ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ တရိပ်ရိပ် ထိုးတက်နေခြင်းသည် မြန်မာပြည်တွင် ရေရှည် မကုသနိုင်သေးသည့် ရောဂါသဖွယ်ဖြစ်သည်။ အခြေခံစားကုန်ဈေးနှုန်း တက်ခြင်းသည် နိုင်ငံ့စီးပွားရေးတွင် ငွေကြေးဖောင်းပွမှုကို ရည်ညွှန်းကြောင်း စီးပွားရေးပညာရှင်တို့က ဆိုသည်။ ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုနှုန်းနှင့် လိုက်လျောညီထွေဖြစ်လျင် ပြဿနာ မဟုတ်။ လိုက်လျောညီထွေ မဖြစ်ဘဲ ငွေကြေးဖောင်းပွနှုန်းကသာ တဘက်သက် ကြီးမြင့်နေလျင် အခြေခံစားကုန် ဈေးကြီးမြင့်မှုကြောင့် အများပြည်သူ၏ နေ့စဉ်ဘဝတွင် ဝန်ပိုပိတော့သည်။
ဈေးတက်တိုင်း အမြတ်ကြီးစား ကုန်သည်များ၏ ဈေးကစားမှုကြောင့်ဟု အစိုးရက အမြဲဆိုသလို အပြစ်ပုံချတတ်သော်လည်း ယင်းအကြောင်းပြချက်မှာ တဝက်သာ မှန်သည်။ အမှန်တဝက်မှာ အစိုးရ၏ ညံ့ဖျင်းသော ပေါ်လစီများနှင့် အသုံးမကျသော လုပ်ထုံးလုပ်နည်းများကြောင့်လည်း ပါဝင်သည်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး “ပြည်သူပိုင်သိမ်းသည်” ဟု အကြောင်းပြကာ ပုဂ္ဂလိကပိုင်လုပ်ငန်းများကို စာရင်းမရှိ အင်းမရှိ သိမ်းဆီးရာမှ ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရှားပါးသွားပြီး ဈေးနှုန်းများ အဆမတန် ထိုးတက်ကုန်တော့သည်။ မှောင်ခိုစနစ်ကြီးထွားလာပြီး နောက်ဆုံး မနိုင်မနင်းဖြစ်ကာ ငွေတန်ဘိုးလျော့ချရန် ငွေစက္ကူများကို လူထုလက်မှ ပြန်သိမ်းရာမှ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွပေါက်ကွဲခဲ့သည်။ ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနှုန်း တက်ရာကလည်း အခြေခံစားကုန်များ ဈေးတက်ကာ ဆန္ဒပြပွဲများ တဖန်ပေါ်ထွက်ခဲ့ပြန်သည်။
ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနေရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုနှုန်း တက်လာနေသည်။ ကမ္ဘာ့ဘဏ်၏ ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၃ တွင် ၇ ဒသမ ၅ ရာနှုန်းရှိပြီး ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် ၇ ဒသမ ၈ ထိရောက်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၈ သို့ ရောက်လာခဲ့သည်။ ကမ္ဘာ့ဘဏ်ဌာနေ စီးပွားရေးပညာရှင် Khwima Nthara က ရေကြီးပြီး ပြည်တွင်းဆန်ထွက်နှုန်း ကျဆင်းမှုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍသို့ ပြည်တွင်းချေးငွေထုတ်ပေးမှု မြင့်တက်လာသောကြောင့် ငွေဖောင်းပွမှုနှုန်း မြင့်တက်လာရာ အခြေခံကုန်ဈေးနှုန်းများ တက်လာစေကြောင်း ထောက်ပြသည်။
ယခုအပတ် ကုန်ဈေးနှုန်းခုန်တက်ခြင်းမှာမူ နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဒေါ်လာဈေး တက်လာခြင်းနှင့် ဝန်ထမ်းလစာတိုးမည်ဆိုသော သတင်းများနှင့် များစွာ သက်ဆိုင်ပေမည်။ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းတန်ဖိုး ဆက်တိုက် မြင့်တက်လာမှု နောက်ဆက်တွဲအဖြစ် သွင်းကုန်ပစ္စည်းအများစု၏ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။ ဒေါ်လာငွေကြေး လဲလှယ်နှုန်း မြင့်တက်လာခြင်းသည် ပြည်တွင်းသို့ သွင်းကုန်ပစ္စည်း တင်သွင်းမှု များပြားလာခြင်းနှင့် သွင်းကုန် ပို့ကုန် ကွာဟချက်ကြောင့် နိုင်ငံခြားငွေ လိုအပ်ချက် ကြီးမားလာခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ထို့ကြောင့် သွင်းကုန် ထုတ်ကုန် ကွာဟချက် လျှော့ချရန် လက်တွေ့ကျသော မူဝါဒနှင့် အစွမ်းထက်သော လုပ်ထုံးလုပ်နည်းများကို အစိုးရက ဖော်ဆောင်သင့်သည်။
ဝန်ထမ်းလစာတိုးမည်ဆိုသော သတင်းကြောင့် အခြေခံစားကုန် ဈေးနှုန်းတက်သည်မှာ အမြတ်ကြီးစားလိုသော ကုန်သည်များက ပစ္စည်းကို ဈေးတင်ပြီး ရောင်းချခြင်းကြောင့်ဆိုသည်ကိုလည်း အစိုးရက တာဝန်ခံရမည်ဖြစ်သည်။ ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံတွင် ကြက်သွန်နှင့် အာလူး ဈေးများ ရုတ်တရက် ခုန်တက်သွားရာ အစိုးရက အမြတ်ကြီးစားတိုက်ဖျက်ရေး ၁၉၅၅ ခုနှစ်ကတည်းက ပြဌာန်းထားသော The Essential Commodities Act ကို ထုတ်သုံး၍ စားသုံးကုန်ဈေးများကို ဝင်ထိန်းပေးပြီး စားသုံးသူပြည်သူများကို ကာကွယ်ပေးခဲ့သည်မှာ အနီးစပ်ဆုံး ဥပမာဖြစ်သည်။