Don’t shoot the messenger ဟု အင်္ဂလိပ်စကားတွင် အပြောရှိသည်။ မိမိမကြားလိုသော သတင်းဆိုးကို သယ်ဆောင်လာသူအား နှုတ်မပိတ်ပါနှင့် ဆိုလိုသည်။ ယခု ကိုးကန့် တပ်မတော် (MNDAA)၏ သတင်းများကို ရေးသားဖော်ပြခြင်းမပြုရန် မြန်မာ့တပ်မတော်က သတိပေးချက်တရပ် ထုတ်ပြန်ခြင်းသည် သတင်း စာနယ်ဇင်းသမားများ ကိုယ့်အလုပ်ကိုယ် မလုပ်နိုင်ဘဲ စိတ်အနှောင့်အယှက် ဖြစ်ရပါသည်။ အဆိုပါလုပ်ရပ်သည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်ရုံသာမက ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ကိုလည်း ပျက်ပြားစေပါသည်။
တပ်မတော်၏ အဆိုပါထုတ်ပြန်ချက်ကို မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့(World Press Freedom Day) တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ထံ လိပ်မူပို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းသတိပေးချက်ကို မလိုက်နာဘဲ သတင်းများဖော်ပြ ရေးသား ထုတ်လွှင့်ပါက တည်ဆဲဥပဒေများနှင့်အညီအရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသည် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ကမ္ဘာ့ အဆိုးဝါးဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေဆဲ မြန်မာနိုင်ငံအတွက် ပိုဆိုးစေပါသည်။
သတင်းစာနယ်ဇင်းများ၏ အဓိက အလုပ်မှာ သတင်းမှန်ကို သတင်းဖတ်သူများထံ တင်ပြခြင်းဖြစ်သည်။ ကိုးကန့်ဒေသတိုက်ပွဲများ စတင်ဖြစ်ပွားစဉ်ကတည်းကပင် သတင်းစာနယ်ဇင်းများက သတင်းရေးသားပေးပို့ခဲ့ကြပါသည်။ ဤနေရာတွင် သတင်းစာနယ်ဇင်း ကျင့်ဝတ်အတိုင်း ပဋိပက္ခဖြစ်နေသော ဘက် ၂ ဘက် စလုံး၏ သဘောထား ခံယူချက်တို့ကို တင်ပြခြင်းသည် နိုင်ငံတော်အစိုးရက ကြိုးပမ်းနေသော ပဋိပက္ခ ပြေလည်စေရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေပါသည်။ ဝါဒဖြန့်ချိရေးမဟုတ်သော သတင်းမှန်ကို သိမှသာ မူဝါဒရေးဆွဲချမှတ်သူများ ပိုမိုကောင်းမွန်မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်လည်း ဖြစ်သည်။
မေလ ၄ ရက်နေ့က ပြောကြားသော သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင် တနိုင်ငံလုံး အပစ်ရပ်ဆဲရေး စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေကြောင်းနှင့် ပန်ဆန်းမြို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးအပါအဝင် များမကြာခင် ကျင်းပရန် ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး ကိုယ်စားပြုနိုင်မည့် ညီလာခံတရပ်ကို ရည်ညွှန်းပြီး “တိုင်းရင်းသားအဖွဲ့အစည်းများ၏ ညီလာခံကနေ ပေါ်ထွက်လာမယ့် ရလဒ်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း” ဆိုသည်။ သို့ဆိုလျင် တိုင်းရင်းသားညီလာခံများတွင် မည်သူတို့က မည်သည့်အကြောင်းအရာကို မည်သို့ဆွေးနွေးပြီး မည်သည့်ရလဒ် ထွက်ပေါ်လာသည်ကို သတင်းစာနယ်ဇင်းသမားများအား လွတ်လပ်စွာ သတင်းရေးသားခွင့် ပေးသင့်သည် မဟုတ်လော။
မေလ ၃ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ NOVOTEL ဟိုတယ်တွင် ကျင်းပသော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကလည်း တိုင်းရင်းသား လူနည်းစုများ၊ မသန်စွမ်းသူများ စသည့် လူနည်းစုများ၏ အသံကို ဖော်ထုတ်ရေးသားပြနိုင်မည့် မီဒီယာများ ပေါ်ထွက်လာနိုင်ရေး တိုက်တွန်းခဲ့ပါသေးသည်။ ထို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရား မျှတစေရန် စာနယ်ဇင်းလောကအား အကောင်းဆုံး အထောက်အပံ့ ပေးရန် မေတ္တာရပ်ခံခဲ့ရာ လွတ်လပ်သော သတင်းစာနယ်ဇင်းများ၏ အခန်းကဏ္ဍသည် ရွေးကောက်ပွဲကာလတွင်သာမက ရွေးကောက်ပွဲအပြီး (အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က) အစိုးရသစ် ဖွဲ့ပြီး အုပ်ချုပ်ခဲ့လျှင်လည်း ဆက်လက် အရေးပါနေဦးမည်ဟု ပြောလိုသည်။
သို့သော် မိမိဘက်မှ ကြားလိုသော သတင်းမဟုတ်ဘဲ သတင်းဆိုးသာ ပေါ်ထွက်လာလျှင် ယင်းအပေါ်မူတည်ပြီး နောက်ခြေလှမ်း ဘာလှမ်းမည်ကို ကိုယ့်ဘာသာ တွက်ချက်စီမံသင့်သည်။ ထိုသို့ မဟုတ်ဘဲ သတင်းကို ယူဆောင်လာသူအား ပြစ်တင်ဝေဖန် တရားခံရှာကာ နှုတ်ပိတ်ခြင်းကား ကျိုးကြောင်းဆီလျော်ခြင်းလည်း မရှိသလို အဖြေမှန် မဟုတ်ပါ။ ထို့ကြောင့် လွန်ခဲ့သော ၃ နှစ်မှ စတင်အခြေတည်လာနေခဲ့သော မြန်မာ့သတင်းစာနယ်ဇင်း လွတ်လပ်မှုနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုကို အလေးအနက်ထား လက်ခံ အသိအမှတ်ပြုကြပါဟု တိုက်တွန်းရေးသားအပ်ပေသည်။