၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး နောက်ထပ်သက်တမ်းတွင် လက်ရှိဖော်ဆောင်နေသော “ပြုပြင်ပြောင်းလဲရေး”ကို ပိုမိုပီပြင်လာစေရန် သမ္မတ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားလိုကြောင်း ဦးသိန်းစိန်၏ ရည်မှန်းချက်အား ပြီးခဲ့သော ဇန်နဝါရီ ၄ ရက်၌ နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သော ဗိုလ်ရှုခံသဘင်က ပိုမိုခိုင်မာစေခဲ့သည်။
၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြီးခဲ့သည့် ၄ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများကို ဂုဏ်ဖော်အမွှန်းတင်ခြင်း ဖြစ်သလို တပ်မတော်က အပြည့်အဝထောက်ခံမှုရှိကြောင်းလည်း အတည်ပြုခြင်း ဖြစ်သည်။ လွတ်လပ်ရေးနေ့ ပေးပို့သော သဝဏ်လွှာတွင် ဦးသိန်းစိန်က “စေ့စပ်ဆွေးနွေး အဖြေရှာကြရန်ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်” အသက်ဝင်ရှင်သန်လာကြောင်း၊ “ဒီမိုကရေစီအသွင်ကူးပြောင်းရေး”သည် “လမ်းကြောင်းမှန်”ပေါ်ရှိနေပြီး အောင်မြင်မှုများမှာလည်း အစိုးရတဖွဲ့တည်းကြောင့် မဟုတ် “လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူတရပ်လုံး” ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စည်းရုံးရေးလေသံပစ်လိုက်ပြီး ၂၀၁၅ အဖွင့် နိုင်ငံရေးခြေလှမ်းကို စလိုက်သည်။
ရွေးကောက်ပွဲသို့ ဦးတည်ရွေ့လျားနေသော ၂၀၁၅ တနှစ်ပတ်လုံးအတွက် ဦးသိန်းစိန်သည် ရေဒီယိုမိန့်ခွန်းများနှင့် မလုံလောက်၊ မကြာမီ ခန့်ထားတော့မည့် သမ္မတအိမ်တော် သတင်းထောက်များမှတဆင့်လည်း သတင်းစာနယ်ဇင်းနှင့် ထိတွေ့ပြီး မဲဆန္ဒရှင်ပြည်သူများအကြား ကိုယ့်ပုံရိပ်ကို ပိုကောင်းစေမည့် နိုင်ငံရေးခြေလှမ်းများကိုလည်း လှမ်းတော့မည်မှာ သေချာနေပေပြီ။ ယခုကိုပင် လွတ်လပ်ရေးနေ့တက်ရောက်လာသော လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့နဲ့ တွေ့ဆုံပြီး လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ ကမ်းလှမ်းလိုက်ပြီဖြစ်သည်။
သို့ရာတွင် ဦးသိန်းစိန်၏ နိုင်ငံရေးခြေလှမ်းများမှာ ထင်သလောက် ရောင်းစွံမည့်ပုံ မပေါ်။ ဗိုလ်ရှုခံအခမ်းအနားသို့ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ကနဦးကာလတွင် ထောက်ခံအားပေးခဲ့သော ဒီမိုကရေစီရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခြင်း မရှိသလို မြန်မာပြည်မြောက်ဖျားတွင် စစ်ရေးအရ ပြန်လည်တင်းမာနေသော ကချင်လွတ်လပ်ရေးတပ်မတော်အပါအဝင် ၎င်း၏ မဟာမိတ်လက်နက်ကိုင်တပ်များ၏ ကိုယ်စားလှယ်များလည်း မတက်ရောက်ခဲ့ခြင်းက စလျှင်စချင်း ကြုံရသော စိန်ခေါ်မှုဖြစ်သည်။ တိုင်းပြည် သာယာဝပြောအောင် လုပ်ပေးမည်ဟု ကတိပြုပြောဆိုနေသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ပြည်သူလူထု အနေဖြင့် သတိထားရန်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌက အချိန်ကိုက် ပြောဆိုခြင်းသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်အကြား နိုင်ငံရေးအရ ယုံကြည်မှု ပျောက်သွားပြီ ဖြစ်ကြောင်း အတည်ပြုချက်ဖြစ်သည်။
ဦးသိန်းစိန်အနေဖြင့် အာဏာရ ကြံ့ခိုင်ရေးပါတီတွင်း၌လည်း ပြည်သူ့လွှတ်တော် နာယကလည်းဖြစ် လက်ရှိ ပါတီဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်း၏ စိန်ခေါ်ချက်နှင့်လည်း ကြုံနေရသည်။ သမ္မတဖြစ်ချင်သည်ဟု အတိအလင်းကြေညာထားပြီး ဦးသိန်းစိန်၏ ပါတီတွင်းခေါင်းဆောင်မှုကို စိန်ခေါ်နေသော သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ ဆက်ဆံရေး အတော်ကောင်းမွန်လာသောကြောင့် အကယ်၍ ၂၀၁၅ အလွန် နိုင်ငံရေးတွင် သူရဦးရွှေမန်းသာ သမ္မတဖြစ်လာပါက ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းသွားနိုင်မည်ဟု အတိုက်အခံနိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆနေကြသည်။ ယင်းကို မဲဆန္ဒရှင်များ သဘောကျနိုင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ မဲရနိုင်မည့်အချက်ဟု သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုအပိုင်းက ယုံကြည်ခဲ့ကြသည်။
ဦးသိန်းစိန်၏ အစိုးရအဖွဲ့ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန်သာ တစိုက်မတ်မတ် တောင်းဆိုနေသော အတိုက်အခံကို အလျှော့မပေးဘဲ ၎င်းတို့၏ ၄ နှစ်တာ “ပြုပြင်ပြောင်းလဲရေး” စွမ်းဆောင်ချက်များကို စိတ်ချယုံကြည်နေပြီး တပ်မတော်၏ ထောက်ခံကျားကန်မှုကို အပိုင်တွက်ထားသည်။ သို့သော် ဆင်းရဲမွဲတေမှု၊ ခြစားမှု၊ နိုင်ငံ့အခြေခံအဆောက်အဦများ နွမ်းပါးနေမှု၊ လူထုပညာရေး ကျန်းမားရေးကဏ္ဍ နိမ့်ပါးနေမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ဆက်လက်ဖြစ်ပွားနေမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဆက်ဆံရေး တင်းမာလာခြင်းတို့ကမူ ဦးသိန်းစိန်အစိုးရအဖွဲ့၏ ခေါင်းဆောင်မှုအား နောက်ထပ် ၅ နှစ် ထပ်မံအချိန်ပေးရန် မဲဆန္ဒရှင်များကို အကြီးအကျယ် သံသယဖြစ်နေစေသည်။
သေချာသည်၊ ၂၀၁၅ ခုနှစ်သည် ဦးသိန်းစိန်အစိုးရအဖွဲ့အတွက် အကျအဆုံးများမည့် တောင်ကုန်းသိမ်းပွဲတပွဲ ဖြစ်ပေလိမ့်မည်။ တောင်ကုန်းကျ မကျကား မသေချာပေ။