လတ်တလော ဖမ်းဆီး အကျဉ်းချခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က မီဒီယာများသို့ အကြောင်းပြချက် ၂ ရပ်ပေးသည်။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းတွင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက အမှုဖွင့် တိုင်ကြားခဲ့သကဲ့သို့ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ပုဒ်မ ၄၀၉/၁၀၉ နှင့် မဟာသနိ္တသုခအရေး ကိုင်တွယ်မှု အပါအဝင် အခြား အုပ်ချုပ်ရေးဆိုင်ရာများ သမ္မတ၏ ပေါ်လစီထက် ကျော်လွန်လုပ်ဆောင်ခြင်း ဟူ၏။
ငွေကြေးအလွဲသုံးစား လုပ်ခြင်းကြောင့် အစိုးရဝန်ကြီး တဦးအား တရားဝင် လူသိရှင်ကြား အရေးယူခြင်းသည် ယခုအကြိမ် သမ္မတ ဦးသိန်းစိန်လက်ထက် ပထမဆုံးဖြစ်သည်။ သို့သော် ဌာနပိုင်ငွေ သိန်း ၁၀၀ ကျော်ကို ကိုယ်ရေးကိုယ်တာ အတွက် ထုတ်ယူသုံးစွဲပြီး ၂၈ သိန်းကျော် ပြန်သွင်းထားသောကြောင့် ၇၂ ကျော် ပေးရန်ကျန်ရှိကြောင်း ထုတ်ပြန်ထားရာ ယင်းငွေကြေးပမာဏသည် လူရယ်စရာ ဖြစ်နေသည်။ လစာဝင်ငွေ မလောက်ငှသော အုပ်ချုပ်ရေးယန္တရားကို ကျပ် ၃ သိန်းအောက် လာဘ်ယူခွင့် သမ္မတက သတ်မှတ်ပေးထားရသော မြန်မာနိုင်ငံကို Transparency International နိုင်ငံတကာ ခြစားမှု စောင့်ကြည့်ရေးအဖွဲ့က ၁၇၇ နိုင်ငံတွင် ၁၅၇ အဆင့်ပေးထားသည်။
ဦးဆန်းဆင့်သည် အခြား စစ်ဗိုလ်ချုပ်ဟောင်းများလို မဟုတ်၊ ဦးသိန်းစိန်ကဲ့သို့ ခြစားမှု အနည်းဆုံး အုပ်ချုပ်သူတဦးအဖြစ် အများပြည်သူက မြင်သည်။ ထို့အပြင် အစိုးရဝန်ကြီး ဌာနများကြား ခြစားမှုများ ရှိကြောင်း ဦးဆန်းဆင့်က ဗြောင် ဝေဖန်ခဲ့ဖူးသည်။ ယခု သူ့ကို ငွေကြေး အလွဲသုံးစားမှုဖြင့် ဖမ်းဆီးသည်မှာ အဆီအငေါ်မတည့် ဖြစ်နေသည်။ ဦးဆန်းဆင့် ရာထူးမှ ရပ်စဲပြီး ဖမ်းဆီးခံရခြင်းသည် နိုင်ငံရေးအကွဲအပြဲနှင့်သာ ပိုသက်ဆိုင်မည်။ သမ္မတနှင့် ရပ်တည်ချက် ကွဲပြားပြီး မဟာသနိ္တသုခအရေး သာသနာရေး ဝန်ကြီးဌာနကိုယ်စား တာဝန်ခံခဲ့ခြင်းဖြစ်မည်။
သို့သော် မဟာသန္တိသုခအရေး အစိုးရ နာမည်ပျက်ခဲ့ရသည်အား ဦးဆန်းဆင့်ကို ဖမ်းရုံဖြင့် အဖတ်ပြန်မဆယ်နိုင်သေး။ ယခင် ဆက်သွယ်ရေး ဝန်ကြီးအား ဖြုတ်ထုတ်ပြီး ဝန်ကြီးဌာနကို အသွင်ပြောင်းခဲ့သလို ဦးသိန်းစိန် ယခုတကြိမ်လည်း သာသနာရေး ဝန်ကြီးဌာနကို ပြောင်းလဲနိုင်ရမည်။ သို့သော် သံဃာများအား တရားစွဲထားခြင်းကို ရုတ်သိမ်းခြင်းမှအစ သံဃာနှင့် အလှူ့ရှင် ဒါယကာများအကြား ပြန်လည် စည်းလုံးညီညွတ်စေမည့် မဟာသန္တိသုခ ကျောင်းကြီးအား ပီနန်ဆရာတော်ကြီး၏ ရည်ရွယ်ရင်းအတိုင်း ကမ္ဘာ့သာသနာပြု ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ မွေးထုတ်ပေးရာကျောင်း ပြန်ဖြစ်စေရေးအထိ သမ္မတ ဦးသိန်းစိန်က လုပ်ဆောင်ပေးရဦးမည် ဖြစ်သည်။
လတ်တလောတွင်မူ ဦးဆန်းဆင့် အဖမ်းခံရသည်မှာ ဦးသိန်းစိန် အစိုးရ၏ ခြစားမှုတိုက်ဖျက်ရေး ဦးတည်ချက်ဖြင့် အရေးယူလုပ်ဆောင်ချက် မဟုတ်ဘဲ ယခင်စစ်အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့သည့်အတိုင်း အကွဲအပြဲကို ခြစားမှု အမည်တပ်ပြီး နိုင်ငံရေးလက်ဦးမှု ရယူခြင်း သက်သက်ဟုသာ အဓိပ္ပါယ်ထွက်နေတော့သည်။