သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် လက်ထက်မှာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူပေးနိုင်လိမ့်မယ်လို့ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရတဲ့ တိုင်းရင်း သားဒုက္ခသည်တွေက မျှော်လင့်နေကြပါတယ်။
ဒါပေမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ တချိန်တည်းမှာပဲ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတာကြောင့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာလည်း ဒုက္ခသည်တွေက မချင့်မရဲဖြစ်နေကြပါတယ်။
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုုင်းက တိုင်းရင်းသားလက်နက်ကိုင်အစည်းအဝေး ပြုလုပ်နေကြ ချိန် အင်ခေါင်းပါ လို့ အမည်ရတဲ့ ကချင်ဒုက္ခသည်စခန်းထဲကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် မျှော်လင့်ချက်၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အင်ခေါင်းပါ ဒုက္ခသည်စခန်းတာဝန်ခံ ဦးတူးမိုင်ကို ဧရာဝတီသတင်းထောက် ကျော်ခ က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ဒီမှာ စစ်ရှောင်ဒုက္ခသည် စုစုပေါင်း ဘယ်လောက်လောက်ရှိလဲ။ ဒီမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေက ဒီစခန်းကို ဘယ်တုန်းက ဘယ်လို ရောက်လာကြတာလဲ။
ဖြေ ။ ။ စုစုပေါင်း ၁၇၀၈ ယောက်ရှိပါတယ်။ ၂၀၁၁ KIA နဲ့ တပ်မတော် စစ်စဖြစ်တုန်းက ရောက်လာကြတာပေါ့။ ကျနော် တို့ ဒီစခန်းထဲမှာ ရှိတာက ၁၆ ရွာပေါ့နော်။ ၂၀၁၁ အကုန်မှာ အဲဒီရွာတွေက အကုန်လုံး ဒီကိုရောက်လာကြတာပေါ့။
မေး ။ ။ ဒီစစ်ရှောင်ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကိုတော့ ဘယ်လိုဖြေရှင်းလဲ။
ဖြေ ။ ။ စားဝတ်နေရေးက ၂၀၁၁ မှာ ကျနော်တို့ ဒေသခံ စစ်မရှောင်တဲ့ရွာတွေ ရှိသေးတာပေါ့။ အဲဒီရွာတွေက ထောက် ပံ့မှု ရှိတယ်။ ဒီ ၂၀၁၁ ကုန်မှာ ကျနော်တို့ NGO နဲ့ အခြား လူမှုကူညီရေးအသင်းတွေကကူတယ်။ ၂၀၁၂ မှာတော့ UNရဲ့ ထောက်ပံ့မှုနဲ့ နေကြတာပေါ့။
မေး ။ ။ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ အခု လောလောဆယ်အခက်အခဲက အခြေခံအစားအစာကို ကရုဏာ (NGO)က ထောက်ပံ့ထားတာ။ ကရုဏာ က ထောက်ပံ့တယ် ဆိုပေမယ်လို့ လုံလောက်မှုတော့ မရှိဘူးပေါ့နော်။ အခြေခံအစားအစာ ဆန်၊ ဆီ၊ ဆားပေါ့။ ပထမက အစားအစာနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် အာဟာရဖြစ်တဲ့ အစားအစာတော့ မရှိသေးဘူး။
ဒုတိယ ပြဿနာအခက်အခဲက ဆေးဝါးတွေ၊ ဆေးဝါးဆိုတော့ ဆေးပေးခန်းတော့ ကျနော်တို့ ရှိတယ်။ ဆေးပေးခန်း က ကျနော်တို့ ဒီ KIO အဖွဲ့ကနေ ဆရာမတွေ ထားပေးတယ်။ ဒါပေမယ့် သုံးဆယ်ရာခိုင်နှုန်းသာ KIO ကထောက်ပံ့တာရှိ တယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကတော့ NGO ထောက်ပံ့တာနဲ့ ကျနော်တို့ သုံးစွဲတာပေါ့နော်။
ဒါပေမယ့် ဆေးဝါးနဲ့ ပတ်သက်ပြီး ပိုပြီး အခက်အခဲရှိတာက ကျနော်တို့ ဒီဒေသက လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိတယ်။ ဒီဘက်က ဒုက္ခသည်တွေ ဖျားတယ်၊ နာတယ်။ ရိုးရိုးချောင်းဆိုးတယ် ဘာတယ်ဆိုရင် ဒီအထဲမှာ ကုလို့ရတယ်။ ဒီထဲက မကုနိုင်တဲ့ဟာကို မိုင်ဂျာယန်ပို့ရတယ်။ ကုလို့မရတဲ့ဟာ တရုတ်ပြည်ပို့ရတာတွေလည်း ရှိတယ်။
မေး ။ ။ ဒုက္ခသည်တွေက နေရပ်ရင်း ပြန်ချင်တဲ့အကြောင်း မပြောကြဘူးလား။
ဖြေ ။ ။ အင်ခေါင်းပါ စခန်းတခုတည်းအနေနဲ့ကတော့ တချို့က ရွာပြန်ချင်တဲ့သူတွေ ရှိတယ်။ ကျနော်တို့ စခန်းထဲမှာ အသက်ပိုင်းနဲ့ ပြောမယ်ဆိုရင် အသက် ၅၀ ကျော်ရှိတယ်။ ၃၀ ကျော်ရှိတယ်။ တချို့က ၂၀ ကျော်ရှိတယ်။ ကျန်တဲ့ ၃၀ ကျော်နဲ့ ၅၀ ကျော်က ရွာပြန်ချင်တယ်။ ရွာပြန်ချင်တယ်ဆိုတာက ကိုယ့်ရွာထဲမှာ တချို့က ခြံတွေ ဘာတွေ လုပ်ထားတာ ရှိတယ်။ တချို့က တိရစ္ဆာန်တွေ မွေးထားတာရှိတယ်။ သွားပြန်ကြည်ချင်ကြတယ်။ ဒါပေမယ့် ဒီ ၁၆ ရွာလုံးထဲမှာတော့ လုံး ဝ ပြန်လို့မရဘူး။
တချို့ရွာတွေဆိုရင် တပ်မတော်က ရွာထဲမှာတောင် စခန်းချထားတယ်။ ကျန်တဲ့တဖက်က KIO က စခန်းချထားတဲ့အခါ ကျတော့ လုံးလုံးပြန်လို့မရဘူး။ ဒါက ပြဿနာတခု ပြန်ချင်ရင်လည်း ပြန်လို့မရဘူး။
မေး ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မိုင်ဂျာယန်မှာ အစည်းအဝေးတွေ လုပ်နေတယ်ဆိုတာ ဒုက္ခသည်တွေ သိကြလား။ သူတို့ကရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘာတွေပြောနေကြတာ ကြားရလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ ကျနော်တို့ များများစားစားတော့ မကြားရဘူးပေါ့နော်။ တချို့တလေပြောကြတာ ကြားမိပါတယ်။ ငြိမ်းချမ်းတာကို ပိုကြိုက်တာပေါ့။ ဒါပေမယ့် လုပ်နေကြတာတော့ ကြားမိပါတယ်။ မိုင်ဂျာယန်မှာ လုပ်နေ တာလည်း ကြားမိပါတယ်။
တချို့က ရေဒီယိုနားထောင်တယ်။ တချို့က တီဗီကြည့်ဖြစ်တဲ့ အခါကျတော့ အခုငြိမ်းချမ်းရေး ဖြစ်လာဖို့ အရမ်းမျှော်လင့် တာပေါ့။ သတင်းကြားမိသလောက်တော့ သူတို့က ငြိမ်းချမ်းရေးကို မျှော်လင့်တာပေါ့။ ငြိမ်းချမ်းရေးရမှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်မယ်။ ကိုယ့်ရပ်ရွာကို ပြန်နိုင်ဖို့ မျှော်လင့်တာပေါ့။ ဒီအသံတွေကို ကျနော်တို့ ကြားနေရတာပေါ့။
မေး ။ ။ နိုင်ငံရေးက အရင်ကလို မဟုတ်တော့ဘူး။ ပြောင်းလဲလာပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း အစိုးရထဲမှာ ပါလာ ပြီ။ ဒီမှာ ရှိနေတဲ့ ဒုက္ခသည်တွေက ကိုယ့်အိမ်ကို မပြန်နိုင်သေးတော့ အခုဖြစ်နေတဲ့ ပြောင်းလဲမှုအပေါ် ဘယ်လို မျှော်လင့် ထားလဲ။
ဖြေ ။ ။ အင်ခေါင်းပါမှာ ရှိတဲ့ စစ်ရှောင်တွေရဲ့ အမြင်ပေါ့။ ၂၁ ရာစု ပင်လုံညီလာခံလုပ်မယ်လို့ ကျနော်တို့ ကြားမိတယ်။ ကျန်တဲ့ဟာ တချို့က ကျနော်တို့ တီဗီမှာလည်း ကြားတာပဲ။ ဒါပေမယ့် တဖက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်။ တ ဖက်မှာတော့ စစ်တွေဖြစ်နေတာပဲ။ ဒါပေမယ့် အင်ခေါင်းပါမှာ ရှိနေတဲ့ စစ်ရှောင်တွေအနေနဲ့ ငြိမ်းချမ်းမယ်လို့တော့ တရာ ရာခိုင်နှုန်း ကျနော်တို့ မမျှော်လင့်ဘူး။ ဒါပေမယ့် ဆွေးနွေးတာကို ကျနော်တို့ မျှော်လင့်တာတော့ရှိတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလမှာ ကျနော်တို့ ဖားကန့်မှာရော ရှမ်းပြည်နယ်တလျှောက်မှာရော စစ်ဖြစ်နေတဲ့ အခါကျတော့ ဒီအသံတွေ ကြားနေရတဲ့ အခါကျတော့ ငြိမ်းချမ်းမယ်လို့တော့ မထင်ဘူးပေါ့နော်။
မေး ။ ။ ဒီအင်ခေါင်းပါ ဒုက္ခသည်စခန်း တာဝန်ခံတယောက်အနေနဲ့ သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တခုခု ပြောချင်တာများရှိလား။
ဖြေ ။ ။ လွန်ခဲ့တဲ့အပတ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ စခန်းထဲက စစ်ရှောင်တွေက သူတို့ရဲ့ အမြင် တွေ ထုတ်ဖော်တာကို ကျနော်ကြားမိသလောက် ပြောရမယ်ဆိုရင် သမ္မတဦးထင်ကျော် တက်လာတယ်။ ဒါပေမယ့် သမ္မ တ ဦးထင်ကျော်က ဒီကနေ့ထိ အကောင်အထည်ဖော်တာ ကျနော်တို့ မမြင်ဘူး။ ဒါ ဒီစခန်းထဲက ဒုက္ခသည်တွေရဲ့အသံ။
ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် NLD တက်လာတဲ့ အချိန်မှာ ကျနော်တို့ မျှော်လင့်တာက ဘာပဲဖြစ်ဖြစ် ဒေါ်စုတက်လာတဲ့ အချိန်မှာ ငြိမ်းချမ်းရေးရမယ်လို့ မြင်တာ။ ဒါပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်တာ မတွေ့ရသေးတဲ့ အခါကျတော့ ဒီလိုပါပဲ၊ အများကြီး မျှော်လင့်တာတော့ မရှိပါဘူး။
မေး ။ ။ ဆိုတော့ သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဘာပြောချင်လဲ။
ဖြေ ။ ။ ပြောချင်တဲ့အချက်က ငြိမ်းချမ်းအောင် တိုင်းရင်းသားတွေ လိုလားတဲ့ မြန်မာပြည်တခုလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေထိုင်ဖို့ မျှော်လင့်တာပေါ့နော်။
ဘာကြောင့် မျှော်လင့်လဲဆိုရင်တော့ ကျနော်တို့ ကချင်အရေး၊ ရှမ်းအရေးပေါ့နော်။ ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ အရေးကို အစဉ်တစိုက် ကြည့်ပြီးမှ ဆောင်ရွက်တဲ့ အစိုးရကို လိုလားတယ်။ အဲဒီအတွက် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို လုပ်ပေးဖို့ လိုပါတယ်။