လွှတ်တော်က ရွေးချယ်တင်မြောက်လိုက်သော သမ္မတ ဦးထင်ကျော်၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသည် အတိုချုံး၍ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
သမ္မတ ဦးထင်ကျော်က အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါ်ပေါက်ရေး၊ ပြည်သူအများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သူ၏ပထမဆုံး မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
သူ၏ အံ့သြစရာကောင်းသော တိုတောင်းလှသည့် မိန့်ခွန်းတွင် နိုင်ငံတော်နှင့် သင့်လျော်မည့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တရပ် ပေါ်ပေါက်ရေးကို အထူးအလေးပေး ဆောင်ရွက်သွားမည်ဟု အသေအချာ ထည့်သွင်း ပြောကြားသွားခဲ့သည်။
ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြုပြင် ရေးဆွဲမည်ဟု ပြောခြင်းဖြစ်ကြောင်း အဓိပ္ပာယ် မှတ်ယူရမည် ဖြစ်သည်။ သို့သော် တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောဆိုနေဆဲ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် သမ္မတသစ် ပြောကြားသော မိန့်ခွန်းသည် သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ အစိုးရဟောင်း၊ တပ်မတော်နှင့် အစိုးရသစ်အကြား အာဏာလွှဲပြောင်းရေး ချောမွှေ့စေရန်အတွက် တဘက်က ထိန်းနေသည်လား၊ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါကြောင့်လားဆိုသည့် သုံးသပ်မှုများလည်း ရှိနေသည်။
မည်သို့ဆိုစေ တတိုင်းပြည်လုံးက နှစ်ပေါင်း ၅၀ အတွင်း ပြည်သူ ရွေးချယ်တင်မြောက်လိုက်သည့် အစိုးရတရပ် ပေါ်ပေါက်လာသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ ထိုနည်းတူစွာပင် နိုင်ငံတကာကလည်း လှိုက်လှိုက်လဲှလှဲ ကြိုဆိုလိုက်ပြီဖြစ်သည်။ ယခုအချိန်အထိ ညင်သာစွာ အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းအတွက်လည်း အစိုးရဟောင်း၊ တပ်မတော်နှင့် အစိုးရသစ်ကိုပါ အသိအမှတ်ပြုရမည် ဖြစ်သည်။
နိုင်ငံတကာ၌ သမ္မတ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားများတွင် ခေါင်းဆောင်များ၊ သမ္မတများ၊ ဝန်ကြီးများသည် အစိုးရ၏ပေါ်လစီမူဝါဒများကို အသေအချာ ပြောကြားပြီး စောင့်စားနားထောင်နေသည့် ပြည်သူလူထု၊ မင်းပရိသတ်နှင့် နိုင်ငံတကာကို ညွတ်လာအောင် ပြောကြားလေ့ရှိသည်။ အစိုးရသစ်၏ To Do List များကို တိုင်းပြည်သို့ ချပြရသည်။
သိုသော် သမ္မတဦးထင်ကျော်၏ မိန့်ခွန်းကတော့ အတိုဆုံးမိန့်ခွန်းဟု ဆိုရမည်ဖြစ်သည်။ တိုင်းပြည်ကို ဦးထင်ကျော်၏ အစိုးရက မည်ကဲ့သို့သော ပေါ်လစီများနှင့် ဦးဆောင်မည်၊ သူပြောခဲ့သော အချက်သုံးချက်ကို မည်သို့မည်ပုံ အကောင်အထည်ဖော်မည် ဆိုသည်ကို တိုင်းပြည်သို့ အသေအချာ ရှင်းပြဖို့ လိုပေလိမ့်မည်။
မြန်မာနိုင်ငံသမိုင်းတွင် နှစ်ပေါင်း ၅၀ အတွင်း ပြည်သူရွေးချယ်လိုက်သော အစိုးရနှင့် တပ်မတော် ၂၅ ရာခိုင်နှုန်းပါသော အစိုးရတရပ် ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို လွှဲပြောင်းခြင်း အခမ်းအနားက တိုတောင်းစွာနှင့် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
ကျန်သည့် အပိုင်းကိုမူ မြန်မာပြည်တွင် ပြောလေ့ပြောထ ရှိသည့် ထုံးစံအတိုင်း ငွေရောင်ပိတ်ကားပေါ်တွင် ဆက်လက် ရှုစားရန်သာ ဖြစ်ပါသည်။