မြန်မာနိုင်ငံရဲ့ ဒုတိယစီးပွားရေးမြို့တော်တခုဖြစ်တဲ့ မန္တလေးကို ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျ လျက်ရှိပြီး လက်ရှိအစိုးရသစ်လက်ထက်မှာလည်း ဒေသအတွင်းစီမံကိန်းများ အကောင်အထည်ဖော်နေပြီ ဖြစ် ပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရက ဖော်ဆောင်နေတဲ့ ရင်းနှီးမြှုပ်နှံမှု၊ အခွန်စနစ်နဲ့ စီမံကိန်း အခြေ အနေတွေ သိရှိနိင်ဖို့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကို ဧရာဝတီ သတင်းဌာနရဲ့ သတင်းထောက်မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူဟာ NLD ပါတီဝင်မဟုတ်ပေမယ့် ယခင်အစိုးရလက်ထက်က စီမံကိန်း၊ ဘဏ္ဍာရေးဌာနမှာ ဝန်ထမ်း လုပ်သက် ၃၄ နှစ်ကျော် လုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ပေး အပ်ခြင်း ခံရသူလည်း ဖြစ်ပါတယ်။
မေး။ ။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှာ ဘယ်ဌာနတွေကို တာဝန်ယူထားရပါလဲ။
ဖြေ။ ။ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ဟိုတယ်ခရီးသွား၊ ပြန့်ကြားရေးတို့ကို တာဝန်ယူထားပါတယ်။
မေး။ ။ ဝန်ကြီးတာဝန်ယူထားတဲ့ ဌာနအလိုက် ရက်တရာစီမံချက်နဲ့ ဘာတွေကိုအကောင်ထည်ဖော် ဆောင်ရွက် နေပါပြီလဲ။
ဖြေ။ ။ သက်ဆိုင်ရာဌာနတွေက ရက်တရာစီမံချက်အဖြစ် ဆွဲပြီးတင်ပြကြတာပါ။ အခွန်စည်းကြပ်မှုတန်ဖိုးနဲ့ ပတ်သတ်ပြီး အခွန်ထမ်းအသစ်တွေ ဖော်ထုတ်ဖို့ကိစ္စ လုပ်နေပါတယ်။ ဒါက မြို့နယ်တွေကပဲ ထဲထဲဝင်ဝင် လုပ်တာ ဆိုတော့ သူတို့ဆီကတက်လာသလောက်ပဲ သိရတယ်။ စီးပွားကူးသန်းဆိုရင် လောလောဆယ်မှာ စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေအရ ပညာပေးလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်နေတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမဏီများ ညွှန်ကြားမှုဦးစီးဌာနက မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက တကယ်လုပ်ငန်း ဆောင်ရွက်ခြင်းရှိ၊ မရှိ စစ်ဆေးဖို့ ရှိတယ်။
စက်မှုဇုန်တွေမှာ အဓိကကွင်းဆင်းစစ်ဖို့ တင်ပြထားတာတွေ ရှိတယ်။ စီမံကိန်းဌာနကတော့ ရသုံးမှန်းခြေ ငွေစာရင်း ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ရက် ၂၀ သင်တန်းတခု ပေးနေပါတယ်။ အဲဒီသင်တန်းမှာ ကုမ္ပဏီ လုပ်ငန်းရှင် တွေရော၊ ဌာနဆိုင်ရာရော၊ တခြားစိတ်ဝင်စားတဲ့သူတွေပါ တက်ရောက်လို့ရပါတယ်။ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ဌာနက အနည်းငယ် ပြုပြင်ပြောင်းလဲမှုတွေလုပ်နေလို့ ခုထိဘာမှမစရသေးဘူး။
မေး။ ။ အစိုးရသစ်လက်ထက်မှာ မန္တလေးတိုင်းအတွင်း ဘယ်လိုစီမံကိန်းတွေ ဆောင်ရွက်ဖို့ရှိပါလဲ။
ဖြေ။ ။ တိုင်းအစိုးရအနေနဲ့ သီးသန့်မရှိပေမယ့် ပြည်ထောင်စုအဆင့်က အထက်ဆည်တော်ကြီးမှာ ရေလှောင် တမံတခု တည်ဆောက်ဖို့ရှိပါတယ်။ လက်ရှိဆည်တော်ကြီးဆည်က မိုးများချိန်ဆို ဆည်ထဲမှာရေတွေကို ထိန်း မထားနိုင်တော့ လွတ်လိုက်ရတဲ့အခါ အနီးအနားက မတ္တရာ၊ စဉ့်ကူးရွာတွေကို သွားထိတယ်။ စိုက်ပျိုးရေး အတွက် လည်း သုံးမရသလို လျှပ်စစ်လည်းထုတ်မရဘူး ဖြစ်တယ်။ ဒါကြောင့် ဆည်တော်ကြီးအထက်မှာ ရေလှောင်တမံတခု လုပ်ဖို့ရှိတယ်။ လျှပ်စစ်ဆင့်ကဲထုတ်ဖို့ ရှိတယ်။ အခုတော့ တိုင်းတာတွက်မှုတွေကို လျှပ်စစ်နှင့် ဆည်မြောင်းဌာနက လုပ်နေပြီ။
မေး။ ။ အဲဒီစီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရော ခေါ်ဦးမလားရှင့်။
ဖြေ။ ။ ဘတ်ဂျတ်က ပြည်ထောင်စုက ချထားပေးမှာဖြစ်ပေမယ့် ပြည်ပကအရင်းအနှီးတွေလည်း ပါလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တို့မတတ်နိုင်တာတွေ ရှိသေးတယ်။ ဥပမာအားဖြင့် စက်ယန္တရား၊ နည်းပညာလိုမျိုးပေါ့။ အဲလိုနေရာ မှာ အကူအညီတွေယူရတာတွေ ရှိလာနိုင်ပါတယ်။ ဘတ်ဂျတ်ကအသေးစိတ် မသိရသေးဘူး။
မေး။ ။ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဆိုပြီး မြေယာတွေချထားပေးတဲ့ကိစ္စကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ အဆို တင်သွင်းတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဝန်ကြီးအနေနဲ့ တိုင်းဒေသထဲက စီမံကိန်းအခြေအနေတွေအပေါ် ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ ။ ဝန်ကြီးအဖြစ်တာဝန်ယူတာ ဒီနေ့နဲ့ဆို ၃ လနဲ့တရက် ရှိပါပြီ။ ဝန်ကြီးတာဝန်ယူချိန်ကစပြီး စီမံကိန်း လုပ်တဲ့ သူ တွေက သူတို့စီမံကိန်းအကြောင်းတွေကို Power Point တွေနဲ့ လာရှင်းပြကြပါတယ်။ ဒါပေမယ့် အရင်ဆုံး စာချုပ် ကိုပဲ စစ်ဆေးကြည့်တယ်။ အထဲမှာ ဘာတွေပါသလဲ။ ရှေ့နေချုပ်ရုံးက ဘာတွေသဘောထား မှတ်ချက်ပြုထားလဲ ဆိုတာ တွေကို ကြည့်ပါတယ်။ အဲဒီမှာ တချို့ဆို စာချုပ်တွေဘာတွေတောင် မရှိသလို MIC မှာလဲ တင်မထားပါဘူး။
စီမံကိန်းလုပ်တဲ့သူတချို့က ကိုယ့်မှာပိုက်ဆံရှိတာနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရပြီလို့ ထင်နေကြတယ်။ အဲဒါဟာသူတို့ အတွက် ဆုံးရှုံးမှုကြီးပါပဲ။ MIC တင်တာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူကို ဖြေလျှော့ပေးတာပဲလေ။ အဲဒါကို သူတို့ဘာဖြေ လျှော့ခွင့်မှ မယူရင် တို့ဘက်က အခွန်ကောက်မှာပဲ။ ဘာပဲပြောပြော MIC ကို တင်ရင် စာချုပ်တခုတော့ အနည်းဆုံးြ ပရမယ်။ သူတို့ဘယ်လိုရင်းနှီးမြှုပ်နှံမယ်၊ ဘယ်သူတွေ ရင်းနှီးမြှုပ်နှံမယ်ဆိုတာတော့ သိရမယ်လေ။
မေး။ ။ အဲဒီလို စနစ်တကျမရှိတဲ့ စီမံကိန်းတွေကို ပြန်စိစစ်ဖို့ရှိပါလား။
ဖြေ။ ။ စာချုပ်တွေကို ပြန်စစ်ဆေးမယ်။ ဖွံ့ဖြိုးရေးနဲ့ပတ်သတ်ပြီး တင်ထားတဲ့စီမံကိန်းဆိုရင် ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်အတိုင်း လုပ်ထားလား။ မလုပ်ရသေးဘူးဆိုရင် အဲဒါတွေကို ပြန်ဖြည့်မလား။ ပြန်ဖြည့်မယ်ဆိုရင် တိုင်းအစိုးရအဖွဲ့အနေနဲ့ တတ်နိုင်တာကို ပံ့ပိုးပေးမယ်။ လုပ်နိုင်အောင် ထိန်းကျောင်းပေးမယ်။ မလုပ်နိုင်ဘူးဆိုရင် ပယ်ဖျက်မယ်။ စည်းကမ်းနဲ့အညီ လုပ်နိုင်ရင်လုပ်ပါ။ မလုပ်နိုင်ရင်တော့ အရေးယူရမယ့်အပိုင်းကို ရောက်လာပြီ။
မေး။ ။ မန္တလေးတိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ဘယ်နိုင်ငံတွေက စိတ်ဝင်စားမှုရှိပါလဲ။
ဖြေ။ ။ ဂျပန်၊ တရုတ်၊ ပြင်သစ် အဲဒီနိုင်ငံတွေက ဆက်သွယ်တာ၊ မေးမြန်းတာမျိုးတွေ ရှိပါတယ်။ တရုတ်ဆိုရင် တော်တော်စိတ်ဝင်တစားနဲ့ လာမေးကြတယ်။ ဘာလုပ်ငန်းတွေလဲဆိုရင် သစ်အချောထည်၊ ကျောက်စိမ်း အချောထည်လုပ်ငန်း၊ ဆိုလာစက်ရုံ၊ လယ်ယာသုံး စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံ၊ လှျှပ်စစ်နဲ့ ဆက်သွယ်ရေး ကိစ္စတွေကို စိတ်ဝင်စားကြပါတယ်။ ဂျပန်ကတော့ ရင်းနှီးမြှုပ်နှံတာထက် နည်းပညာ အကူအညီပေးချင်တဲ့သဘော ရှိပါတယ်။
မေး။ ။ အသေးစားအလတ်စား လုပ်ငန်းတွေ (SMEs) ကို ချေးငွေထုတ်ပေးဖို့မှာ ဖြေလျော့ပေးဖို့ရှိတယ်လို့ သိရပါတယ်။ ဘယ်လိုဖြေလျှော့မှုတွေ ပေးသွားမှာပါလဲ။
ဖြေ။ ။ လူတွေက SMEs ဆိုတာနဲ့ စက်မှုလုပ်ငန်းလို့ပဲ ခေါင်းထဲရောက်ကြတယ်။ တူနဲ့ရိုက်မှ၊ ဝါရိန်ဆော်တဲ့ လုပ်ငန်းမျိုးမှ ငွေချေးလို့ရတယ်လို့ ထင်နေကြတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ တခြားလုပ်ငန်းတွေလည်း ပါပါတယ်။ အဲဒါတွေလည်း ငွေချေးနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ SMEs တွေ ငွေချေးဖို့ ကန့်သတ် ချက်တွေ သိပ်များတယ်။ သူတို့သတ်မှတ်ထားတဲ့ မူဝါဒ ၆ ချက်ဆိုတဲ့ အထဲမှာ တချို့ကိစ္စတွေက လုံးဝလုပ်မရတဲ့ ဟာတွေ ရှိနိုင်တယ်။
ဥပမာအားဖြင့် – မြေပိုင်ဆိုင်မှုဂရန် ရှိရမယ်ဆိုတာမျိုး။ ရှိတာလေးနဲ့ အသေးစားအလုပ်တခု လုပ်နေတယ်ဆို မြေပိုင်ဆိုင်မှု ပြမှ ငွေချေးမယ်ဆိုတာမျိုးက အခက်အခဲရှိနိုင်ပါတယ်။ ပြီးတော့ ဈေးကွက်ရှိတဲ့လုပ်ငန်းမျိုး၊ ရေရှည် လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းရှင်မျိုးဆိုပြီး သတ်မှတ်ထားပါတယ်။ ကိုယ့်နိုင်ငံမှာ ဈေးကွက်သုတေသနလုပ်ပြီး လုပ်ငန်း လုပ်နေတဲ့သူတွေက လက်ချိုးရေလို့ရတယ်။ အဲဒါမျိုးအချက်တွေက သာမာန်လုပ်ငန်းရှင်လေးတွေကို သွားကြပ် ထားသလို ဖြစ်နေတယ်။ အဲဒါတွေနဲ့ပတ်သတ်ပြီး ဖြေလျှော့မှုတခုလုပ်ပြီး တိုင်းအစိုးရအဖွဲ့ကို တင်ပါမယ်။ မြေမပိုင်ပေမယ့် ငွေဘယ်လိုချေးလို့ရမလဲဆိုတာမျိုးပေါ့။