၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့သည်။ ဦးတင်အေးနှင့် တွေ့ဆုံခဲ့သော အနောက်နိုင်ငံ အစိုးရများ၏ ကိုယ်စားလှယ်များ၊ သံတမန်များကလည်း လွတ်လပ်ပြီး တရားမျှတ (free and fair) ဆိုသော အသံကို အဖန်တလဲလဲ ကြားပြီးဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲအပေါ်တွင် အနောက်နိုင်ငံ အစိုးရများ၏ နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှုက ရှိနေသည်။ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပြီး ရွေးကောက်ပွဲ သမာသမတ်ရှိရှိ ဖြစ်ရန်၊ အငြင်းပွားဖွယ်ရာ ကြိုတင်မဲအရေအတွက် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ လက်တလုံးခြား ဖြစ်မသွားရန် စသည့် အခင်းအကျင်းများကို အနောက်နိုင်ငံများက ပြင်ဆင်နေပြီ ဖြစ်သည်။
ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဟု အကြမ်းဖျင်း သိရသော်လည်း နေ့ရက် အတိအကျကို တရားဝင် မကြေညာသေးပါ။ ရွေးကောက်ပွဲမစခင်တွင် ဖွဲ့စည်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင်၏ ရလဒ် အနေအထား၊ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး ကိစ္စများမှာ ဖြစ်နိုင်ခြေ နည်းသွားပြီဟု အနောက်နိုင်ငံများက တွက်ဆထားသည်။
ထို့ကြောင့် အနောက်နိုင်ငံများက တွက်ချက်မှန်းဆထားသည့် ၂၀၁၅ အလွန် အခင်းအကျင်းတွင် ၎င်းတို့အနေဖြင့် ယခင် စစ်အစိုးရနည်းတူ လက်ရှိအစိုးရအပေါ် သံသယရှိသကဲ့သို့ အတိုက်အခံများ၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် အင်အားကြီး အတိုက်အခံတို့၏ ရွေးကောက်ပွဲ သေနင်္ဂဗျူဟာနှင့် အစိုးရ ဖွဲ့စည်းဆောင်ရွက် အုပ်ချုပ်နိုင်စွမ်းအပေါ်တွင်လည်း မေးခွန်းများစွာ ထုတ်နေခဲ့ပြီ ဖြစ်သည်။
ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲပြီး ကာလများတွင် ဖြစ်လာနိုင်ခြေရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကိုလည်း စိုးရိမ်မှုများ ရှိနေသည်။
ရွေးကောက်ပွဲဆိုသည်မှာ မြန်မာနိုင်ငံအတွက်၊ အထူးသဖြင့် တိုင်းရင်းသား ပြည်သူပြည်သားများအတွက် အပေါင်း လက္ခဏာများကို သယ်လာနိုင်ပါက ဇာတ်သိမ်းခန်း ကောင်းသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက ဇာတ်မျော ဖြစ်သွားပြီး ပိုနေမြဲ ကျားနေမြဲ အခင်းအကျင်းကလည်း ဖြစ်လာနိုင်သည်။
ပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲအပေါ် ရင်းနှီးမြှုပ်နှံထားသော အနောက်နိုင်ငံများအနေဖြင့် အံ့မခန်းနှင့် ကြီးကျယ်သော ပြောင်းလဲမှုများကို ဦးတည်သည့် ရွေးကောက်ပွဲမျိုး မြန်မာနိုင်ငံတွင် မျှော်လင့်ထားခြင်း ရှိ မရှိ သံသယဖြစ်စရာ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းနှင့် ပတ်သက်၍ နှေးကွေးနေဆဲ အရွေ့တခုအပေါ် အရင်းအနှီးနှင့် အကျိုးစီးပွား များလာသော အနောက်နိုင်ငံများအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ လျင်မြန်စွာ ကူးပြောင်းလိုသော သဘောထားကို လျစ်လျူရှုတော့မည်လောဟု မေးခွန်းထုတ်စရာ ရှိလာသောကြောင့်ပင်။