ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်၏ တရားဝင် သမ္မတ မဖြစ်နိုင်သေးပါ။ သို့သော် မြန်မာ့သမိုင်းတွင် သူ့ဖခင် ဗိုလ်ချုပ် အောင်ဆန်း ပြီးလျှင် ပြည်သူလူထု တိုင်းရင်းသား အများစု၏ လေးစား၊ ချစ်ခင် ထောက်ခံမှုကို ရရှိခဲ့သော နိုင်ငံရေး ခေါင်းဆောင် အမျိုးသမီးကြီး ဖြစ်သည်။
သူ၏ ပုခုံးနှင့် ခေါင်းပေါ်၌ တင်ထားသော တိုင်းပြည်တွင် အမြန်ဖြေထုတ်ရမည့် အခက်အခဲ ပဋိပက္ခများက စောင့်မျှော် နေသည်။ ယနေ့ ဒု သမ္မတလောင်း ရွေးချယ်ရန် နာရီပိုင်းအလိုတွင် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုး၍ ထုတ်ပြန်သော ပြည်သူသို့ ပြန်ကြားချက်တွင် ပြည်သူလူထု၏ ဆန္ဒများ အပြည့်အဝ အကောင်အထည် မဖော်နိုင်မီ ကာလအတွင်း အေးချမ်းတည်ငြိမ်စွာဖြင့် လိုရာပန်းတိုင်သို့ ရောက်ရှိဖို့အတွက် ညာဏ်ပညာ အမျှော်အမြင်ဖြင့် ဝန်းရံထောက်ခံပေးရန် မေတ္တာရပ်ခံထားသည်။
ထို့နောက် ဒု သမ္မတလောင်းများအဖြစ် ဦးထင်ကျော်၊ ချင်းနိုင်ငံရေးသမား ဦးဟင်နရီဗန်ထီးယူ တို့ကို အဆိုပြုခဲ့သည်။ ထိုသူနှစ်ဦး၏ နောက်ကြောင်း ရာဇဝင်များတွင် ဉာဏ်ပညာ အမျှော်အမြင်ရှိခြင်း၊ တိုင်းပြည်ချစ်စိတ်ရှိခြင်း၊ အဂတိလိုက်စားမှု မရှိခြင်းတို့ကို တွေ့ရသည်။ ထို့အပြင် မြန်မာ့ နိုင်ငံရေးနှင့် မစိမ်းသလို မြန်မာ့နိုင်ငံရေးတွင် ယခုအချိန်အထိ ဦးဆောင်ကဏ္ဍမှ ပါဝင်နေသည့် တပ်မတော်နှင့် မစိမ်းသူများ ဖြစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ၏ ခေါင်းဆောင်မှုနောက်တွင် လိုက်မည့်သူများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူတို့ တာဝန်ထမ်းဆောင်ရသည့် သက်တမ်းကာလအတွင်း တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်ဖို့ လိုသည်။ ယခုအချိန် အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဟာမိတ်များ အပါအဝင် တိုင်းရင်းသားများ၊ တပ်မတော် ခေါင်းဆောင်ဟောင်းများ၊ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒု သမ္မတ လောင်းများသည် အများက လက်ခံနိုင်သော မြန်မာပြည်ဖွား တိုင်းရင်းသားများ ဖြစ်သည့်အပြင် ပုံရိပ်ကောင်းသူ အများစု ပါဝင်နေသည်ကို တွေ့ရသည်။
နောက်တဆင့်တွင်မူ အစိုးရအဖွဲ့ကို ဖွဲ့စည်းတော့မည် ဖြစ်သည်။ ထိုအစိုးရအဖွဲ့တွင်လည်း ပြည်သူလက်ခံသူများ၊ ကဏ္ဍအလိုက် အရည်အချင်း ပြည့်မီသူများ၊ ကိုယ်ကျိုးမငဲ့ တိုင်းပြည်အကျိုး၊ တိုင်းပြည်မျက်နှာကို ဆတက်ထမ်းပိုး သယ်ပိုးသူများကို ရွေးချယ်နိုင်မည်ဟု မျှော်လင့်ပါသည်။ ပြည်သူက ရွေးချယ်သော ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် အစိုးရဖြစ်ဖို့က သေချာနေပါသည်။
သတင်းကောင်းကမူ တိုင်းပြည်တွင် မျှော်လင့်ချက် လမ်းစတခုတော့ ရေးရေးလေးပေါ်လာပြီဟု ဆိုရမည်ဖြစ်သည်။ အဘက်ဘက်က ချွတ်ခြုံကျနေသော စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး တည်ငြိမ်းရေးတို့ကို ပြန်လည် ဆွဲတင် ထိန်းကျောင်း၍ တိုင်းပြည်ပုံရိပ်ကို နိုင်ငံတကာတွင် ဂုဏ်ရှိစွာ ပြန်လည်မြှင့်တင်သူများကို ပြည်သူလူထုက ထောက်ခံမည်မှာ မလွဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် တရားဝင် သမ္မတ ဖြစ်ခွင့် မရသော်လည်း တိုင်းပြည်ခေါင်းဆောင်တဦး အဖြစ် ပြည်တွင်းကရော၊ ပြည်ပကပါ သူ့ကို သတ်မှတ်ပြီးသား ဖြစ်သည်။ ဤအရွေ့ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနှင့် တိုင်းရင်းသား ပြည်သူလူထုအားလုံးက လိုက်ပါပြီး ရွေ့ကြမည်ဟု ယုံကြည်မျှော်လင့်ပါသည်။