လူ ၃၅၀၀ ခန့် သေဆုံးပြီး ၇ ထောင်နီးပါး ဒဏ်ရာရရှိစေခဲ့သော နီပေါငလျင်ကြောင့် ကမ္ဘာတဝန်းက အာရုံစိုက်ခဲ့ရပြီး အရေးပေါ် အကူအညီများလည်း အလျင်အမြန် ပေးလျက်ရှိကြသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်က အကူအညီပေးနိုင်မည့် စာရင်းတောင်းသည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က စာရင်းပေးထားပြီး နိုင်ငံတကာအဆင့် စနစ်တကျ သင်တန်းပေးထားသော စေတနာ့ဝန်ထမ်း ၈ ဦးကို အသင့်ပြင်ထားကြောင်း သိရသည်။
ကုန်းတွင်းပိတ် နိုင်ငံတနိုင်ငံဖြစ်သော နီပေါတွင် နိုင်ငံရေး မတည်ငြိမ်မှု၊ ဖွံဖြိုးဆဲနိုင်ငံဖြစ်သဖြင့် အခြေခံအဆောက်အဦ မပြည့်စုံမှုများကြောင့် အကူအညီပေးရေးနှင့် သဘာဝဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အခက်အခဲများ ရင်ဆိုင်နေရသည်။ ငလျင်ဒဏ်ခံ ဒေသများတွင် အဆက်အသွယ်များ ပြတ်တောက်နေပြီး အခြေအနေကို သိနိုင်ရန် နှောင့်နှေးနေသည်။
ငလျင်များနှင့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော ပြင်းထန်လှသည့် သဘာဝဘေးအန္တရာယ် တွေ့ကြုံဖူးသည့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအတွက်သာမက အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံများအတွက်ပါ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စည်းစနစ်ကျနစွာ ပြင်ဆင်လေ့ကျင့်ထားပေးရန် လိုအပ်ကြောင်း အင်အားပြင်းထန်သည့် နီပေါငလျင်က အချက်ပေးနေသည်။
၁၉၃၇ ခုနှစ်တွင် စတင် သန္ဓေတည်ခဲ့သော မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ယခုနှစ်မှစတင်၍ တပ်မတော်နေ့ ကဲ့သို့သော လက်နက်ကိုင်အဖွဲ့ကိစ္စများ၊ ကြက်ခြေနီနှင့် မသက်ဆိုင်သော အစိုးရအလုပ်များတွင် မပါဝင်တော့ဘဲ လူမှုကရုဏာလုပ်ငန်းများ၌ အရန်အင်အားအဖြစ် ပီပီပြင်ပြင် ပြန်လည် တာဝန်ထမ်းဆောင်ရန် အားယူနေရချိန် ဖြစ်သည်။ ယခုအခါ ကြက်ခြေနီအသင်းသည် လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သာလှရွှေက ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ဖူးသည်။
ကြက်ခြေနီအသင်းအပါအဝင် လူမှုကူညီရေး အဖွဲ့များ စနစ်ကျ အားကောင်းစွာ လည်ပတ်နိုင်မှသာ ပြည်တွင်း အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများသာမက ပြည်ပအတွက်ပါ အကူအညီများ လျင်မြန်စွာ ပေးနိုင်သည့် အခြေအနေ ရောက်မည်ဖြစ်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတဝန်း မြို့နယ်များတွင် အဖွဲ့ခွဲ ၃၀၀ ကျော်နှင့် စေတနာ့ဝန်ထမ်း ၂ သိန်းခွဲခန့် ရှိသည်ဆိုသော်လည်း အရေးပေါ် အကူအညီများအတွက် စနစ်တကျလေ့ကျင့်ပေးထားသော စေတနာ့ဝန်ထမ်းများ ပိုမိုလိုအပ်နေဆဲဖြစ်သည်။
အမေရိကန်၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံကြီးများက နီပေါနိုင်ငံသို့ ရာနှင့်ချီသော အရပ်ဘက်၊ စစ်ဘက် ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ရှာဖွေရေး ခွေးများနှင့် အထောက်အပံ့ပစ္စည်းများ၊ ငွေများ ပေးပို့ကြသည်။ အယ်လ်ဂျီးရီးယား၊ ဘူတန်၊ တောင်အာဖရိက စသည့် နိုင်ငံများကလည်း ကူညီရေးအဖွဲ့များ စေလွှတ်သည်ကို တွေ့ရှိရသည်။ အာရှအိမ်နီးချင်း နိုင်ငံများတွင် အရေးပေါ် ရှာဖွေရေးနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့ (SAR Team) များအသင့်ရှိနေပြီး ချက်ချင်းစေလွှတ်ကူညီနိုင်ရန် အသင့် လေ့ကျင့်ပြင်ဆင်ထားကြောင်း တွေ့နိုင်သည်။
စတင် ပွင့်လင်းစပြုနေသော မြန်မာနိုင်ငံတွင်လည်း လွပ်လွတ်စွာ စီမံဆောင်ရွက်ခွင့်ရလာသည့် မြန်မာ့ ကြက်ခြေနီအသင်းအပါအဝင် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များ အနေဖြင့် သဘာဝဘေးအန္တရာယ်၊ အရေးပေါ် အကူအညီများအတွက် ပြည်တွင်း၌သာမက လိုအပ်လာလျှင် ပြည်ပနိုင်ငံများတွင်ပါ သွားရောက် ကူညီကယ်ဆယ်နိုင်ရန် အရေးပေါ်အဖွဲ့များ စနစ်တကျ ဖွဲ့စည်းခြင်း၊ သဘာဝဘေးဒဏ် တုံ့ပြန်ထူထောင်ရေး အဖွဲ့များ ထူထောင်ခြင်း၊ လေ့ကျင့်ခြင်း၊ ပြည်တွင်း ပြည်ပ အတွေ့အကြုံများ ရရှိအောင် ကြိုးပမ်းခြင်းများ ပိုမိုပြုလုပ်သင့်ကြောင်း တပ်လှန့်လိုပါသည်။