၂၅ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူများသည် မြန်မာ့သမိုင်း တဆစ်ချိုးကို ဖန်တီးရန် မဲရုံများသို့ သွားရောက်ခဲ့ကြပြီး ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထုတ်ဖော်ခဲ့ကြပြီ ဖြစ်သည်။ စောင့်ကြည့်လေ့လာသူ အများအပြား စိုးရိမ်ခဲ့ကြသကဲ့သို့ ပဋိပက္ခ ဆူပူမှု တစုံတရာ မဖြစ်ပွားခဲ့ဘဲ ယင်းအစား စည်းကမ်းရှိစွာ ငြိမ်သက်မှု၊ ပူးပေါင်းပါဝင်မှုကို ပြည်သူများက အံ့အားသင့်အောင် ပြသခဲ့ကြသည်။
ရာခိုင်နှုန်း အနည်းငယ်မျှသော ရွေးကောက်ပွဲ ဥပဒေ ဆန့်ကျင်ဖောက်ဖျက်မှု မှတပါး ရွေးကောက်ပွဲသည် အောင်အောင်မြင်မြင် ပြီးမြောက်သွားသည့်အတွက် အမေရိကန်နှင့် ပြည်တွင်းသို့ ရောက်ရှိနေသည့် စောင့်ကြည့်လေ့လာသူများက ရွေးကောက်ပွဲ ကော်မရှင်ကို ချီးကျူးခဲ့ကြသည်။ ဒေသတချို့မှတပါး ရွေးကောက်ပွဲ ကော်မရှင် အများစု စည်းမျဉ်းစည်းကမ်းအတိုင်း တတ်နိုင်သမျှ ဆောင်ရွက်မှုနှင့် ပြည်သူများက တာဝန်သိစွာ စောင့်ကြည့်မှုတို့ကြောင့် မဲရလဒ်များသည် အမှန်တရားနှင့် နီးစပ်နိုင်သည်ဟု ပြည်သူများက ယူဆလာကြသည်။
အတိတ်က ရွေးကောက်ပွဲများနှင့် မတူဘဲ လူမှုကွန်ရက်၊ အင်တာနက် နည်းပညာများကို ပြည်သူများကိုယ်တိုင်က အသုံးပြု၍ သတင်းဖြန့်ဝေခြင်း၊ မဲမသမာမှု အလားအလာများကို တပ်လှန့်ခြင်း၊ မိမိနှင့် ဆက်စပ်ရာ မဲရုံအခြေအနေများကို အချိန်နှင့် တပြေးညီ အချင်းချင်း အချက်အလက် မျှဝေခြင်းများဖြင့် ယခု ရွေးကောက်ပွဲကို ပြန်လည် ထိန်းကျောင်းသွားသည်ကိုလည်း တွေ့ရသည်။
အာဏာရပါတီ၏ ခြေလှမ်းကျယ်မှု၊ အစိုးရစစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေသည့်အနေအထား၊ ရွေးကောက်ပွဲ ပြင်ဆင်မှုဆိုင်ရာ အားနည်းချက်များကြောင့် စောင့်ကြည့်လေ့လာသူများ၊ မီဒီယာများနှင့် ပြည်သူများကိုယ်တိုင်က ထွက်ပေါ်လာမည့် မဲရလဒ်အပေါ် သံသယ ရှိနေခဲ့ကြသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ တည်ငြိမ်မှု၊ ရဲရင့်ပြတ်သားစွာ ရွေးချယ်မှုတို့က ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးလိုက်သည်။
ပြည်ထောင်စု ရွေးကော်ပွဲ ကော်မရှင်က ရလဒ် ထုတ်ပြန်ချက်များ မပြီးသေးသည့်တိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရရှိသည့် အချက်အလက်အပေါ် မူတည်၍ ထုတ်ပြန်ချက်များအရ NLD က မဲအသာစီးရနေသည်။ ဒေါ်အောင်ဆန်းစုကြည်က မဲပေးရာတွင် တရားမျှတမှု မရှိသော်လည်း အများအားဖြင့် လွတ်လပ်ကြောင်း ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောဆိုလိုက်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကန့်သတ်မှု၊ အာဏာရပါတီ၏ ထောင့်စေ့သော ချုပ်ကိုင်ထားမှုတို့ကို ပြည်သူများက စစ်မှန်သော ဆန္ဒ ကိုယ်စားပြုသည့် မဲပြားများဖြင့် မြန်မာ့သမိုင်းကို တဆစ်ချိုး ပြောင်းလဲလိုက်ပြီး စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချီတက်နိုင်ရန် တွန်းအားပေးလိုက်ပြီ ဖြစ်ပေသည်။