အပ်ခွင့် ရှိနေခြင်း၊ အရေးပေါ် အခြေအနေတွင် နိုင်ငံတော်၏ ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှု အာဏာနှင့် တရားစီရင်မှု အာဏာ သုံးရပ်စလုံးကို သမ္မတက ကာချုပ်ကို လွှဲအပ်ပေးရန် ပြဋ္ဌာန်းထားခြင်းတို့မှာ ဒီမိုကရေစီ စံနှုန်းများနှင့် လွဲချော်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထောက်ပြထားသည်။
အဆိုးဆုံးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်သူများက သဘောတူသည့်တိုင် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက် လိုအပ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပြည်သူများက ရွေးကောက်တင်မြှောက်သည့် သဘောမသက်ရောက်ဘဲ အာဏာရပါတီနှင့် စစ်တပ်က အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာများကို ခွဲဝေယူထားသည့် ပုံစံ ဖြစ်နေပေသည်။
စစ်မှန်သော ဒီမိုကရေစီ ဖြစ်စေရေးအတွက် နိုင်ငံတော်၏ အာဏာသည် မည်သူ့လက်တွင် ရှိနေသည်ကို ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နှစ်ရပ်ကို NLD ၏ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားတို့၌ တည်သည်၊ အာဏာ သုံးရပ်ကို နိုင်ငံသားများထံမှ ခံယူ၍ ဆိုင်ရာအဖွဲ့များက နိုင်ငံသားတို့၏ ကိုယ်စားသုံးစွဲနိုင်ရမည်ဟု ပြဋ္ဌာန်းထားပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်မူ အမျိုးသားနိုင်ငံရေးကို တပ်မတော်က အစဉ်တစိုက် ဦးဆောင်သွားမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် စစ်မှန်သော ဒီမိုကရေစီအဖြစ် ထပ်ဆင့်အသွင်ပြောင်းရေးတွင် မှန်ကန်စွာ ဖွဲ့စည်းထားသော အစိုးရတရပ် ပေါ်ပေါက်လာရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အနှေးနှင့် အမြန် လုပ်ဆောင်ရန် လိုအပ်သည်ဟု ဧရာဝတီက ရှုမြင်သည်။
သို့မှသာ စစ်အာဏာရှင်လက်ထက် စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ပြည်သူများအပေါ် အုပ်ချုပ်သည့် အစိုးရတရပ် မဟုတ်ဘဲ ပြည်သူများ၏ ဆန္ဒဖြင့် ရွေးချယ် ခန့်အပ်ကာ စီမံခန့်ခွဲပေးမည့် စစ်မှန်သော အစိုးရတရပ် ပေါ်ပေါက်လာမည် ဖြစ်သည်။
ယင်းပြုပြင်ပြောင်းလဲမှု မှတဆင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ယုံကြည်မှုကို အပြည့်အဝ ရရှိနိုင်မည်ဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းသို့ ရောက်ရှိကာ နောက်ပြန်မလှည့်တော့သည့် နိုင်ငံတနိုင်ငံ ဖြစ်လာပေမည်။ တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး၊ ထာဝရ ငြိမ်းချမ်းမှု ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်စနစ် ဖြစ်ပေါ်နိုင်ရေးနှင့် အချိုးညီသော တိုးတက်သည့် နိုင်ငံတနိုင်ငံ ဖြစ်လာစေရေး အတွက် အခြေခံကျသော ပြောင်းလဲမှုမှာ ပြည်သူ့ဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေး၊ သို့မဟုတ် အသစ်တခု ထပ်မံရေးဆွဲကာ အချိန်ကာလတခု၌ အစားထိုး ကျင့်သုံးရေးသည်သာ သော့ချက် အခရာ ဖြစ်ကြောင်း ဧရာဝတီက ယုံကြည်သည်။
ပြည်ထောင်စု အစိုးရအဖွဲ့အကြီးအကဲ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြီးအကဲ များမှသည် မြို့တော်ဝန်များအထိ စစ်မှန်သော ပြည်သူ့ဆန္ဒအရ ရွေးချယ်ပေးလိုက်သူများ ဖြစ်လာစေမည့် ဖွဲ့စည်းပုံ အခြေခံတရပ် ပေါ်ပေါက်ရေးသည်သာ ပြုပြင်ပြောင်းလဲရေး၏ ပထမခြေလှမ်း ဖြစ်ပေမည်။