ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းပိတ်နေခြင်း၊ အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက်ခံနေရခြင်း စသည့် မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း ရှေ့ဆက်မတိုးနိုင်တော့ချိန်တွင် လိပ်ခဲတည်းလည်းဖြစ်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်သည်လည်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဗိုလ်သင်တန်းကျောင်းအပေါ် လက်နက်ကြီးနှင့် ပစ်ခတ်ခံရပြီး ၂၃ ဦး သေဆုံးမှုကြောင့် ထပ်ဆင့်တိုးလာသည့် မျှော်လင့်ချက် ကင်းမဲ့မှုတခု ဖြစ်လာသည်။
အစိုးရတပ်မတော်က လက်ခံနိုင်လောက်သည့် ဖြေရှင်းချက် မပေးသည့်အပြင် KIA အပေါ် ပြန်လည် ပြစ်တင်စွပ်စွဲမှုများ ပြုလုပ်ခဲ့ခြင်းက နိုင်ငံတဝန်း ထာဝရတည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရေးအပေါ် အစိုးရတပ်မတော်၏ မူဝါဒ သဘောထားကိုလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။
ကချင် ဗိုလ်သင်တန်းကျောင်းတွင် သေဆုံးသူများသည် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင် အမျိုးသား တပ်မတော် (AA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က ဖြစ်နေသဖြင့် ယင်းဂယက်သည် KIA သာမက တခြားအဖွဲ့များနှင့်ပါ ဆက်စပ်နေသောကြောင့် နဂိုကတည်းက အထစ်အငေါ့ဖြစ်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မျက်နှာချင်းပြန်ဆိုင်ရန် ခက်ခဲမည့် အနေအထားဖြစ်သည်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထုတ်ပြန်ချက်တွင် ယင်းလုပ်ရပ်ကြောင့် အစိုးရအနေနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်သည့် စိတ်ရင်းစေတနာ ရှိ၊ မရှိ ဆိုသည်ကိုလည်း မေးခွန်းထုတ်ထားပြီး ယုံကြည်မှု တည်ဆောက်ရာတွင် ယခုလုပ်ရပ်သည် အဟန့်အတား ကြီးမားစွာ ဖြစ်စေသည်ဟုလည်း ထောက်ပြဝေဖန်ထားသည်။
တမင်ရည်ရွယ်၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု KIA က တုံ့ပြန်ပြောဆိုထားသော ယင်းကိစ္စဖြစ်ပြီး နောက်ရက်များတွင်လည်း အစိုးရတပ်မတော်ဘက်က နှစ်ဦးနှစ်ဘက် ညှိနှိုင်းရေး ကြိုးပမ်းရမည့်အစား လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ဆက်လက် သတိပေးပစ်ခတ်နေခဲ့သည်။
ယခုကဲ့သို့ အခြေအနေ တင်းမာနေခြင်းက မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အခြေခံကျသော ယုံကြည်မှုတည်ဆောက်ရေး ပျက်ပြားနေခြင်းကို ဖော်ပြနေသည်။
မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းတွင် ပူးပေါင်းပါဝင်ရေးထက် ဖျက်မြင်းတခုသဖွယ်ဖြစ်လာနေသော အစိုးရ တပ်မတော်ကဏ္ဍနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဦးစီးချုပ်က အစိုးရအထက်တွင် ရှိနေသလောဟု သမ္မတ ဦးသိန်းစိန် အစိုးရလည်း မကြာခဏ ဝေဖန်ခြင်း ခံနေရသည်။
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း မြန်မာအစိုးရတပ်က လူမဆန်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းက မကြာသေးမီကပင် ထုတ်ပြန်ခဲ့ရာ အစိုးရတပ်မတော် တာဝန်ရှိသူများက တဖက်သတ်ဆန်သည်ဟု ငြင်းဆိုခဲ့ကြသည်။ သို့သော် ယခုကဲ့သို့ ရည်ရွယ်ရှိစွာ ပစ်ခတ်ခြင်းဖြစ်သည်ဟု စွပ်စွဲခံနေရသော ပစ်ခတ်သတ်ဖြတ်မှုများမှာ ယင်းအစီရင်ခံစာ လေ့လာတင်ပြချက်များကို ပြန်သတိပေးရာ ရောက်နေသည်။
အမေရိကန် စစ်တပ်က မြန်မာ အစိုးရစစ်တပ်နှင့် ထိတွေ့ပြီး လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေများ၊ လူသားချင်း စာနာထောက်ထားရေး အကူအညီဆိုင်ရာများ၊ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သင်တန်းပေးမည်ဟု ပြောဆိုထားသည်။ သို့သော် ယခုကဲ့သို့သော တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်မှုများကြောင့် တိုင်းရင်းသားများဘက်ကလည်း အမေရိကန်-မြန်မာ စစ်တပ်ဆက်ဆံရေး အလားအလာကို ဆက်လက် ကန့်ကွက်စရာ အကြောင်းဖြစ်လာပေလိမ့်မည်။
ငြိမ်းချမ်းရေး ရရှိရေး အရေးကြီးနေသည့် ကာလတွင် ယခုကဲ့သို့သော လူအသေအပျောက်များလှသည့် ပစ်ခတ်မှုများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရတပ် ခေါင်းဆောင်များ၏ သဘောထား တင်းမာမှုများသည် ပြည်တွင်း ဒီမိုကရေစီ ပြောင်းလဲရေးအတွက်သာမက နိုင်ငံတကာ ဆက်ဆံရေး စာမျက်နှာတွင်ပါ ထိခိုက်မှုများ ရှိလာလိမ့်မည် ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ခိုင်မာသော ယုံကြည်မှု ယခုအချိန်အထိ မတည်ဆောက်နိုင်လျှင် တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အလှမ်းဝေးဦးမည် ဖြစ်သည်။ ။