ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်သော နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းသည် အမေရိ ကန်ပြည်ထောင်စု၏ The Former Presidents Act သမ္မတဟောင်း များနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေအပေါ် လေ့လာသုံးသပ်ပြီး ရေးဆွဲထားခြင်းဟု ဆိုသော်ငြား ၎င်းဥပဒေ မူကြမ်းတွင် ပါရှိသည့် အခန်း ၄ ကမူ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီခြင်း မရှိသည်သာမက အမျိုးသား ရင်ကြား စေ့ရေးအတွက် ညီညွတ်မျှတသော လုပ်ထုံးလုပ်နည်းလည်း မဟုတ်ပါ။
အဆိုပါ ဥပဒေမူကြမ်း အခန်း ၄ ခေါင်းစဉ် “နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ ဆောင်ရွက်ချက် အပေါ် အကာအကွယ်ပေး ခြင်း” ပါ အပိုဒ် ၁၀ တွင် “နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ” ဟု ရေးသားဖော်ပြထားသည်။
ဒီမိုကရေစီနှင့် ကောင်းမွန်သောအုပ်ချုပ်မှု ထွန်းကားသော လူ့ ယဉ်ကျေးမှုတွင် အစိုးရ ခေါင်းဆောင်ဟူသည် အုပ်ချုပ်ရေး အစိုးရအဖွဲ့ကို တာဝန်ခံရခြင်း ဖြစ်သောကြောင့် အထက်ပါဖော်ပြချက်သည် ကိုယ်လွတ်ရုန်းမှုကို ဥပဒေနှင့် အကာအကွယ်ယူရန် ကြိုးပမ်းခြင်းသာဖြစ်သည်။ နေပြည်တော်အစိုးရက အကိုးအကားပြုလုပ်သည့် အမေရိကန် ပြည် ထောင်စု၏ သမ္မတတိုင်းသည် ၎င်းအစိုးရအဖွဲ့၏ အကောင်းအဆိုး မှန်သမျှကို တာဝန်ခံရ သည်ချည်းဖြစ်သည်။ နိုင်ငံရေးအရှုပ်တော်ပုံ ဝါးတားဂိတ်ဖောက်ထွင်းမှုကြောင့် သမ္မတ ရစ်ချတ်နစ်ဆင် ရာထူးမှ နုတ်ထွက်ပေးခဲ့ရခြင်းသည် ဥပမာကောင်းတခု ဖြစ်သည်။ တာဝန်မရှိတော့ သည့် နောက်ပိုင်း သမ္မတဟောင်းတိုင်းကို ဥပဒေအရ ပေးအပ်ထားသည့် လုံခြုံရေးနှင့် ရပိုင်ခွင့်များအား ရစ်ချတ်နစ်ဆင်ကိုယ်တိုင် က နောက်ပိုင်း တွင် ငြင်းဆိုခဲ့ကာ အစိုးရငွေစုရန်အတွက်ဟု အကြောင်းပြခဲ့သည်။
နောက်ကြောင်းပြန် တရားစွဲဆိုမှု မရှိစေရဟူသည် အမျိုးသား ရင်ကြားစေ့ရေး ပဋိပက္ခဖြေရှင်းရာတွင် အများ သဘောတူညီမှုတရပ်သာ ဖြစ်သင့်သည်။ မြန်မာပြည်သူလူထုအနေဖြင့် အမှန်တကယ် လိုလားသည်မှာ စစ်အုပ်ချုပ်ရေးအဆက်ဆက် ဖြစ်ခဲ့ရသည်များကို သင်ခန်းစာယူပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် တရား ဥပဒေပြုရေးကဏ္ဍများ၌ အာဏာ အလွဲသုံးစားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ကာကွယ်ပေးမည့် ဥပဒေများသာ ဖြစ်သည်။ ယခုမူ နေပြည်တော်အစိုးရ အနေဖြင့် အမေရိကန်သမ္မတ ဟောင်းများနှင့် ပတ်သက်သော ဥပဒေကို လေ့လာသည်ဆိုသော်ငြား ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄ ကူးပြောင်းရေးကာလပြဌာန်းချက်များ ခေါင်းစဉ်ပါ ပုဒ်မ ၄၄၅ အရ ယခင်စစ်အစိုးရဟောင်း ခေါင်းဆောင် များအား “တာဝန်အရ ဆောင်ရွက် ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ” ဟု ပြဌာန်းထားမှုကိုသာ အခြေပြုထားပုံရသည်။
နိုင်ငံ၏ ဘဏ္ဍာရေးအရကြည့်လျှင်လည်း မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုကဲ့သို့ ချမ်းသာကြွယ်ဝ သောနိုင်ငံ မဟုတ်သေးပါ။ ၅ နှစ် တကြိမ် တိုးပွားလာမည့် သမ္မတဟောင်း လုံခြုံရေးနှင့် ခံစားခွင့် အပါအဝင် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် တရား ဥပဒေ ပြုရေးကဏ္ဍမှ ပုဂ္ဂိုလ်များ အားလုံးအတွက် နိုင်ငံရေးပင်စင်ပေးပါက အကြွေးပိနေသော နိုင်ငံသားများအပေါ် ဝန်ထပ်ပိစေမည်မှာ သေချာသည်။ နိုင်ငံ့ ဝန်ထမ်းများ သက်တမ်းပြည့်ပါက အငြိမ်းစားခံစားခွင့်ကို နိုင်ငံတော်မှ တာဝန်ယူရမည်ဖြစ်သော်လည်း နိုင်ငံရေးသမားများ အငြိမ်းစားပင်စင်ပေးရန်မှာမူ စောလွန်းနေသေးသည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာဥပဒေကြမ်းကို အလျင်စလို အတည်မပြုဘဲ မဲဆန္ဒရှင် ပြည်သူများ အကြား ကြေလည်အောင် ဆွေးနွေးကြရန်လိုပြီး နိုင်ငံရေးပင်စင်ပေးရန် ကိစ္စအတွက်လည်း လက်ရှိ တည်ဆဲဥပဒေအား ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိရှိဖြင့် ပြန်လည်စိစစ်သုံးသပ် ကြစေလိုကြောင်း တိုက်တွန်း ရေးသားအပ်ပေသည်။