ပြီးခဲ့သော ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေတို့ တွေ့ဆုံမှုသည် မြန်မာပြည်သူများနှင့် မြန်မာ့အရေး စိတ်ဝင်စားသူ နိုင်ငံတကာ မိတ်ဆွေများကိုသာမက မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကိုလည်း အံ့အားသင့်သွားစေခဲ့သည်။ ယင်းသို့ တွေ့ဆုံရာ အသက်အရွယ် ကြီးနေပြီဖြစ်သော အာဏာရှင်ဟောင်းက နှစ်ပေါင်းများစွာ ၎င်း ဖမ်းဆီးချုပ်နှောင်ခဲ့သော ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင်ကို နိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ယူသွားရန် အသိအမှတ်ပြုလိုက်ခြင်းကလည်း ပိုစိတ်ဝင်တစား ဖြစ်လာခဲ့သည်။
နီးစပ်ရာများ သတင်းမီဒီယာသို့ ပြောဆိုချက်များအရ အဆိုပါ တွေ့ဆုံမှု မြန်မြန်ဆန်ဆန် ဖြစ်လာခြင်းသည် သူရဦးရွှေမန်း၏ ကြားဝင် စီစဉ်မှုကြောင့်ဟု သိရသည်။ ဦးရွှေမန်း၏ စီစဉ်မှုဖြင့် ဦးသန်းရွှေမြေး နေရွှေသွေးအောင် ဒေါ်အောင်ဆန်းစုကြည်အိမ် လာရောက်လည်ပတ်ခဲ့ပြီး များမကြာမီ ဦးသန်းရွှေအိမ်သို့ ဦးရွှေမန်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ကြောင်း သိရသည်။ တွေ့ဆုံမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက နောက်ပိုင်းတွင် အတည်ပြုပြီး ဒေါ်အောင်ဆန်းစုကြည်၏ “အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ် တစိတ်တပိုင်း”ဟု ပြောဆိုခဲ့ကြသည်။
ဧရာဝတီအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးဟူသည် ပုဂ္ဂိုလ်ရေး အခြေပြု မဟုတ်ဘဲ မြန်မာနိုင်ငံသား တိုင်းရင်းသား အများပြည်သူ ပါဝင်မှုကို အခြေပြုရမည်ဟု ယုံကြည်သည်။ အမှန်တရားကို ရင်ဆိုင်ချင်သော သဘောရှိရမည်။ အတိတ်၏ ခါးသည်းသော အမှန်တရားကို မှတ်တမ်းတင် ရဲရမည်လည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန်မှာ နှစ် ၂၅ နှစ်ကြာ နောက်ကျနေခဲ့ပြီး ထိုအတောအတွင်း လူပေါင်းများစွာ အတိဒုက္ခရောက်ကြကာ နိုင်ငံမှာလည်း အောက်တန်းနောက်တန်းကျနေပေပြီ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့ တွေ့ဆုံမှုသည် လာခြင်းကောင်းပါသည်။ အချိန်မနှောင်းသေးပါ။ မကြာမီ ကျင်းပမည့် လွှတ်တော်အစည်းအဝေးသစ်များတွင် အများစု အစားထိုးဝင်ရောက်လာမည့် NLD ကိုယ်စားလှယ်များ ဦးဆောင်ဖွဲ့စည်းသော အုပ်ချုပ်ရေး အစိုးရအဖွဲ့ အပါအဝင် ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်များနှင့် တပ်မတော်ကိုယ်စားလှယ်များ မည်သို့ ပူးပေါင်းလုပ်ဆောင်နိုင်ကြမည်ကို ပြည်တွင်း ပြည်ပက စိုးရိမ်နေကြချိန် ဖြစ်သောကြောင့်ပင်။
ဦးသန်းရွှေအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းက ၎င်းဦးစီးဆောင်ရွက်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၎င်းကိုယ်တိုင် မီးစိမ်းပြခြင်း ဖြစ်သည်။ ပေးဆပ်ဆုံးရှုံးမှု ကြီးမားသော်လည်း ပြည်သူ၏ မယိမ်းယိုင်သော ဒီမိုကရေစီရေး လိုလားတောင့်တချက်ကို အသက်ထင်ရှားရှိနေသေးသော အာဏာရှင်အိုကြီးအိုမ တဦးက လူ့ဘဝကို စွန့်ရတော့မည့် များစွာ မကျန်တော့သည့် အချိန်အတွင်း အလျှော့ပေးခဲ့ခြင်းက “သမိုင်းတွင်မယ့် ညတည”ဟု ဂယက်ထခဲ့ပြီးပါပြီ။
လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အာဏာလွှဲပြောင်းရေး အဆင်ပြေချောမွေ့စေရေး ကတိကဝတ်များ ပေးထားပြီးသောအချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ တပ်မတော်ခေါင်းဆောင် အများအပြားက လေးစားနေကြဆဲဟု ယုံကြည်ရသည့် အာဏာရှင်အိုကြီး၏ စိတ်အပြောင်းအလဲသည် လက်ရှိ တပ်ခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ အပါအဝင် နိုင်ငံဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ဆက်လုပ်မည့် အရပ်ဘက်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ်နှင့် မလျော်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့အတွက် လမ်းပွင့်သွားစေနိုင်ခဲ့လျင်ကား ကောင်းသော လာခြင်းဟု ဆိုရပါတော့မည်။