ပြည်တွင်းနိုင်ငံရေးတွင် ကိုးကန့်စစ်ပွဲ ဖြစ်ပွားနေခြင်း၊ ကျောင်းသားသပိတ် အရှိန်အဟုန် မြင့်တက်လာခြင်း၊ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ မသေမချာ ဖြစ်လာခြင်း အပါအဝင် နိုင်ငံရေး အကျပ်အတည်းများ ကြုံတွေ့လာချိန်တွင် သမ္မတ ဦးသိန်းစိန်က ဆိုင်းမဆင့်ဗုံမဆင့် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ နေပြည်တော် လယ်တောအိမ်တွင် မတ်လ ၂ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်ဟု ခပ်တိုတို သတင်းထုတ်ပြန်ပြီး ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိပေ။ ဆွေးနွေးသည့် အကြောင်းအရာသည် မြန်မာပြည်သူအားလုံးနှင့် တိုက်ရိုက် သက်ဆိုင်သော်လည်း ဆွေးနွေးမှု အတိုင်းအတာနှင့် သဘောတူညီချက်များကို မထုတ်ပြန်ခြင်းသည် ယခုကဲ့သို့သော အပြောင်းအလဲ ကာလမျိုးတွင် မဖြစ်သင့်ပေ။ ထို့အပြင် အရေးကြီးသည့်ကာလတွင် အရေးပါသည့် နိုင်ငံရေး Actor များအကြား လျှို့ဝှက်မှုများဖြင့် နိုင်ငံရေးကစားသည့်ပုံစံ ဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အကြား ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ်အထိ ၄ နှစ်တာ ကာလအတွင်း ၆ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သော်လည်း ၂ ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မပြုခဲ့ပေ။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဦးဆုံးသော တွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ “သမ္မတကြီးကို ယုံပါတယ်” ဟု ပြောဆိုခဲ့သောကြောင့် တိုင်းပြည်ပြောင်းလဲရေး မျှော်လင့်ချက်ကြီးကြီး ထားခဲ့ကြသည်။
သို့သော် ကာလတခု ကြာလာသည်နှင့်အမျှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ပြည်သူများ မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ဘဲ ရှေ့မတိုး နောက်မဆုတ် နိုင်ငံရေးပုံစံဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံရေးမှာလည်း အေးစက်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အကြီးအကျယ် အမြတ်ထွက်ခဲ့ပြီး တရားဝင် အစိုးရအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်း ဝင်ဆံ့လာခြင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသွားခြင်း၊ နိုင်ငံတကာ အကူအညီများစွာ ရရှိလာခြင်းဟူသော အကျိုးအမြတ်များ ရရှိစေခဲ့သည်။
“တိုင်းပြည်အတွက် ကျမကို အသုံးချမယ်ဆိုရင် အသုံးချခံမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် တိုင်းပြည် အတွက်ထက် သမ္မတ ဦးသိန်းစိန် အစိုးရ၏ အာဏာကို အာမခံချက် ရရှိစေမှုနှင့် တရားဝင်မှု အတွက်သာဖြစ်သည်ဟု အဖြေထွက်နေသည်။
တဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းပြည်တိုးတက်ရေး အားရလောက်အောင် မရှိသဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရတွင် ပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်သော ဆန္ဒမရှိဟု ဆိုနိုင်သည်။ လတ်တလော နိုင်ငံတွင် ရင်ဆိုင်ရသော ဘက်စုံ အကျပ်အတည်းများကို ထိရောက်စွာ ဖြေရှင်းရန်မှာ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုနှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရေးသာ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်က တောင်းဆိုထားသော ၆ ပွင့်ဆိုင် တွေ့ဆုံရေး လုပ်ဆောင်ရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနှင့် စားပွဲဝိုင်းတွင် စစ်မှန်သောဆန္ဒဖြင့် ဆွေးနွေးရမည်ဖြစ်သည်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား သပိတ်တို့နှင့် ပတ်သက်၍ လတ်တလောပြဿနာ ပြေလည်လျှင်ပြီးရော တပွဲတိုး တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်သင့်ဘဲ စစ်မှန်သော၊ အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသော ဆန္ဒကို အရင်းတည်၍ တိုင်းပြည် အကျိုးရှိရေး စေတနာထားကာ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရမည် ဖြစ်သည်။
လတ်တလော ကျရောက်နေသော ပြည်တွင်းပြည်ပ နိုင်ငံရေး ဖိအားများကို လျော့ကျစေရန်အတွက် ရည်ရွယ်သော အတုအယောင် တွေ့ဆုံ ဆွေးနွေးမှုများသည် လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို မဖြေရှင်းနိုင်သည့်အပြင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး နှောင့်နှေးစေသည်ကို သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် သတိချပ်သင့်သည်။