ဒေါ်အောင်ဆန်းစုကြည် ယခုတခေါက်သွားသည်မှာ မြန်မာနိုင်ငံနှင့် ခိုင်မာသော သမိုင်းဝင် ဆက်ဆံရေး ရှိခဲ့သည့် အိန္ဒိယနိုင်ငံသို့ ဖြစ်ပါသည်။ တရုတ်နိုင်ငံ မဟုတ်ပါ။ ဂိုအာမြို့တွင် ကျင်းပသော ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် သို့မဟုတ် BIMSTEC အစည်းအဝေး တက်ရောက်ရန် ဖြစ်သည်။ ထို့ပြင် ဂိုအာမှတဆင့် နယူးဒေလီသို့လည်း သွားပြီး အိန္ဒိယအစိုးရ ထိပ်တန်းအဖွဲ့ဝင်များနှင့် ၂ နိုင်ငံကြား ဆက်ဆံရေး တွေ့ဆုံဆွေးနွေးသည်။
သမိုင်းတွင် မြန်မာနိုင်ငံရေးသမားများနှင့် အိန္ဒိယနိုင်ငံတို့ကြား ကြီးမားသော ဆက်သွယ်မှု ရှိခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်း မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ကွယ်လွန်သူ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ဂျဝါဟာရယ် နေရူး မိသားစုနှင့် နီးကပ်သော ဆက်ဆံရေး ရှိခဲ့သည်။ မြန်မာနိုင်ငံမှ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းကလည်း ကွယ်လွန်သူ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီနှင့် သူ၏ မိသားစုတို့နှင့် နီးကပ်သော ဆက်ဆံရေး ရှိခဲ့သည်။
အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် ထို့ထက်မက နက်ရှိုင်းသည်။ မြန်မာအများစု ကိုးကွယ်သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာသည် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုအခါတွင် ဗုဒ္ဓဂယာသို့ သွားကြသည့် မြန်မာ ဘုရားဖူး ခရီးသည် အရေအတွက်ကလည်း တိုးလာနေသည်။
တချိန်က ဗြိတိသျှလက်ထက် ၁၉ ရာစုအတွင်း မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံ၏ ပြည်နယ်တခု ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်ဖြစ်သော သီပေါမင်းသည် ဗြိတိသျှတို့၏ အကျဉ်းသားအဖြစ် အိန္ဒိယနိုင်ငံ အာရေဗျ ပင်လယ်ဆိပ်ကမ်း မြို့တမြို့ ဖြစ်သည့် ရတနာဂီရိတွင် အကျဉ်းသားအဖြစ် သူ၏ နောက်ဆုံး နေ့ရက်များကို ကုန်ဆုံးခဲ့ရသည်။ ဘုရင်၊ သူ၏ မိသားစုနှင့် မျိုးချစ် မြန်မာများက ဗြိတိသျှတို့ကို မည်သည့်အချိန်တွင်မှ ခွင့်လွှတ်မည် မဟုတ်သော်လည်း လူငယ်ကျောင်းသားများက သူတို့ တိုင်းပြည်လွတ်လပ်ရေးအတွက် စဉ်းစားလာကြသည့် အချိန်တွင် အိန္ဒိယနိုင်ငံမှ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြသည်။
လွတ်လပ်ရေးတွင် မြန်မာနှင့် အိန္ဒိယ နိုင်ငံတို့က စိတ်ဆန္ဒနှင့် ရည်မှန်းချက်များ တူညီဝေမျှခဲ့ကြသည်။ ထို့ပြင် ကိုလိုနီ ခေတ်တွင် ချမ်းသာကြွယ်ဝသည့် မြန်မာလူမျိုးများက သူတို့၏ သားသမီးများကို ပညာသင်ကြားရန် အိန္ဒိယသို့ စေလွှတ်ခဲ့ ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီးစဉ်တွင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒက မြန်မာနိုင်ငံနှင့် ပိုမို အဓိပ္ပါယ်ပြည့်ဝသော ဆက်ဆံရေးကို မည်သို့ဆောင်ကျဉ်းပေးမည်ကို မြင်ရလိမ့်မည် ဖြစ်သည်။ ထိုနည်းတူစွာပင် သြဇာကြီးမားသည့် တရုတ်နိုင်ငံနှင့် ဗျူဟာမြောက်ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် ခက်ခက်ခဲခဲကြိုးစားနေရသည့် အစိုးရသစ်၏ လက်အောက် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို မည်ကဲ့သို့ ပြန်လည်တည်ဆောက်မည် ဆိုသည်ကိုလည်း မြင်ရမည် ဖြစ်သည်။
ကျနော်တို့တွင် ဘုံသဘောတူညီမှုများ ရှိနေသည်ကတော့ သံသယ ရှိရန် မလိုပါ။ အိန္ဒိယ အစိုးရက မြန်မာနိုင်ငံနှင့် နွေး ထွေးသော ဆက်ဆံရေးကို ခိုင်မာအားကောင်း ရန် မျှော်လင့်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိန္ဒိယ နိုင်ငံ အတွက် သူစိမ်း တယောက်မဟုတ်ပါ။
သူ၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ နိုင်ငံရပ်ခြား မြန်မာကိုယ်စားလှယ် အဖွဲ့အစည်းတခုကို ခေါင်းဆောင်ရသည့် ပထမဆုံးသော အမျိုးသမီး တဦးလည်း ဖြစ်ခဲ့သည်။ ထိုစဉ်က အမျိုးသမီးငယ်လေးတယောက် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်လည်း မိခင်နှင့် အတူ အိန္ဒိယ နိုင်ငံသို့လုက်ပါသွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်းနှီးသော ထိုအချိန်က အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာရယ် နေရူး က ဗိုလ်ချုပ်အောင်ဆန်း မိသားစုနေထိုင်ရန် အတွက် အထူးအစီအစဉ် အနေဖြင့် နယူးဒေလီမြို့ အမှတ် ၂၄၊ အက်ဘာလမ်းရှိ Edwin Lutyens ၏ ကိုလိုနီခေတ် လက်ရာ နေအိမ် (ယခု အိန္ဒိယ ကွန်ဂရက်ပါတီရုံးချုပ်) တွင် နေထိုင် စေခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းတွင် အိန္ဒိယ နိုင်ငံ၏ ပြည်ပရေးရာ ဝန်ကြီး ဆူရှမာဆွာရက်ဂျ် မြန်မာနိုင်ငံသို့ လာရောက် ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ နိုင်ငံသို့ လာရောက် လည်ပတ်စေလိုကြောင်း ဖိတ်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံအစား တရုတ်နိုင်ငံသို့ သွားရောက်ရန် လက်တွေ့ကျသော ဆုံးဖြတ်မှုတခုကို ချမှတ်ခဲ့သည်။ သမ္မတ ဦးထင်ကျော်က အိန္ဒိယ နိုင်ငံသို့ ၄ ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။ သို့သော်လည်း အိန္ဒိယ အစိုးရက ဦးထင်ကျော်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ဆွေးနွေးလိုသည်က ထင်ရှားနေခဲ့သည်။
အိန္ဒိယနိုင်ငံက အိန္ဒိယ-မြန်မာ နယ်စပ် ခွဲထွက်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ စိုးရိမ်နေခဲ့သည်။ အိန္ဒိယ-မြန်မာ နယ်စပ်က ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားပြီးအာသံ၊ မဏီပူရ်နှင့် နာဂကဲ့သို့သော အရှေ့မြောက်ပိုင်း ပြည် နယ်များမှ တိုင်းရင်းသား လက်နက်ကိုင်များက မြန်မာနိုင်ငံတွင်း ခိုလှုံနေကြပြီး အိန္ဒိယ နိုင်ငံတွင်းသို့ ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး၏ ခရီးတွင် မြန်မာပိုင်နက်ကို အသုံးပြု၍ အိန္ဒိယနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ရန် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာ အစိုးရဘက်မှ အခိုင်အမာ ကတိပေးခဲ့သည်။
အလားတူပင် ပြုပြင်ပြောင်းလဲရေးနှင့် ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် လတ်တလော ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကဲ့သို့သော အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာ အစိုးရသစ်ကို ကူညီရန် အိန္ဒိယ နိုင်ငံကလည်း အသင့်ဖြစ်နေခဲ့သည်။ အိန္ဒိယ အစိုးရက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့်လည်း အိန္ဒိယ ခေါင်းဆောင်ပိုင်းထံမှ ကတိစကားများ ပိုမိုရရှိနိုင်လိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကိစ္စအပြင် အိန္ဒိယ အစိုးရက မြန်မာနိုင်ငံ နှင့် စီးပွားရေးအရ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆန္ဒရှိနေသည်။ အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ဖြစ်သည်။ အိန္ဒိယ အစိုးရက မြန်မာနိုင်ငံမှ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့များ တင်သွင်းနိုင်ရန် စိတ်ဝင်စားနေသည်။
အိန္ဒိယနိုင်ငံ၏ အရှေမျှော် (Look East) မူဝါဒကို လူသိများသော်လည်း မြန်မာအများစုက အိန္ဒိယနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုက တရုတ်နှင့်စာလျှင် နောက်ကျနေသည်ဟု ခံစားနေကြသည်။ ပထဝီ နိုင်ငံရေး ကစားပွဲတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ အိန္ဒိယနိုင်ငံထက် ရှေ့သို့ ရောက်နေသည်။ ရိုးသားစွာ ပြောရလျှင် မြန်မာ အများစုက ထိုအချက်ကို သဘောမကျကြပါ။
ယခုအချိန်တွင် အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီက “အရှေ့ဘက်တွင် လှုပ်ရှား” (Act East) ဟု ကြွေးကြော် အကောင်အထည်ဖော်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် အတွင်းတွင် အိန္ဒိယနိုင်ငံက မည်ကဲ့သို့ ဆက်ဆံသနည်း ဆိုသည်က ယင်းမူဝါဒအတွက် အခရာ ဖြစ်လာပါလိမ့်မည်။