ရခိုင်ပြည်နယ် မောင်တော ရဲကင်းများ တိုက်ခိုက်ခံရမှုအရေးနှင့် စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဟု ကျူးလွန်သည့်ဘက်က တရားဝင် မထုတ်ပြန်သလို နေပြည်တော်အစိုးရမှ လုံခြုံရေးတာဝန်ရှိသူများအနေနှင့်လည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါ။
သို့ရာတွင် တိုက်ခိုက်ခံရမှု၊ တပ်မတော်၏ စစ်ဆင်ရေးအပေါ် တန်ပြန်ခုခံမှု၊ ဆိုရှယ်မီဒီယာများတွင် ပေါ်ထွက်လာသော နောက်ဆက်တွဲ ဗီဒီယိုဖိုင်များ အားလုံးက ရခိုင်ပြည် မြောက်ပိုင်းရှိ နယ်မြေခံများအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာနှင့် နယ်ခြားဖြတ်ကျော် အကြမ်းဖက် အဖွဲ့အစည်းများက စနစ်တကျ စိမ့်ဝင်ထိုးဖောက်နိုင်ခဲ့သလောဟု သံသယ ကြီးစွာ ဖြစ်စေသည်။
၂၀၁၄ ခုနှစ်တွင် အယ်လ်ကိုင်းဒါးအဖွဲ့ခေါင်းဆောင် အေမင်အယ်လ်ဇာဝါဟ်ရီက မြန်မာအပါအဝင် အိန္ဒိယတိုက်ငယ်အတွင်းရှိ နိုင်ငံများကို ခြိမ်းခြောက်ခဲ့မှုကို ပြန်သတိရစရာ ဖြစ်သည်။ ဒေသတွင်း အကြမ်းဖက်ဝါဒဆိုင်ရာသုတေသီများကလည်း ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်ဆလင်များသည် ဩဇာပြန့်နှံ့လာနေသော Islamic State အဖွဲ့၏ လူစုဆောင်းမှုတွင် ပစ်မှတ်ဖြစ်လာနေကြောင်း ပြီးခဲ့သည့်နှစ်အတွင်း သတိပေးခဲ့ဖူးသည်။
နိုင်ငံရေးအရကြည့်လျှင် မောင်တောတိုက်ခိုက်မှုသည် အမေရိကန် ဒဏ်ခတ် ပိတ်ဆို့မှု ရုတ်သိမ်းအပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် နှစ်စဉ် တင်သွင်းခြင်းကို ယခုနှစ်တွင် မပြုလုပ်တော့ဘဲ ဆိုင်းငံ့ထားလိုက်ကြခြင်းနှင့် တိုက်ဆိုင်နေသည်။ ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဖြစ်နေသော လူ့အဖွဲ့အစည်း ၂ ခုကြား ပဋိပက္ခကို ဖြေရှင်းရန် အစိုးရသစ်၏ တာဝန်ပေးအပ်မှုဖြင့် ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင် စတင်အလုပ်လုပ်ချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။
မည်သို့ဆိုစေ ပြည်တွင်း လုံခြုံရေးအရ ကြည့်လျှင် အလစ်အငိုက် တိုက်ခိုက်ခံရသည်မှာ ကိုးကန့်ကဲ့သို့သော စနစ်တကျ ဖွဲ့စည်းထားသည့် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုပြီးလျှင် ယခု မောင်တော ကိစ္စက ဒုတိယအကြိမ် ဖြစ်သည်။ အဖက်ဖက်ကို ခြုံငုံကြည့်လိုက်သော် ထောက်လှမ်းရေးဆိုင်ရာ အားနည်းမှု (Intelligence Failure) နှင့် မူဝါဒ ဆိုင်ရာ အားနည်းချက် (Policy Failure) ကို တွေ့ရမည် ဖြစ်သည်။ ယင်းအားနည်းချက်များအပေါ် အရင်းစစ်သော် ဒေသခံများကြား လုံခြုံရေးအရ သတင်းရရှိနိုင်မည့် ကွန်ရက်များ မတည်ဆောက်နိုင်ခြင်း၊ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များ လုပ်ကိုင်နိုင်မှုများ အကန့်အသတ်ရှိခြင်း၊ တဖက်နိုင်ငံ၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသည့် အချက်များက ထင်သာမြင်သာသော အားနည်းချက်များဟု ကောက်ချက်ဆွဲနိုင်သည်။
ယခု မောင်တော တိုက်ခိုက်အကြမ်းဖက်မှု အရေးသည် အစိုးရသစ်အတွက် မမျှော်လင့်သော စိန်ခေါ်မှု ဖြစ်ပါသည်။ မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်၏ ရည်ရွယ်ချက်ဖြစ်သော ရခိုင်ပြည်နယ်အတွင်း လူ့အသိုင်းအဝိုင်းများကြား ရေရှည်တည်တံ့သော ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ဦးတည်လုပ်ဆောင်ရန် လိုသလို အကြမ်းဖက်မှုဆန့်ကျင်ထိန်းချုပ်ရေးနှင့် နိုင်ငံသားတိုင်း၏ အသက် စည်းစိမ် အိုးအိမ်များ ကာကွယ်ရေး တပ်မတော်၊ ရဲနှင့် အခြားသော လုံခြုံရေးတပ်ဖွဲ့များက တာဝန်ယူဆောင်ရွက်ရန် လိုပါသည်။
ခေတ်မီပြီး ရေရှည်အမြင်ရှိသည့် လုံခြုံရေးဆိုင်ရာ အယူအဆမှာ စစ်ရေးအမြင် တခုတည်းတွင်သာ အခြေမခံဘဲ အကြမ်းဖက်မှုများ ပေါက်ဖွားရာ မညီမျှ မှုများကို အသိအမှတ်ပြု လက်ခံ ဖော်ထုတ် ကိုင်တွယ်သည့် သက်ဆိုင်ရာ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးက တာဝန်သိစွာ ပါဝင်ဆောင်ရွက်သော ဘက်စုံ ချဉ်းကပ်မှုအပေါ်လည်း အခြေခံသောကြောင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီဒီယာများသာမက နယ်မြေခံ လူထုများအကြား ပူးပေါင်းဆောင်ရွက်ရေးက ဤနေရာတွင် အထူးအရေးကြီးပါသည်။
ထို့ပြင် အကြမ်းဖက်ဝါဒီများ၏ ခြိမ်းခြောက်မှုသည် ကမ္ဘာ႓လုံးဆိုင်ရာ ပြဿနာဖြစ်သောကြောင့် နိုင်ငံတကာနှင့် အဆက်အသွယ် ပြတ်ခဲ့ပြီး ခေတ်မမီသေးသော မြန်မာ့လုံခြုံရေးစနစ်ကို ခေတ်ပေါ်အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ နည်းပညာနှင့် အကူအညီများဖြင့် ခေတ်မီစေရန် ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ထို့ကြောင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးသည် တဦး တယောက် တဖွဲ့တည်းဖြင့် သူရဲကောင်း လုပ်မရနိုင်ပါ၊ ကယ်တင်ရှင် လုပ်မရနိုင်ပါကြောင်း တင်ပြဆွေးနွေးအပ်ပေသည်။