ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ နေပြည်တော်ရှိ လူ ၃ သောင်းဆန့် ဝဏ္ဏသိဒိ္ဒအားကစားကွင်းတွင် နိုင်ငံကျော် အဆိုတော်များ၊ ဂီတပညာရှင်များနှင့် အကပညာရှင်များက မီးရောင်စုံ ချယ်သထားသော ကွင်းလယ်စင်မြင့်ပေါ်တွင် စိတ်အားတက်ကြွဖွယ် သီဆိုဖျော်ဖြေ ကပြတင်ဆက်အပြီး အားကစားရုံကြီးအပေါ် မီးရှူးမီးပန်းများ ဖောက်လိုက်ကြသောအချိန်သည် ဆယ်စုနှစ်များစွာ စစ်အာဏာရှင်စနစ်ဖြင့် တံခါးပိတ်ပြီး အောက်တန်းနောက်တန်းကျခဲ့သော နိုင်ငံနှင့် နိုင်ငံသားတို့အတွက် စိတ်လှုပ်ရှားစွာ ဂုဏ်ယူစရာ ကောင်းမည့် အချိန်အခါ သမယ ဖြစ်ခဲ့သည်။
သို့သော် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ရရှိသော နေပြည်တော်အစိုးရ၏ အကျိုးစီးပွားသည် “အားကစား ဟူသည် နည်းစနစ် ကျနသော လေ့ကျင့် လှုပ်ရှားမှု ဖြစ်ပြီး ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေရုံ မက၊ စိတ်ပိုင်းဆိုင်ရာ ဇွဲသတ္တိ အတိုင်း ဆောင်ရွက်တတ် စိတ်၊ မြင့်မြတ်မှု၊ သဘောထား ပြည့်ဝမှု တို့ကို ဖြစ်စေခြင်း” ဟူသည့် နိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် မြင့်မားသော ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံခြင်းမျိုး ပုံမပေါ်ဘဲ အမျိုးသားရေး ဇာတိသွေး ဇာတိမာန်တို့ကို အားကစားပွဲ အကြောင်းပြု မြှင့်တင်လှုံ့ဆော်သော နေပြည်တော်အစိုးရ၏ နိုင်ငံရေးမဲဆွယ်ပွဲ ပုံ ပိုပေါက်ခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်အား အားကစား အခြေခံ လှုံ့ဆော်သည်ကို တရုတ်ကွန်မြူနစ်ပါတီက ဘေဂျင်းတွင် ၂၀၀၈ ခုနှစ် အိုလံပစ်အားကစားပွဲတော် ပြုလုပ်ကျင်းပစဉ်ကလည်း လုပ်ဆောင်ဖူးခဲ့သည်။ ယင်းအချိန်က တိဘက်ဒေသ မငြိမ်သက်မှုများကို အကြမ်းဖက်နှိမ်နင်းမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သပိတ်မှောက်ရန် လှုံ့ဆော်နေကြသည့် အနောက်ကမ္ဘာကို တန်ပြန်ရာ တရုတ်အစိုးရက အမျိုးသားရေးစိတ် အကြီးအကျယ် လှုံ့ဆော်၍ အိုလံပစ်အားကစားပွဲကို ခမ်းနားစွာ အကုန်အကျခံ ကျင်းပခဲ့သည်။
မြန်မာအစိုးရအနေဖြင့်လည်း ယခု ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တရုတ်အစိုးရထံမှ အကူအညီ များစွာ ရယူခဲ့သည်။ ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမား ၂၀၀ ခန့် အတွက် တရုတ်နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ ပြိုင်ပွဲများတွင် လိုအပ်မည့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများ ရယူခြင်း၊ ဖွင့်ပွဲပိတ်ပွဲတွင် အသံစနစ် အပါအဝင် ဆလိုက်မီးများ၊ အပြင်အဆင်များ၊ နည်းပညာများနှင့် အကူအညီများ ရယူခြင်း၊ ဆီးဂိမ်းပြိုင်ပွဲရလဒ်များကို အချိန်မီသတင်း ထုတ်ပြန်ပေးသည့် နည်းစနစ်များအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့သည်။
တရုတ်နိုင်ငံသည် ယခင် စစ်အစိုးရကို ကျားကန်ထောက်ပံ့ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းကြီးများကို ပြိုင်ဘက်မရှိ လက်ဝါးကြီးအုပ် လုပ်ဆောင်ခဲ့သောကြောင့် မြန်မာပြည်သူတို့အကြား များစွာ ရေပန်းမစား ဖြစ်ခဲ့ရသည်။ ဆိုးရွားစွာ ကျဆင်းလျက်ရှိသော နိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြင့်တင်ရန် ကြိုးစားသည့်အနေဖြင့် တရုတ်အစိုးရသည် ယခုအခါ အာဏာပိုင်များနှင့် ဆက်ဆံရေးသာမက ပြည်သူလူထုနှင့်ဆိုင်သော အကူအညီများ ပေးလာခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန်နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာပြည်သူများ လက်ခံလာစေရန် နည်းဗျူဟာပြောင်း၍ အပေးအယူလုပ်နေခြင်းဟု နိုင်ငံရေးဝေဖန်သုံးသပ်သူများက ယုံကြည်နေကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း မြစ်ဆုံစီမံကိန်းကို ပြန်စလိုကြောင်း ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းရာတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ယခု ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲအတွက် ငွေကြေး၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားများနှင့် အသေးစိတ် စီမံပေးခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် လက်ခံကျင်းပရန်ရှိနေသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း ထပ်မံ စီမံခန့်ခွဲဦးမည်ဟု မျှော်လင့်နိုင်သည်။ ဤသို့ဆိုလျှင် တရုတ်နိုင်ငံ၏ ဩဇာမှ လွတ်ကင်းပြီး လွတ်လပ်တက်ကြွသော နိုင်ငံတကာ ဆက်ဆံရေး မူဝါဒ မြန်မာပြည်တွင် ကျင့်သုံးနိုင်မည်ဆိုသည်မှာ အိပ်မက်မျှသာ ဖြစ်တော့မည်။
နေပြည်တော်အစိုးရတွင် နိုင်ငံရေးရည်မှန်းချက်ရှိနေကြောင်း အခြားသက်သေပြချက်မှာ ဆီးဂိမ်းဖွင့်ပွဲကျင်းပမည့် ရက်တွင် တနိုင်ငံလုံးရှိ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၄၄ ဦးကို သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့အတွက် အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်တို့၏ ကြိုဆိုမှုကို မြန်မာအစိုးရ ရရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဆီးဂိမ်းကို ငွေကြေးသန်းပေါင်းများစွာ ရင်းနှီးပြီး ယခုလို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရုံမျှဖြင့် နိုင်ငံ၏ ပုံရိပ် ပြန်လည်ဦးမော့မည် မဟုတ်ပါ။ ကလေးငယ်များအတွက် ဘောလုံးကွင်းများနှင့် အားကစားကွင်းများ မရှိဘဲ မြန်မာ့အားကစား ရေရှည် ခေါင်းမော့နိုင်မည်မဟုတ်။ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း မမြှင့်တင်ဘဲ ကျန်းမာသန်စွမ်းသော အမျိုးသားရေးစိတ်ဓာတ် မဖြစ်ထွန်းနိုင်။
ချုပ်လျှင် ဝဏ္ဏသိဒိ္ဒ အားကစားကွင်းကြီးပေါ်မှ မီးရှူးမီးပန်းများနှင့် ရောင်စုံမီးဆလိုက်များသည် ရင်သပ်ရှုမောဖွယ် ဖြစ်သည်။ သို့သော် လျှပ်စစ်မီး မလုံလောက်သော မြန်မာနိုင်ငံကို ရေရှည် ထွန်းလင်းပေးနိုင်မှသာ ခေတ်မီဖွံ့ဖြိုးသော နိုင်ငံဆီသို့ ချီတက်နိုင်မည် ဖြစ်တော့သတည်း။