လွတ်လပ်ရေးရပြီးစဉ်က သစ်တော ၇၀ ရာခိုင်နှုန်း ဖုံးလွှမ်းလျက် ရှိနေသေးသော မြန်မာနိုင်ငံသည် လွဲမှားသော စီမံအုပ်ချုပ်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး လူတစုကောင်းစားရေးကို ရှေ့တန်းတင်မှုများကြောင့် ယခုအခါ သစ်တောဖုံးလွှမ်းမှု ၄၀ ရာခိုင်နှုန်းကျော်သာ ကျန်ရှိပြီး သစ်တောပြုန်တီးမှု နှုန်းမှာလည်း စိုးရိမ်ဖွယ် အခြေအနေ အဖြစ် နှစ်စဉ် ၁ ရာခိုင်နှုန်း ရှိနေသည်။
အလုံးအရင်းနှင့် သစ်ခိုးခုတ်ခြင်း၊ မြေယာတိုးချဲ့ခြင်း၊ သယံဇာတကို စည်းကမ်းမဲ့စွာ တူးဖော်ယူခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတွင် သက်ဆိုင်ရာ အာဏာပိုင်များက လာဘ်ပေးလာဘ်ယူများ အကြီးအကျယ် ပြုလုပ်ခြင်းတို့သည် အချိန်တိုအတွင်း သစ်တော သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးရခြင်း၏ အကြောင်းရင်းများ ဖြစ်ကြသည်။
ယင်းတို့၏ အကျိုးဆက်အဖြစ် ရာသီဥတုများ ဖောက်ပြန်ကာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည်။ ယခုအခါ ရေတက်နေကျ ဒေသများတွင် မကြုံစဖူး ရုတ်တရက် ရေမြင့်တက်မှု၊ ရေကြီးသည့် ဘေးဒဏ် မခံရဖူးသော ဒေသများတွင် ဆိုးဝါးစွာ ရေဘေးဒဏ် ခံရမှု၊ ခုတ်ဖြတ်ထားသော သစ်အတိုအစများသည် လမ်း၊ တံတားများကို တိုက်စားပစ်နိုင်လောက်အောင် အုံနှင့်ကျင်းနှင့် မျောပါလာမှု၊ ရေကျသွားချိန်တွင် ၃ ပေမှ ၆ ပေအထိ ဖယ်ရှားရန် မဖြစ်နိုင်သည့် နုန်းများ တင်ကျန်မှု၊ ဟားခါးကဲ့သို့သော တောင်ပေါ်ဒေသများတွင် မြို့ပျက်စေသည်အထိ မြေပြိုမှု၊ တောင်ပေါ်မှ ရွှံ့နွံများ ပြိုဆင်းလာပြီး ရွာလုံးကျွတ် တိုက်စားမှုတို့ ဖြစ်ပေါ်နေသည်။
သဘာဝ ပတ်ဝန်းကျင်ကို ထိန်းညှိပေးမည့် တောနေသတ္တဝါများလည်း ပျက်စီးလျော့နည်းလာပြီး အသက်ရှင်နေသေးသည့် တိရစ္ဆာန်များမှာလည်း စားကျက်ပျောက်ကာ လူနေရပ်ရွာများဘက်သို့ မျက်စိလည် ရောက်ရှိလာနေကြသည်။
အရှေ့တောင် အာရှ ကုန်းမြေတွင် အကြီးဆုံး အပူပိုင်း သစ်တောကို ပိုင်ဆိုင်ခဲ့ဖူးသည့် မြန်မာပြည်သည် အဆိုးဝါးဆုံးသော သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၏ ခြိမ်းခြောက်မှု ဒဏ်ကို ခံနေရပြီ ဖြစ်သည်။ EcoDev မှ ဒါရိုက်တာ ဦးဝင်းမျိုးသူကလည်း သစ်တော ပျက်စီးပြုန်းတီးမှုက ပတ်ဝန်းကျင်ရေးရာတွင် အရေးအကြီးဆုံးနှင့် စိန်ခေါ်မှု အများဆုံးဟု မြင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကာလ စတင်ချိန်တွင် လူမှုအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပါဝင်ဆောင်ရွက်လာကြသော်လည်း အစိုးရ၏ ပူးပေါင်းမှုမှာ အားရဖွယ် မရှိချေ။ တရုတ်နိုင်ငံသားများ၏ တရားမဝင် သစ်ခိုးခုတ်မှုများကို ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိ။ ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများကိုလည်း ဟန်ပြသာ အရေးယူခဲ့သည်။ သစ်အလုံးလိုက် တင်ပို့ခြင်းများကို တားမြစ်သည် ဆိုသော်လည်း နိုင်ငံတကာ အဝေးပြေးလမ်းများနှင့် နယ်စပ်များတွင် သစ်လုံးတင်ကားများ ဝင်ထွက်နေသည်ကို တွေ့မြင်နေရဆဲဖြစ်သည်။
တောနှင့် တောင်နှင့်ချီ၍ သစ်ပင်များ ခုတ်ယူပြီး ချမ်းသာနေသည့် ခရိုနီများ၊ ယင်းတို့နှင့် ဝေစားမျှစား လုပ်ကာ ကြွယ်ဝခဲ့သည့် စစ်တပ်အာဏာပိုင်များကလည်း ဒီဘက်ခေတ် သဘာဝ ပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးတွင် တာဝန်ယူသည့် အခန်းကဏ္ဍကို မတွေ့ရချေ။ ဆင်းရဲနွမ်းပါးမှုအပေါ်တွင် သဘာဝ ဘေးဒဏ်ကို ထပ်ဆင့်ခံနေရသည့် မြန်မာလူထုအဖို့ ထွက်ပေါက် လိုအပ်သည်။
သဘာဝ တဝက်၊ လူ့ပယောဂ တဝက်ဖြင့် ကျရောက်လာနေသော လက်ရှိ သဘာဝ ဘေးဒဏ်များကို ဆိုးရွားစွာ ထပ်မံ မခံစားရအောင် တတ်နိုင်သည့် နည်းမျိုးစုံဖြင့် တားဆီးရန် ပိုမိုအားထုတ်ရမည် ဖြစ်သည်။ ပညာရှင်များဖြင့် ကြိုတင်လေ့လာမှု၊ သဘာဝ ဘေးဒဏ်ကို ခုခံကာကွယ်ရေး ကြိုတင်ပြင်ဆင်မှု၊ အစိုးရပိုင်းက ထိရောက်စွာ ပူးပေါင်းပါဝင်မှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ယင်းအကျိုးဆက် ဖြစ်နိုင်ခြေများကို ပွင့်လင်းမြင်သာစွာ ပြည်သူသို့ အသိပေးမှု စသည့် အဆင့်တိုင်းကို မြန်မာနိုင်ငံတွင် အင်တိုက်အားတိုက် ဆက်လက် လုပ်ဆောင်သင့်ဆဲ ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။