အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၂၀ ကျော် ရပ်ဆိုင်းထားခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ( Generalized System Preference- GSP )ကို မြန်မာနိုင်ငံမှ ပြန်လည် ရရှိရန် ကြိုးစားလျက်ရှိသည်။ GSP ကို ယခုနှစ်အတွင်း အမေရိကန်က မြန်မာနိုင်ငံကို ပြန်လည်ပေးအပ်နိုင်မည် ဖြစ်သည်။ GSP ကြောင့် ဖြစ်လာနိုင်သည့် အကျိုးကျေးဇူး၊ နှစ်ဘက်သဘောတူညီချက်၊ ကြိုတင်ပြင်ဆင်မှု၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး နှင့် ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ သြဂုတ်လ ၈ ရက်နေ့က တွေ့ဆုံမှု လုပ်ခဲ့ပြီးနောက် အမေရိကန်က မြန်မာကို ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့် အရေး ပြန်ပေးတော့မယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလေး သိပါစေ။
ဖြေ။ ။ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးလာပါတယ်။ ဒီအထဲမှာ စိုက်ပျိုးရေးကို တာဝန်ယူရတဲ့သူလည်း ပါပါတယ်။ အဓိက လာတာက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးမှာ စိုက်ပျိုးရေးတာဝန်ခံ တယောက်ကို စထားပြီးတော့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးမှုကို ပြန်လည်ရှင်သန်လာအောင် ကူညီဖို့ ရုံးခန်းဖွင့်လှစ်ဖို့ ပါပါတယ်။
အထူးအခွင့်အရေး ပြန်လည်ရရှိဖို့ အမေရိကန်နိုင်ငံက လုပ်နေတယ်ဆိုတာကို ပြန်ပြီး အတည်ပြု ပြောကြားတာလည်း ဖြစ်ပါတယ်။ ဘယ်နေ့ ဘယ်ရက် ရမယ်လို့ သူတို့ အတိအကျ မပြောပေမယ့်လို့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအထူးအခွင့်အရေးကို ၁၉၈၉ ခုနှစ် ဧပြီလလောက် ကတည်းက ရပ်တန့်ထားတဲ့ဟာကို ပြန်လည်ရရှိဖို့ သူတို့ကြိုးစားပေးမယ် ဆိုပြီးတော့ သူတို့ ကတိကဝတ်ပြု သွားတာလေးတော့ ရှိပါတယ်။
မေး။ ။ အမေရိကန်က ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်လည်ပေးမယ်ဆိုရင်လည်း ဘယ်တော့လောက်များ ရရှိလာနိုင်မလဲ။
ဖြေ။ ။ ဒီနှစ်အတွင်းတော့ ရနိုင်ကောင်း ရလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့။ မြန်မြန်ရလေ ကောင်းလေပါ။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲတုန်းကလည်း အမေရိကန်ကွန်ဂရက်က မေးဖို့ခေါ်တာ သွားဖြေခဲ့ရပါသေးတယ်။ အဲဒီအချိန်ကတည်းက ရလိမ့်နိုးနဲ့ပေါ့။ နိုင်ငံရေးအခြေအနေကြောင့် ဘယ်နိုင်ငံမှမရခဲ့ပါဘူး။ မြန်မာနဲ့ လာအိုမှာ လာအို ကတော့ ပထမဆုံးအကြိမ်ပေးမယ်။ မြန်မာနိုင်ငံကတော့ ဂျီအက်စ်ပီကို ပြန်လည်ထုတ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်ယူစစ်ဆေးတာပါ။ ပေးသင့်တဲ့အကြောင်းကို တင်ပြပြီးတော့ သူတို့နဲ့ ဆွေးနွေးခဲ့တယ်။ ၄ လ၊ ၅ လနဲ့ ၆ လအတွင်း ရမယ်ထင်ခဲ့တာ။ ဒီနှစ်ကတော့ ပြည်တွင်းနိုင်ငံရေးနဲ့ သူတို့ရဲ့ ဒေသနိုင်ငံရေးေတွေကြောင့် ဖြစ်တယ်လို့ ပြောသံကြား ပါတယ်။
မေး။ ။ ပြန်လည်ရရှိမယ့် ကုန်သွယ်မှုအထူးအခွင့်ရေးမှာ ဘယ်ကဏ္ဍတွေ ပါဝင်နိုင်ပါသလဲ။
ဖြေ။ ။ ပေးအပ်လာရင် ကဏ္ဍတွေက အမယ်ပေါင်း ၅၀၀၀ လောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အထည်ချုပ်တို့က အများစု မပါဘူး။ ဒီတော့ သက်သက်အနေနဲ့ သူတို့ကို တောင်းဆိုပြီးတော့ လော်ဘီလုပ်ရ လိမ့်မယ်လို့တော့ ထင်တာပဲ။ ဆန်ဏ္ဍ ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော အကုန်ပါပါတယ်။
မေး။ ။ GSP ရလာခဲ့ရင် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးတွေ ဘယ်လောက်အထိ ရရှိလာနိုင်မလဲ။
ဖြေ။ ။ UMFCCI ရဲ့အောက်မှာ အသင်းအဖွဲ့ပေါင်းက ၇၀ ကျော်ရှိပါတယ်။ အသင်းအဖွဲ့တွေက တချို့က ပို့ကုန်တွေကို တန်ဖိုးမြင့်ဖို့ ကြိုးစားနေတာရှိပါတယ်။ များသောအားဖြင့် ကုန်ကြမ်းတွေကိုပဲ ပို့ရင် စျေးသိပ် မရတတ်ပါဘူး။ တန်ဖိုးမြင့် အေင် ကြိုးစားနေတဲ့အချိန်မှာ သူတို့ရဲ့ လုပ်ချင်ကိုင်ချင်စိတ် ပေါ်လာတယ်။ သူတို့ ပိုပြီးတော့ ထုတ်လာမယ်။ မြန်မာနိုင်ငံက အမေရိကန် sanction၊ ဥရောပ sanction တွေကြောင့် စျေးကွက်ကပျောက်သွားတာပါ။ ရွှေထီးဆောင်းတဲ့ဘဝ ပြန်ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ ဒီ ဂျီအက်စ်ပီ ပေးလာရင် အမေရိကန်နဲ့ မြန်မာ ကြားမှာ ဘယ်လို အပြန်အလှန် ကတိကဝတ်တွေ ထားရှိထားပါသလဲ။
ဖြေ။ ။ သူတို့ အရင်ဆုံး တောင်းတဲ့ GSP ရဖို့ အချက်တွေကတော့ ဒီမိုကရေစီ၊ လူအခွင့်အရေးနဲ့ မူပိုင်ခွင့် ရယ် နောက်ပြီး သူတို့ထောက်ပြတာ နိုင်ငံရေးလည်း ပါတယ်။ မြေသိမ်း၊ ယာသိမ်းကအစ သူတို့ ထောက်ပြတယ်။ သူတို့နိုင်ငံ က အဖွဲ့အစည်းတွေ တောင်းဆိုတာလည်းရှိတယ်။ ဒါတွေက သူတို့ရဲ့ သားငါးတွေကို မြန်မာနိုင်ငံကို သွင်းခွင့်ပေးဖို့ တောင်းဆိုတယ်။ ဒါလေးတွေကို ကျော်လွှားနိုင်ရင် သူတို့ ပေးမယ်ဆိုပြီးတော့ ရှိပါတယ်။ ဒါလေးတွေကိုလည်း ဖြည့်ဆည်း ပေးဖို့ လိုပါတယ်။ ဂျီအက်စ်ပီ ရလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။
ရရင်တော့ မြန်မာနိုင်ငံက ပစ္စည်းအမည်တွေက အမေရိကန်ကို သွင်းတဲ့အခါ သွင်းကုန်ကင်းလွတ်ခွင့်ပေးတာ ဖြစ်လာရင် မြန်မာပစ္စည်းအမည်တွေက အမေရိကန်နိုင်ငံကို တင်သွင်းလာတဲ့ အခြား အလားတူကုန်စည်တွေနဲ့ ယှဉ်ပြိုင်နိုင်သွားမယ်။ အမေရိကန်နိုင်ငံမှာ သွင်းတဲ့ အခြားကုန်စည်တွေကို အခွန်အခပေးရတယ်။ အဲဒီတော့ ကုန်းပေါ်ရောက် ပစ္စည်းတန်ဖိုးက ကြီးသွားတယ်။ မြန်မာနိုင်ငံက အခွန်အတုတ် မပေးရတော့ စျေးက မကြီးတဲ့အတွက် သူတို့နဲ့ စျေးယှဉ်ပြီးတော့ ယှဉ်ပြိုင်ရောင်းနိုင်မယ်။
မေး။ ။ GSP ရလာခဲ့ရင် မြန်မာနိုင်ငံဘက်ကရော ကိုယ့်ရဲ့ ထုတ်လုပ်ရေးပိုင်းတွေကို ဘယ်လိုမျိုး ပြင်ဆင်သွားဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံဘက်က Expoter တွေက နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် အမေရိကန်နိုင်ရဲ့ အကြိုက်ဖြစ်နိုင်အောင် အရည်အသွေးကို မြင့်နိုင်အောင်တော့ ဂရုစိုက်ဖို့လိုပါတယ်။ အရည်အသွေးက ပုံစံတပုံစံတည်း အလေးချိန် တပုံစံတည်း ဖြစ်အောင် အရည်အသွေးကို တည်တံ့ဖို့ တည်ငြိမ်ဖို့ လိုပါတယ်။
နောက်တချက်က အဝယ်လိုက်လာရင် မြန်မာနိုင်ငံမှာဖြစ်ဘူးတယ်။ အခု တထောင်လောက်ဆိုရင် ပေးနိုင်ပြီး အခု တသောင်းလောက်ဆိုရင် မပေးနိုင်ဘူး။ အခု တသန်းလောက်ဆိုရင် မသမာမှုတွေ ပါလာတယ်။ ရေထိုးတာတို့ ပဲမှာ တောင် ပဲတုတွေရောတာတို့ မသမာမှုတွေ ပါလာတယ်။ ဒါလေးတွေ မပါဘဲနဲ့ နည်းလမ်းမှန်မှန်နဲ့ လုပ်တတ်ကိုင်တတ် အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။
မေး။ ။ လက်ရှိမှာ အမေရိကန်ကို တင်ပို့နေတဲ့ ပို့ကုန်တွေ ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ ပစ္စည်းတွေရယ်၊ သားငါးကအစ သစ်တောထွက်ပစ္စည်းတွေပါ။ တော်တော်လေး နည်းပါတယ်။ တခြားနိုင်ငံနဲ့ ယှဉ်ရင် မဖြစ်စလောက်ပါ။ ဒါလေးတွေကို စျေးကွက်အသစ်တွေ ဖော်ဆောင်ဖို့ စျေးကွက်တွေ သိဖို့ ကိုယ်ရဲ့အရည်အသွေးမြင့်ဖို့ အရည်အသွေးတင်မကဘူး ပမာဏများများ ထုတ်နိုင်အောင်လို့ လုပ်နိုင်တဲ့နည်းပညာတွေ ဒီစျေးကွက်တွေရှိမှ နည်းပညာကိုလည်း မြင့်နိုင်မယ် ငွေကြေးလည်း ရမှာဖြစ်ပါတယ်။
မေး။` ။ ဥပဒေအားနည်းချက်တွေ ရှိနေသေးလို့ ထောက်ပြကြတော့ ဒါတွေကို လုပ်ကိုင်နိုင်ဖို့ ဘယ်လို ပြင်ဆင်သွားရမလဲ။
ဖြေ။ ။ ပြည်ပရင်းနှီးမြုပ်နှံမှု ဝင်လာဖို့က အဓိက DICA တို့က ဖြေးဖြေး ဖြေလျှော့ပေးနေတယ်။ အခွန်အခကအစ သုံးသပ်ပေးပြီးတော့ ပြင်ဆင်ပေးနေတာရှိပါတယ်။သူတို့ အလေးထားတာက အိုင်ပီ ခေါ်တဲ့ မူပိုင်ခွင့်ပါ။ မြန်မာနိုင်ငံကို မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကြောက်တဲ့အတွက် တော်တေ်ာများများက လာဖို့ စနောင့်စနင်း ဖြစ်ကြတယ်။ ကြိုးနီစနစ်တွေနဲ့ လာဘ်ပေးလာဘ်ယူစနစ်တွေကို ပယ်ဖျက်ရင်တော့ ပြည်ပရင်းနှီးမြုပ်နှံမှုက ပိုပြီးတော့ မြင့်မယ်လို့ မျှော်လင့်ရပါတယ်။