သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖဲ့ွ အာဏာရယူမှု ရက် ၁၀၀ ပြည့်ခဲ့ပြီဖြစ်သည်။ အစိုးရသစ်၏ ရက် ၁၀၀ အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင် အပြောင်းအလဲရှိ၊ မရှိ ဆိုသည့်အပေါ် ပြည်သူလူထု အပါအဝင် နယ်ပယ်အသီးသီးမှ စိတ်ဝင်တစားရှိနေကြသည်။ သို့ဖြစ်ရာ အစိုးရသစ်၏ အာဏာလွှဲပြီး ရက် ၁၀၀ အတွင်း တိုးတက်မှု၊ လိုအပ်ချက်စသည့်အခြေအနေများအပေါ် နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှ ပညာရှင်များ၏ သုံးသပ်မှုများကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
ဦးသိန်းထွန်း ( ထွန်းဖောင်ဒေးရှင်ဘဏ် ဥက္ကဋ္ဌ)
အန်ကယ် မြင်တာတော့ မျှော်မှန်းသလောက်တော့ ခရီးမရောက်ဘူး ထင်တယ်။ သို့သော်လည်း သူက လူသစ်၊ အစိုးရသစ် ဆိုတော့ အတွေ့အကြုံတွေ အခြေအနေတွေကို ကြိုးစားလေ့လာနေရတဲ့အတွက် အချိန်တော့ ထပ်ယူရအုံးမယ် ထင်တယ်။ ရက် ၁၀၀ နဲ့တော့ သိပ်လုံလောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရက် ၁၀၀ မှာ စီးပွားရေးထက် နိုင်ငံရေးကို ကိုင်တွယ်တဲ့ နေရာမှာ ဇောင်းပေးတဲ့ သဘောရှိတယ်။ အန်ကယ်ကတော့ စီးပွားရေးဘက်ကို နည်းနည်း ဇောင်းပေးရင် ကောင်းမယ် ထင်တယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဘန်ကောက်သွားတာတွေ အပါအဝင် တခြားကိစ္စတွေက စီးပွားရေးနဲ့ သိပ်မဆိုင်ဘဲ နိုင်ငံရေးဘက် များတာပေါ့။ စီးပွားရေးကို နည်းနည်းလေး အခြေခံလေး ယူပြီး ဇောင်းပေးဖို့ပါ။ စီးပွားရေးသမားတွေ ကတော့ အကုန်မျှော်လင့်တာပဲ။ တိုင်းပြည်က စီးပွားရေးကောင်းမှ ကျန်တဲ့ဟာတွေပါ ကောင်းတာကိုး။ လူတွေကတော့ အစိုးရသစ်ပေါ်မှာ မျှော်မှန်းထားတဲ့သဘော ရှိပါတယ်။
ဦးသန်းဦး (မဏ္ဍိုင် အိမ်ခြံမြေ ကုမ္ပဏီ)
အစဆိုတာကတော့ ဘယ်ဟာပဲဖြစ်ဖြစ် ခက်တာပဲ။ နှစ်ပေါင်း ၅၀ ကျော်ပြီးတော့ အခုမှ ပြန်စရတာလေ။ အဲဒီအစက အခြားအစထက် ပိုခက်ခဲပါတယ်။ ပြောရမယ်ဆိုရင် ဒီအစိုးရက ပထမအချက် ပြည်သူတွေ ရွေးကောက် တင်မြှောက် ထားတယ်။ ဒါတောင် ၂၅ ရာခိုင်နှုန်း မပါဘူးပေါ့။ ဒုတိယ အချက်က အစိုးရအနေနဲ့က အရပ်ဖက် ပညာရှင်တွေ တော်တော် များများကို ထည့်သွင်း အသုံးပြုထားတယ်။ အားပြုထားတာကို တွေ့ရတယ်။ တတိယအချက်က ဘာလဲ ဆိုတော့ သူတို့ကိုယ်တိုင်လည်း ကြေငြာထားတယ်။ သူတို့လည်း အခုအချိန်အထိ အမှားအယွင်းနည်းစွာနဲ့ လုပ်နေ ကြတယ်။
အဂတိ လိုက်စားမှုကို လုံးဝလက်မခံတဲ့ အစိုးရဖြစ်တယ်။ ထိပ်ပိုင်းခေါင်းဆောင်ကနေ အောက်ခြေအထိ အဂတိလိုက်စားမှု လာဘ်ပေး လာဘ်ယူ လုံးဝ လက်မခံဘူး။ နံပတ် ၄ အချက်က သူတို့ဟာ တကယ့်ကို နိုင်ငံချစ်စိတ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တကယ် လိုချင်လို့ နှစ်များစွာ ဒုက္ခခံပြီး ဒီအချိန်ထိ ရောက်အောင် နေလာခဲ့တာ။
အဲဒီတော့ ပြောချင်တာက ဒီလိုအားသာတဲ့ အဓိက အချက် ၄ ချက်နဲ့ ဆောင်ရွက်နေတဲ့ အတွက်ကြောင့်မို့ တခြား ပုဂ္ဂိုလ်များ ပြောသလို စီမံခန့်ခွဲမှု အားနည်းတာ၊ အုပ်ချုပ်မှု အပိုင်းမှာ လိုအပ်တာတို့ အတွေ့အကြုံနည်းတာတို့ ရှိကောင်း ရှိမှာပေါ့။ အဓိက ပြောချင်တာက အတွေ့အကြုံနည်းပေမယ့် အားသာချက် ၄ ချက်ရှိတဲ့အတွက်ကြောင့်မို့ အစိုးရတရပ်နဲ့ ပြည်သူဘဝ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်တဲ့ နိုင်ငံ ၁ နိုင်ငံမှာ ရက်ကို ရေတွက်ပြီး ခရီးရောက်၏၊ မရောက်၏ ဆိုတာ ကို တိုင်းတာတာထက် ခုနက အားကောင်းတဲ့ အချက်တွေကို ရက် ၁၀၀ မှာ အခြေခံ ချနိုင်သလောက် ချပြီး ကာလ ကြာရှည် မှာ အခြားအစိုးရတွေထက်စာရင် ပိုခရီးရောက်ပြီး အောင်မြင်မယ်လို့ မြင်ပါတယ်။
ဒေါက်တာမောင်မောင်လေး
( မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ)
စီးပွားရေးသမားတွေကတော့ လက်တွေ့ကြပါတယ်။ အကြီးအကျယ် ထူးထူးခြားခြား ပြောင်းလဲသွားလိမ့်မယ်။ ချက်ချင်း ပြောင်းလဲသွားလိမ့်မယ်လို့တော့ မမျှော်လင့်ထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုင်တွယ်မှု ညံ့ဖျင်းလာတာ နှစ်ပေါင်း ၅၀ ကျော်လာတယ်လေ။ ဒီဟာကို ချက်ခြင်းပြင်ဖို့ဆိုတာ မလွယ်ပါဘူး။ သိကြပါတယ် မမျှော်လင့်ထားဘူး။ ဒါပေမယ့် အများ ဖြစ်စေချင်တာကတော့ အစစအရာရာကို လုပ်ရကိုင်ရတာ မူဘောင် သတ်သတ်မှတ်မှတ်နဲ့ ရှိပြီး ကစားကွက်က ထင်သာ မြင်သာ ရှိစေချင်တာပေါ့။ အဓိကက အဟန့်အတားတွေကို ပယ်စေချင်တာ ကြိုးနီစနစ်တွေကို ပယ်စေချင်တာပေါ့။
နောက်ဒေသတွင်းမှာ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားကို ဖြစ်စေချင်တယ်၊ ဒါက ကုန်သည်လုပ်ငန်းရှင်တွေ အားလုံးရဲ့ ဆန္ဒပါ။ ရက် ၁၀၀ အတွင်းမှာ ချက်ခြင်း ဥုံဖွဆိုတာနဲ့ မရပါဘူး။ အထိုက်အလျောက် ပြည်တွင်းလုပ်ငန်းရှင်တွေ မလွှမ်းမိုးခံရရင် တော်ပါပြီ။ အရင်းအနှီး နဲ့ အတိုးနှုန်းတွေ သက်သက်သာသာရဖို့နဲ့ မြေနေရာကို သက်သက်သာသာနဲ့ လုပ်ကိုင်နိုင်ဖို့တော့ လိုတာပေါ့၊ ဘာဖြစ်လို့ဆိုရင် ထုတ်လုပ်မှု အပိုင်းတွေ တက်လာစေချင်လို့ပါ။ ဒီအတွက် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် တွေ လိုတာပါ။ ဒါတွေ ဖြည့်ဆည်းပေးနိုင်အောင် ရေရှည်မှာလိုချင်တာပေါ့။ နေ့ချင်း ညချင်းတော့ သူတို့ မမျှော်လင့် ကြပါဘူး။ ကောက်ရိုးမီးလို လက်ပူတိုက်တာကိုလည်း လုပ်ငန်းရှင်တွေက မလိုလားပါဘူး။
ဦးရောဘတ်စန်းအောင် (တရားလွှတ်တော် ရှေ့နေ)
အစိုးသစ် အာဏာ လွှဲပြောင်း ရယူပြီးတဲ့ ရက် ၁၀၀ အတွင်းမှာ တရားစီရင်ရေးနဲ့ ပတ်သက်လို့တော့ ပြောင်းလဲမှုတွေ မရှိသေးပါဘူး။ တိုင်ဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တရားလွှတ်တော်တွေမှာ အမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေး ကြားနာတာတွေ မလုပ်ဘဲ အကျဉ်းချုပ်နည်းနဲ့ပဲ အမှုတွေကို ပလပ်တဲ့တာတွေက အစဉ်အလာတွေလိုပဲ ရှိနေသေးတယ်။ တရားမမှုတွေမှာဆို တံဆိပ်ခေါင်းခွန်တွေက အများကြီးကပ်ရပြီး တကယ်တမ်းတော့ ၁၀ မိနစ်လောက် ပြောပြီးတာနဲ့ အမှုကို ပလပ်လိုက်တော့ အရမ်းကို နစ်နာပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့လည်း အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ အစိုးရသစ် တရပ် အနေနဲ့တော့ ရက် ၁၀၀ လောက်အတွင်းမှာ နှစ် ၅၀ လောက် အမှိုက်ပုံကြီးကို ရှင်းနိုင် မှာတော့ မဟုတ်ပါဘူး။
ဦးရဲထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)
အစိုးရသစ်တရပ်ရဲ့ ပထမဆုံး ရက် ၁၀၀ ဆိုတာက သူ့သက်တမ်းမှာ ဘာတွေလုပ်ဆောင်သွားမလဲ ဆိုတဲ့ မူဝါဒ၊ ရည်မှန်းချက်တွေကို အကဲဖြတ်ရမယ့်အချိန်၊ ဆက်လုပ်မယ့်ဟာတွေအတွက် အစပျိုးရမယ့် အချိန်ဖြစ်ပါတယ်။ အရင် အစိုးရရဲ့ အားနည်းချက်တွေ၊ မအောင်မြင်တာတွေကို သုံးသပ်ပြီး ပြင်ဆင်တာတွေ လုပ်ဆောင်ရမှာပါ။ ဒါတွေနဲ့ ပတ်သက် လို့ လက်ရှိအစိုးရက ပြည့်ပြည့်ဝဝ မလုပ်နိုင်လိုက်ဘူးလို့ ပြောချင်တယ်။ နောက်တချက်က အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေး ပိုင်းတို့ အကြား ပူးပေါင်းညှိနှိုင်းမှုတွေ အားနည်းတာတွေ၊ အပြန်အလှန် နားလည်မှု မရှိတာတွေ ဖြစ်နေသေးတယ်။ လက်ရှိ လွှတ်တော်က မလိုအပ်တော့ဘူးလို့ ထင်တဲ့ ဥပဒေတွေကို ပယ်ဖျက်ခဲ့တာတွေက ကောင်းပါတယ်။
ဒီနိုင်ငံရဲ့ အခြေအနေအရ ဥပဒေတခု ပြောင်းလဲလိုက်တာနဲ့ အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်တာကိုတော့ သိပ်အံ့သြစရာမရှိပါဘူး။ ကောင်းတဲ့အချက်အနေနဲ့ကတော့ ဒီအစိုးရက အကျင့်ပျက် ခြစားမှု ကင်းတဲ့အစိုးရ၊ ပြည်သူ တွေတင်မြောက်ထားတဲ့ အစိုးရ ဖြစ်တယ်ဆိုတာကြောင့် နိုင်ငံတကာက အကူအညီတွေ ပေးနေကြတာ ဖြစ်ပါတယ်။ အကျင့် ပျက် ခြစားမှု ကင်းတာ တခုနဲ့တင် အရင် အလေအလွင့် များခဲ့တာတွေထက် အများကြီး သာမယ်လို့ ယုံကြည် ပါတယ်။
စိုင်းအောင်မြင့်ဦး
ဗဟို သုတေသနနှင့်ပညာရေးစင်တာ ရှမ်းလူငယ်ကွန်ယက်(ရန်ကုန်)
ရက် ၁၀၀ စီမံကိန်း ဆိုတာ ပြင်ဆင်ချိန်ကာလ လို့မြင်ပါတယ်။ အရင်အစိုးရ လုပ်ထားတဲ့ကိစ္စကို စိစစ် သုံးသပ်တဲ့ကာလလို့ မြင်ပါတယ်။ ရက် ၁၀၀ စီမံကိန်း က စီမံကိန်း တွေ ရပ်ဆိုင်းဖို့ ဆောက်လုပ်ရေးတွေ ဆက်မလုပ်ဖို့အတွက်ကတော့ ဒီရက်ပိုင်း မှာ ရပ်ဆိုင်းထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ပွင့်လင်းမြင်သာမှု မရှိတဲ့အပိုင်းတွေ ဘာလုပ်မလဲ၊ ဘယ်အရာကို ဦးတည်သွားမလဲ ဆိုတာ ကို ရက် ၁၀၀ မှာ ချမပြတဲ့ အတွက် အောင်မြင်မှု အားနည်းတယ်လို့ သုံးသပ်မိပါတယ်။
ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း လမ်းပိုင်းကို ရက် ၁၀၀ အတွင်းမှာ အကောင်းဆုံး ပြင်မယ်လို့ ပြောပေမယ့် အခုထိ မလုပ်ဆောင်ပေးသေးပါဘူး။ ရှမ်းပြည်နယ် ရက် ၁၀၀ စီမံကိန်း မှာ မြောက်ပိုင်းကိစ္စ သဘာဝ ပတ်ဝန်းကျင် စီမံကိန်းကို မပြောတာ အားနည်းချက်ပါ။ ရပ်ဆိုင်းတဲ့ စီမံကိန်း ၂၀ ခုကို ချမပြတာလည်း အားနည်းချက်ပါပဲ။ ရက် ၁၀၀ စီမံကိန်း မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ထည့်တာ မဖြစ်သင့်ပါဘူး။ ရက် ၁၀၀ စီမံကိန်းဆိုတာ ပြင်ဆင်ချိန်ပါပဲ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာက နှစ်ပေါင်း ၆၀ ကျော် ခံနေရတဲ့ တိုင်းရင်းသားတွေကို ရက် ၁၀၀ စီမံကိန်းမှာ ထည့်တာတော့ လုံးဝ မသင့်တော်တဲ့ အရာတခုပါ။
ဦးခွန်ထွန်းဦး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ဥက္ကဋ္ဌ)
ငြိမ်းချမ်းရေးက စလုံးရေ စမှ မရှိသေးတာ။ ၂၁ ပင်လုံ ဆိုတာလည်း ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောလို့ မရသေးဘူး။ အခုမှ ဟိုဘက်ကလူတွေ (လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့) တွေကို တွေ့ရုံပဲ ရှိသေးတာ။ သူတို့ တက်လာ ရင်တော့ ဖြစ်မှာပေါ့။ တက်မလာဘူးဆိုရင် မဖြစ်ဘူး။ အခု ကျနော်ကြားနေတာက ပင်လုံကို လုပ်မယ်ဆိုရင် ၁ ချက်က တော့ အခြေအနေအရ ပြောရရင် ပင်လုံကိစ္စနဲ့ လုပ်မယ် လို့ ထင်ကြတယ်။ ဒါပေမယ့် ပင်လုံ ဆိုတဲ့ စကားလုံးပါ။ ၁၉၄၇ခုနစ် မှာ သဘောတူညီတဲ့ဟာတွေ မအပ်စပ်ဘူး၊ နိမ့်ကျတယ် ဆိုရင်တော့ ဖြစ်မယ် မထင်ဘူး။ တိုင်းရင်းသား တွေကလည်း ဒါနဲ့ ပတ်သက်ပြီး လက်နက်ကိုင်ခဲ့ကြတယ်။ ကျနော် အဲဒီလို မြင်တယ်။
ရက် ၁၀၀ စီမံကိန်းမှာ ပြည်သူလူထုကို ချမပြတဲ့အပေါ်မှာ မေးစရာမလိုပါဘူး။ ကတိကဝတ် ပေးလိုက်၊ ဖြစ်မလာ လိုက်ဆို တာ မဆန်းတော့ဘူး။ လုပ်စရာရှိတာတွေက အများကြီးပါ။ တခုတည်းမဟုတ်ဘူး။ ဗဟိုအစိုးရ က ဘယ်လိုမူနဲ့ သွားမယ်ဆိုတာတောင် မသိရသေးဘူး။ ရှမ်းပြည်ကတော့ ပိုဆိုးမှာပေါ့။
အစိုးရသစ်အပေါ်မှာကတော့ နည်းနည်းပါးပါး ၄၀ ရာခိုင်နှှုန်း တော့ အားရကျေနပ်မှု ရှိပါတယ်လို့ ပြောရမှာပေါ့ဗျာ။