စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့ပြီး လူတန်းစား တစု၊ ပါတီ တခုက အာဏာ ချုပ်ကိုင်ရေး အတွက် ထောင့်စေ့အောင် ချုပ်ကိုင်ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက် အလက်များ ပြင်ဆင်ရေး အင်အားပြ လှုပ်ရှားမှုများ ရေချိန်မြင့်တက် လာနေသည်။ ဒီမိုကရေစီနှင့် မကိုက်ညီသော အချက်များ ပြင်ဆင်ရေး ခက်ခဲအောင် ပြုလုပ်ထားသည့် လုံးဝ လက်ခံနိုင် ဖွယ်ရာ မရှိသော ပုဒ်မ ၄၃၆ မှစတင်၍ ပြင်ဆင်ရမည် ဖြစ်သည်။
နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းများနှင့်လည်း မကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်း ကျော်၏ သဘော တူညီချက် လိုသည့်အပြင် ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲ ကျင်းပ၍ မဲဆန္ဒပေးသူ အားလုံး၏ ဆန္ဒမဲ ထက်ဝက် ကျော်ဖြင့် ဥပဒေ ပြင်ဆင်ရမည်ဟု ပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည်။ တခြား တဖက်တွင် ရွေးကောက် တင်မြှောက်စရာ မလိုဘဲ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲတွင် ဝင်ထိုင်ခိုင်းထားရာ အကုန်လုံး ချည်ပြီး တုပ်ပြီး ဖြစ်အောင် လုပ်ထားချက်မှာ တရားမျှတမှု မရှိခြင်းကို ပြနေသည်။
ဥပဒေ ပြင်ဆင်ရေးတွင် သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီ နည်းကျမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ရေး လမ်းပွင့်မည်ဖြစ်သည်။
ပွင့်လင်းမြင်သာမှု မရှိသည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာပြီး စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ပြည့်ဖြိုးရေးပါတီက ကြီးစိုးထားကာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဝင်ထိုင်သော လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံမှု ၇၅ ရာခိုင်နှုန်းကျော် ရရှိရမည်ဆိုမှာ ခြေထောက်ကို ကြိုးတုပ်ပြီး ပြေးခိုင်းသည့်ပမာ ဖြစ်သည်။
စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်တခုတည်းဖြင့်သာ လှုပ်ရှားနေသည့်၊ လွှတ်တော်ထဲတွင် ကိန်းသေအဖြစ် ပိတ်ဆို့နေသည့် အတားအဆီး ဖြစ်သည်။
ဒီမိုကရေစီ နည်းမကျသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် လွှတ်တော်တွင်း ဝင်ထိုင်နေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တခြား အတိုက်အခံ ပါတီများအဖို့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ အရေးတကြီးနှင့် အမြန်ဆုံးလိုအပ်သည်။ မဟုတ်လျှင် သမ္မတဖြစ်ရေးတွင် အကန့်အသတ်များ လုပ်ထားသည့် ၅၉ (စ) ကဲ့သို့ သော ပုဒ်မများ၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် စစ်တပ်ကို ဒီမိုကရေစီ ဘောင်အောက် ထည့်သွင်းရေးတို့မှာ ပြင်ဆင်ချိန်မရဘဲ ဖြစ်နေဦးသည်။ ၂၀၁၅ ရွေးကောက်ပွဲသာ သမာသမတ်ကျစွာ ကျင်းပပေးသည့်တိုင် အတိုက်အခံဘက်မှ သမ္မတရာထူးအထိ တက်လာရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ တိုင်းရင်းသား တန်းတူညီရေး ကိစ္စများ လမ်း ပိတ်နေမည် ဖြစ်သည်။
လွှတ်တော်က ပုဒ်မ ၄၃၆ ကို ပြင်နိုင်သည့် အခြေအနေသို့ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ လတ်တလော တနိုင်ငံလုံး အုံကြွနေသော အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းလမ်း မကျသည့် ဥပဒေများကို ပြင်ဆင်လိုကြောင်း သက်သေပြနေသည်။
တိုင်းရင်းသား အဖွဲ့တချို့ကဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးပါဟုပင် တောင်းဆိုမှုများ ရှိသည်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံများကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အလျဉ်း သင့်တိုင်း တိုက်တွန်းလျက်ရှိသည်။
မြန်မာနိုင်ငံကို တံခါးဖွင့်လိုက်သည်ဟု ဆိုသော်လည်း ဒီမိုကရေစီ ခရီးစဉ်၏ အစပင် မရောက်သေးပေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားနည်းလမ်းကျအောင် ပြင်ဆင်နိုင်မှသာ စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိရေး လမ်းပွင့်လိမ့်မည် ဖြစ်သည်။