စစ်အစိုးရလက်ထက် မတရားကြီးပွားချမ်းသာသွားကြသော စစ်ခေါင်းဆောင်မိသားစုများနှင့် ခရိုနီစီးပွားရေးသမားများ ယနေ့ အကူးအပြောင်းကာလတွင် ဆက်လက် တွင်ကျယ်ပြီး နေရာကောင်း ဆက်ယူနေကြခြင်း၊ ယင်းတို့၏ အရိပ်မည်းများကို ဖုံးကွယ်ဖျောက်ဖျက်ရာတွင် လက်ရှိ အစိုးရက အကာအကွယ် ပေးနေခြင်းတို့သည် ပြည်သူလူထုက သမ္မတ ဦးသိန်းစိန် အစိုးရအပေါ် ယုံကြည်မှု မရှိခြင်း၏ အဓိကသော့ချက်များထဲမှ တခုဖြစ်သည်။
တိုးမြှင့် ချမှတ်ပေးလိုက်သည့် ပညာရေးနှင့် ကျန်းမာရေး ဘတ်ဂျက်များကို လက်သင့်ရာ စားတော်ခေါ်ပြီး တဆင့်ခြင်း အိတ်ထဲထည့်ကြခြင်း၊ ယင်းအချက်ကို လွှတ်တော်တွင် ထောက်ပြဝေဖန်ရာတွင်လည်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုကာ အစိုးရဘက်မှ အကာအကွယ်ပေးနေခြင်း၊ လာဘ်စားမှုတိုက်ဖျက်ရေး ကော်မတီ၏ လုပ်ဆောင်ချက်များ ထိရောက်မှု လုံးဝ မရှိခြင်းတို့က ဆင်တကောင်လုံးကို အားလုံးက မြင်နေသည့်တိုင် ဆင်ခြေရာ မတွေ့၍ အတည်ပြုမပေးနိုင်ဟု ငြင်းဆိုနေသကဲ့သို့ ဖြစ်နေပေသည်။
ပြည်သူလူထုအတွက် အယုံအကြည်ကင်းစေသည့် ယင်းပွင့်လင်းမြင်သာမှု မရှိခြင်း၊ ယခင် စစ်တပ်အသိုင်းအဝိုင်းမှ လာသူများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်၍ အချင်းချင်း အကာအကွယ်ပေးနေသည်ဟု မြင်နေကြခြင်းတို့သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလက အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို တရားဝင် မှတ်တမ်းတင် ထုတ်ဖော်ကြေညာရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးကတည်းက တကြော့ပြန် စခဲ့သည်။
အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် တာဝန်ထမ်းဆောင်ချိန်မှစ၍ ပိုင်ဆိုင်မှုစာရင်းကို သမ္မတ ဦးသိန်းစိန်ထံ အိတ်ပိတ် ပေးပို့ရပါသည်ဟူသော မည်သူမျှ မယုံသည့် အကြောင်းပြချက်ဖြင့် နိဂုံးချုပ်သွားခဲ့သည်။
ယခုထက်တိုင် အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားရေးတို့တွင် တာဝန် ဆက်လက်ယူနေကြသော စစ်အစိုးရ မျိုးဆက်ဟောင်းများ၊ ကြံ့ခိုင်ရေး အသင်းသားဟောင်းများ၏ ဥပဒေမဲ့လုပ်ရပ်များကို “နောက်ကြောင်းပြန် အရေးမယူရ” ဟူသော အချက်ဖြင့် ၎င်းတို့၏ “သြဇာအာဏာ အလွဲသုံးစားမှု” ကို အကာအကွယ်ပေးထားခဲ့သည့် အပြင်၊ ၎င်းတို့၏ နိုင်ငံတော်သယံဇာတ၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစား လုပ်မှုများကိုလည်း “ပိုင်ဆိုင်မှုများ တရားဝင် ထုတ်ဖော်ကြေညာရန် မလို” ဟူသော အချက်ဖြင့် “ဥစ္စာဘဏ္ဍာ မတရားရှာဖွေခဲ့မှု” ကိုလည်း အကာအကွယ်ပေးထားပြန်သည်။
ဘတ်ဂျက်များ ချပေးရာတွင် လေလွင့်ခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပွဲဈေးတန်းတွင် ဆီးသီးဗန်းမှောက်ချိန် တယောက်တပေါက် ဝိုင်းနှိုက်စားကြပုံဖြင့် ဥပမာ ပေးခဲ့သည်။ ထပ်မံ ဥပမာပေးရလျှင် စစ်အစိုးရလက်ထက်ကတည်း တကြိတ်တည်း တဉာဏ်တည်း ဆီးသီး တဗန်းလုံးပါ မောင်ပိုင်စီးခဲ့ကြသည်သာမက ယခု ပွင့်လင်းစခေတ်တွင်လည်း ဆီသီးဗန်းကို မှောက်အောင်လုပ်ပြီး ဝိုင်းနှိုက်ကြပြန်သည်ဟုသာ ပြောရန်ရှိတော့သည်။
ယခုအချိန်အထိ စီမံကိန်းများ၊ အစိုးရနှင့် ဝန်ကြီးဌာနပိုင် မြေများကို မည်သို့ တင်ဒါခေါ်သည်၊ မည်သို့ လွှဲပေးသည်၊ မည်သို့ အမည်ပေါက်ဖြင့် လွှဲယူသည် စသည့် ကိစ္စများမှာလည်း ပွင့်လင်း မြင်သာမှု၊ အများပြည်သူ သိရှိမှု မရှိကြပေ။ ခရိုနီအများစုက စစ်ဗိုလ်ချုပ်များနှင့် ပေါင်းကာ သိမ်းယူထားသည့် လယ်ယာမြေများ ပြန်ပေးခြင်း မရှိသကဲ့သို့ စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ မိသားစုဝင် ဆွေမျိုးများ အမည်ပေါက်နေသည့် မြေယာများကိစ္စ၊ ပိုင်ဆိုင်မှုကိစ္စများကို ရှင်းလင်းနိုင်ခြင်းလည်း မရှိပေ။
နိုင်ငံတော် ဘတ်ဂျက်များ အသုံးပြုမှု၊ စီမံခန့်ခွဲမှုတို့တွင်လည်း ယခုထက်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများ မရှိ။ မီဒီယာများက ထုတ်ဖော် ရေးသားခြင်းနှင့် ပြည်သူအများက အသိရှိရှိ ဝေဖန်ပြောဆို ကန့်ကွက်ခြင်းများ မရှိလျှင် “ဒီမိုကရေစီ အကူးအပြောင်း” ဟူသော ခေါင်းစဉ်အောက်၌ ပွဲမလန့်လည်း ပွဲလှန့်၍ ဖျာဆက်ခင်း၊ ဆီးသီးဗန်း တွန်းလှဲပြီး ဝိုင်းနှိုက်ကြဦးမည့်သူများကို မြင်နေကြရသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “အဲဒီလိုစေတနာ ယုတ်တဲ့ကိစ္စမျိုးက သည်းခံလို့ မဖြစ်ဘူး” ဟု ယတိပြတ်ပြောထားရာ ပြည်သူလူထု၏ ဆန္ဒမှာလည်း ယင်းကဲ့သို့ပင် ဖြစ်စေချင်မည်မှာ အသေအချာဖြစ်ပေသည်။