၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်သံဃာတပါး အဖြစ်ပါဝင်ခဲ့သည့် အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင်သည် ၎င်း အားစွဲဆိုထားသောအမှုများကို သက်ဆိုင်ရာတရားစွဲ အဖွဲ့အစည်းများက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ အပြီး အပိုင် ရုပ်သိမ်းလိုက်သဖြင့် ယနေ့ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်လာပြီ ဖြစ်သည်။
ဗဟန်းမြို့နယ် တရားရုံးနှင့် သန်လျင်မြို့နယ် တရားရုံးတို့မှ တရားစွဲဆိုထားသည့် ပုဒ်မ ၄၅၄ (ဖောက်ထွင်းမှု၊)၊ ပုဒ်မ ၄၄၈ (ပိုက်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးစီးပွား ဖျက်ဆီးမှု)များအတွက် တရားရင်ဆိုင်ရန် ဦးဂမ္ဘီရကို ၂၀၁၆ ခုနှစ် ဇွန် ၂၆ ရက် တွင် အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုကဲ့သို့ လွတ်မြောက်လာခြင်းဖြစ်သည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် ၂၀၁၆ ဧပြီလအတွင်းတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားသူကြီးက အလုပ်နှင့် ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခံထားရသည်မှာလည်း ယနေ့ပြည့်ပြီဖြစ်ကြောင်း သိရသည်။
ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခံရ၊ အကျဉ်းကျခံရပြီးနောက် ပြန်လည ်လွတ်မြောက်လာသည့် ဦးဂမ္ဘီရအား ၎င်း၏ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် ဇူးဇူး က ဆက်သွယ် မေးမြန်း ထားသည် များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ အခုလို လွတ်မြောက်လာတဲ့အပေါ် ဘယ်လိုခံစားရပါလဲ။
ဖြေ။ ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ကျနော့် ကျန်းမာရေးအတွက် ဆေးကုရမှာလည်း ဖြစ်တော့ လွတ်လာတာ တော်တော်ကောင်းပါတယ်။ ဆက်ဆေးကုပြီး ဆက်အလုပ်လုပ်ရဦးမှာပေါ့။
မေး။ ။ လွတ်မြောက်လာပြီးပြီဆိုတော့ ရှေ့ဆက် ဘာတွေလုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ ကျန်းမာရေးကောင်းပြီးမှပဲ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ပြောနိုင်မှာဖြစ်သလို အဲဒီတော့မှပဲ အစပြန်ကောက် ဖြစ်မှာပါ။ အခုကတော့ ဆေးကုသဖို့ကိုပဲ ပထမဦးဆုံး လုပ်သွားမှာပါ။ ဒါပေမယ့် ပါတီနိုင်ငံရေး ဖြစ်နေပြီဆိုတော့လည်း ကျနော် သိပ်လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကျနော်လုပ်ခဲ့တဲ့ တော်လှန်ရေးခေတ်နဲ့က ခေတ်ချင်း မတူတော့ဘူးလေ။ ပါတီနိုင်ငံရေး ကျတော့ ကျနော် သိပ်ပြီးဝါသနာမပါဘူး။
နောက်ပိုင်း ကျနော် ဆောင်းပါးတွေရေးမယ်။ အင်တာဗျူးတွေပေးမယ်။ အခု ယန်ဟီးလီတို့ ဘာတို့လိုနဲ့ တွေ့ဆုံပြီးဆွေးနွေး ချင်တာတွေရှိတယ်။ လက်ရှိဖြစ်စဉ်တွေကို ဝေဖန်အကြံပြု ထောက်ပြမယ်။ ဒါတွေကို ကျန်းမာရေး မကောင်းတဲ့ကြားကပဲ ဆက်လုပ်သွားမှာပါ။
မေး။ ။ အခုလူထုတင်တဲ့ အစိုးရ တက်လာပြီဆိုတော့ ရည်မှန်းချက်တွေ ပြည့်ဝသွားပြီလို့ ပြောလို့ရပြီလား။
ဖြေ။ ။ ရည်မှန်းချက်က ရာခိုင်နှုန်း ၅၀ ဝန်းကျင် ပြည့်စုံသွားပြီ။ NLD အာဏာရသွားပြီ။ အပြည့်အဝတော့ မဟုတ်ပေမယ့် အထိုက်အလျောက်တော့ အာဏာရသွားပြီပေါ့။ ကျနော်တို့တွေ ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်ကို သွားနေပြီ။ ဒါတွေကို သဘောကျတယ်။ တော်တော်လေး အောင်မြင်ပါတယ်။ ကျနော်တို့ လုပ်ခဲ့တဲ့ဟာရဲ့အသီးအပွင့်တွေပေါ့။
၂၀၀၇ လုပ်ခဲ့တဲ့ ခံယူချက်က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရှင်းလင်းရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အတွက်လုပ်ခဲ့တာ။ အခုတော့လည်း စစ်အာဏာရှင်စနစ်က ရာခိုင်နှုန်းအားဖြင့် သူ့ဟာနဲ့သူတော့ ၂၅ ရာခိုင်နှုန်း ကျန်နေ သေးတယ်ပေါ့။
ဒါပေမယ့် သူတို့လည်း အတော်အတန်တော့ လိုက်လျောပါပြီ။ ပါဝင်လာပါပြီ။ အဲဒီတော့ ဝမ်းသာပါတယ်။ ခံယူချက် အတိုင်း၊ ယုံကြည်ချက်အတိုင်း တဖြည်းဖြည်းပြည့်ဝလာလို့ အဲဒီအတွက် ပီတိဖြစ်ရပါတယ်။ အသိအမှတ်ပြု မခံရပေမယ့် ပီတိဖြစ်နေရတယ်။ ခံစားခဲ့ရတာတွေ၊ နာကျင်ခဲ့ရတာတွေ၊ ဝေဒနာတွေ ရှိခဲ့ပေမယ့်လည်း ဒါတွေကိုမေ့ပြီး ပီတိဖြစ် နေရ တာပါ။ ဘေးကနေ ကြည့်ပြီးတော့။
မေး။ ။ ဆေးကုသဖို့ရော ဘယ်လိုအစီအစဉ်တွေ လုပ်ထားပါသလဲ။ အမျိုးသမီးဆီကိုရော လိုက်သွားဖို့ အစီအစဉ် ရှိပါ သလား။
ဖြေ။ ။ ဇနီးဆီလိုက်မသွားခင်ကို ကျနော်နဲ့ကျနော့်ဇနီးက ထိုင်းမှာဆေးကုဖို့ ဆက်လုပ်ရမှာပါ။ ထိုင်းမှာ ပြီးအောင်ဆက်ကု ရဦးမှာပါ။ အဲဒါပြီးမှ ဇနီးဆီလိုက်သွားဖို့ စီစဉ်ရမှာပါ။ ထိုင်းက ချင်းမိုင်ပေါ့။ အဲဒီက စိတ်ပိုင်းဆိုင်ရာ ပုဂ္ဂလိက ဆေးခန်း တခုမှာ ဆေးကုသနေတာပါ။ အဲဒါက ၆ လတဖြတ် ၆ လတဖြတ် ဆေးပြောင်းပြောင်းပေးတယ်။
အခုကျနော် ၆ လပြည့်သွားပြီဆိုတော့ အဲဒီကို ကျနော်ထပ်သွားရမှာပါ။ အမျိုးသမီးလည်း အခုကျနော့်ဘေးမှာ ရှိပါတယ်။ ထိုင်းကိုဆေးသွားကုဖို့ အခုရက်ပိုင်းအတွင်း သွားရမှာဖြစ်လို့ Passport လုပ်ပြီးတာနဲ့ သွားဖြစ်မှာပါ။
မေး။ ။ လက်ရှိတိုင်းပြည်မှာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့ဆိုပြီး သံဃာတော်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့ တွေရှိတယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်သံဃာတပါး အနေနဲ့ ပါဝင်ခဲ့ပြီး သံဃာတပါးဖြစ်ခဲ့ဖူးသူ တဦး အနေ နဲ့ အဲဒီအဖွဲ့အစည်းတွေရဲ့လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ သံဃာတွေပါဝင်မှုဟာ ပွင့်ပွင့်လင်းလင်းပြောရရင် တချို့ဟာတွေ သိပ်သဘောမကျဘူး။ သံဃာတွေအနေနဲ့ ရပ် တည်မှု နေရာမှားနေတယ်လို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တယ်။
မေး။ ။ ရပ်တည်မှုမှားတယ်ဆိုတာ ဘာကိုပြောချင်တာပါလဲ။
ဖြေ။ ။ NLD အပေါ်မှာ ထောက်ခံရမယ့်အစား NLD ကို ကန့်ကွက်တာတွေ လုပ်တာတွေ၊ နောက် သံဃာတွေအနေနဲ့ လူ တွေနဲ့ ရောရောနှောနှော လုပ်ပြီး နိုင်ငံရေးမှာ ပါဝင်နေတာတွေဟာ သိပ်မကောင်းဘူး။ အသေးစိတ်ပြောရင်လည်း မကောင်း ဘူး။
ဘုရားဟောတရားနဲ့အညီ လုပ်ရင်ကိုပဲ၊ ဓမ္မနဲ့အညီ ဝိနယနဲ့အညီ လုပ်ရင်ကိုပဲ ဗုဒ္ဓသာသနာကို စောင့်ရှောက်ပြီးသားပါ။ နိုင်ငံရေးပိုင်းဆိုင်ရာက လူတွေရဲ့တာဝန်လို့ ထင်တယ်။ ဘုန်းကြီးတွေရဲ့တာဝန်မဟုတ်ဘူးလို့ ထင်တယ်။ ကျနော်တို့ တော် လှန်ရေးလုပ်ခဲ့တုန်းကတော့ ဒါက မလုပ်မဖြစ် လုပ်ခဲ့ရတဲ့ တော်လှန်ရေး။ ဒါတောင် ဓမ္မဝိနယနဲ့အညီ တော်လှန်ရေးလုပ်ခဲ့ရ တာပါ။ ။