နော်ဝေဘုရင် ဟာရိုးနှင့် မိဖုရား ဆွန်ညာတို့ မန္တလေးသို့ ရောက်လာချိန် ကြိုဆိုရန် ဂေါဝိန်ဆိပ်အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်းရဲသား ရပ်ကွက်တခုကို အဓမ္မရွှေ့ပြောင်းပစ်ခဲ့ခြင်းသည် “မြန်မာ့နွေဦး” ပြုပြင်ပြောင်းလဲရေး အရာ မရောက်သေးကြောင်း နိုင်ငံတကာသို့ နောက်ထပ် သက်သေပြချက်တခု ဖြစ်သည်။
နော်ဝေသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းဖြင့် မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံခဲ့ပြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တို့တွင်လည်း တင်ရှိနေသော အကြွေး ခရိုနာ ၃ ဒသမ ၂ ဘီလီယံ (ယူရို ၄၃၁ သန်း) ကို လျှော်ပစ်ခဲ့ခြင်းဖြင့် မျက်လုံးစုံမှိတ် ကူညီအားပေးခဲ့သည်။
နော်ဝေဘုရင် ဟာရိုးနှင့် မိဖုရား ဆွန်ညာတို့ မြန်မာပြည်သို့ အလည်လာခြင်းသည် နှစ်နိုင်ငံကြား အဆင့်အမြင့်ဆုံး သံတမာန်ဆက်ဆံရေး တည်ဆောက်မှုဖြစ်သည်။ ထို့ပြင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော် လိုက်ပါလာခဲ့ခြင်းကလည်း မြန်မာပြည်တွင် နော်ဝေက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြသနေသည်။ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ မြန်မာပြည်တွင် အလုပ်ဖြစ်နေသည်ကလည်း အထင်အရှား ဖြစ်နေသည်။
ထိုသို့ မင်္ဂလာယူရမည့်အချိန်တွင် ပုဂံမှ မန္တလေးသို့ သင်္ဘောဖြင့် ဆိုက်ရောက်လာမည့် နော်ဝေဘုရင်နှင့် မိဖုရားကို မန္တလေးအာဏာပိုင်များက လောကွတ်ပြုချင်ပေလိမ့်မည်။ ထို့ကြောင့် ဂေါဝိန်ဆိပ်ကမ်းအနီး နေထိုင်သူ အိုးအိမ်မဲ့ အလုပ်သမားမိသားစုများကို မောင်းထုတ်ပြီး ကြီးမားကျယ်ပြန့်သော မြေကွက်လပ်ကြီးကို ချက်ခြင်း ဖန်တီးလိုက်ခြင်းဖြစ်မည်။ သို့သော် မျက်နှာမရ ခြေထောက်သာရခဲ့သည်။
မန္တလေးအာဏာပိုင်တို့က သာမာန် လုပ်ရိုးလုပ်စဉ်ဟု ဆိုသော်လည်း နော်ဝေနိုင်ငံသည် ပွင့်လင်းမြင်သာသော ဒီမိုကရေစီစနစ်ကို အပြည့်အဝကျင့်သုံးကာ လူလူချင်းတန်းတူညီမျှရေးကို ယုံကြည်သောကြောင့် ယင်းလုပ်ရပ်သည် လူလူချင်း တန်ဘိုးမထား မလေးစားတတ်သော စစ်အာဏာရှင်ခေတ် အကျင့်အကြံများအတိုင်းဖြစ်ပြီး ဆင်းရဲမွဲတေမှုကို ဖုံးကွယ်လိုသည့်သဘော သက်ရောက်နေကြောင်း ထင်မြင်ယူဆသွားကြသည်။
ထို့ပြင် မိမိနှင့် ပတ်သက်နေသဖြင့် ရွှေ့ပြောင်းခံရသူတို့အပေါ် ဝမ်းနည်းပါကြောင်း နော်ဝေဘုရင်က တောင်းပန်စကားဆိုခြင်းသည် စိတ်ကြီးဝင်နေသော မြန်မာအာဏာပိုင်များအတွက် အင်မတန် ရှက်ဖွယ်ဖြစ်သည်။ အုပ်ချုပ်သူဘက်မှ မိမိပြည်သူကို ဆင်းရဲနွမ်းပါးသည်ဖြစ်စေ ပညာမတတ်သူဖြစ်စေ လူလူချင်း တန်းတူဆက်ဆံရေးမျိုး မရှိသရွေ့ လက်ရှိအစိုးရ ပြောဆိုနေသော ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းများ လူရယ်စရာ ဖြစ်နေဦးမည်ဖြစ်သည်။ မြို့ကြီးများပေါ်တွင် ယင်းသို့ တဘက်သက်ပြုမူနေလျှင် တောတောင်ကြားတွင် မည်သို့ပြုမူနေကြသနည်းဟူသော မေးခွန်းကလည်း အဘယ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်မရကြောင်း အဖြေပေးနေသကဲ့သို့ ဖြစ်သည်။
မြန်မာနိုင်ငံသည် ပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီစနစ်ဆီ ရောက်ရန် အဝေးကြီး လိုနေသေးကြောင်း နော်ဝေတို့၏ ကောက်ချက်မှာ နိုင်ငံတကာတွင် ပထမဆုံးတော့ မဟုတ်ပါ။ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားက မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် နှေးကွေးနေသည်ဟု မှတ်ချက်ပြုခဲ့သေးသည်။ အမေရိကန်စစ်တပ်အနေဖြင့် စစ်တပ်ကြီးစိုးမှု ရှိနေသော မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပြုလုပ်ရန် အချိန်မကျသေးဟု အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ် ဂျူနီယာက မကြာသေးမီကလည်း ထုတ်ဖော်ကြေညာခဲ့သည်။
အချုပ်ဆိုလျှင် ဂေါဝိန်အဖြစ်အပျက်သည် စစ်ယူနီဖောင်းမှ အရပ်သားဝတ်စုံသို့ ပြောင်းလဲဝတ်ဆင်လိုက်သလို စစ်အာဏာရှင်စနစ်မှ အရပ်သားအစိုးရသို့ ပြောင်းလဲနေပြီဟု ကြွားလုံးထုတ် မရနိုင်ဘဲ လူလူချင်း တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုတို့ အခြေခံသော လူ့အခွင့်အရေးစံနှုန်းများအား လက်ခံကျင့်သုံးမှသာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သင်ခန်းစာပေးခဲ့သည်ဟု တင်ပြဆွေးနွေးအပ်ပါသည်။