Myanmar Payment Union (MPU) အီလက်ထရွန်နစ် ငွေပေးချေမှု ကတ်များကို ယခင် အသုံးပြုနေသည့် ဝန်ဆောင်မှု လုပ်ငန်းများထက် ဝန်ဆောင်မှုသစ်များ တိုးမြှင့်မည့် အစီအစဉ်၌ ကတ်စနစ် အဆင့်မြှင့်တင် အသုံးပြုနည်းနှင့် ပြည်တွင်း သာ မက ပြည်ပတွင်ပါ သုံးစွဲနိုင်မည့် Co- Brand Card နှင့် ပတ်သက်သည့် အကြောင်းအရာများကို MPU ၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်အား ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ငွေပေးချေမှု ကတ်တွေကို ထပ်ပြီး အဆင်မြှင့်တင်မယ် ဆိုတာက ဘယ်လိုပုံစံမျိုး မြှင့်တင်သွားမှာပါလဲ။
ဖြေ။ ။ မြှင့်တင်တာက ကျနော်တို့ရဲ့ဝန်ဆောင်မှုတွေကို သုံးစွဲတဲ့သူတွေထံ ပိုပြီးများများ ပေးချင်တယ်။ လောလောဆယ် က ATM မှာ ငွေသွားထုတ်လို့ရမယ်။ POS (Points of Sale) မှာ စျေးဝယ်လို့ရမယ်။ e-commerce မှာ စျေးဝယ်လို့ရတဲ့ နောက်ပိုင်းမှာ ATM မှာ ငွေထုတ်တာမကဘူး Account to Account Transfer စာရင်းလွှဲပြောင်းတာပါ လုပ်ပေးချင်တယ်။
ATM မှာပဲ လျှပ်စစ်ဘေလ်၊ တယ်လီဖုံးဘေလ်၊ အစိုးရနဲ့ သက်ဆိုင်တဲ့ အခွန်အခဘေလ် ဒါတွေပါ ဝန်ဆောင်မှုပေးဖို့ လုပ်ရ မယ်။ သုံးစွဲတဲ့ ဝန်ဆောင်မှုတွေများမှ အသုံးပြုတဲ့သူက သုံးချင်ပါမယ်။ နဂိုကဘာလို့ မလုပ်တာလဲဆိုရင် ကျနော်တို့ တိုင်းပြည် ရဲ့ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ဆက်သွယ်ရေး နည်းပညာက မတည်မငြိမ် ခက်ခက်ခဲခဲ ရှိနေတုန်းပဲ။ မီးမှန်လား မမှန်သေးဘူး။ ဆက်သွယ်ရေးတွေလည်း အရမ်းမကောင်းသေးဘူး။ အခုက နဂိုထက်စာရင် ကောင်းလာတယ်။ ကောင်းလာတဲ့ ရေစီးအတိုင်း ဝန်ဆောင်မှုတွေကို မြှင်တင်ဖို့လိုတယ်။
နဂိုတုန်းက ကတ်တွေက နည်းနည်းပဲရှိတယ်။ အခု ထုတ်ပေးထားတဲ့ ကတ်က ၁ ဒသမ ၈ မီလီယံ ဖြစ်နေပြီ။ တနေ့တနေ့ အကူး အပြောင်းလုပ်နေတဲ့ ကတ်ပမာဏကလည်း သောင်းဂဏန်း ဖြစ်နေပြီ။ ဒီအချိန်မှာ နည်းပညာကို အဆင့်မြင့်တင် သင့်တယ်ဆိုပြီး နည်းပညာ ကုမ္ပဏီကို ဖိတ်ခေါ်ပြီး သေချာစိစစ် ရွေးချယ်လိုက်တယ်။ အခုရွေးချယ်တဲ့ နည်းပညာက အမေရိကန် နိုင်ငံက နည်းပညာ ဖြစ်တယ်။ နိုင်ငံ တော်တော်များများကတော့ ဒါကိုသုံးတယ်။ နည်းပညာကို ပံ့ပိုးပေးမယ့် ကုမ္ပဏီက မိတ်ဖက် FPT နဲ့ လက်မှတ်ထိုးတယ်။ ရှေ့ကို ရောက်နေပြီဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက National Payment Corporation of Vietnam (NAPAS) လည်း ဒီပရောဂျက်မှာ ပါဝင်မယ်။
မေး။ ။ ကတ်တွေကို အဆင့်မြှင့်တင်ရင် လက်ရှိလည်ပတ်နေတဲ့ ကတ်အဟောင်းတွေကိုရော ဘယ်လိုလုပ်ဆောင် သွား မှာ လဲ။ ဘယ်တော့လောက် စတင်ဆောင်ရွက်မလဲ။
ဖြေ။ ။ စနစ်တခုကို တည်ဆောက်ဖို့ တနှစ်လောက်တော့ကြာမယ် ထင်တယ်။ တည်ဆောက်ပြီးရင်လည်း သုံးစွဲသူ ပြည်သူတွေကို မချပြသေးခင် ကိုယ်တိုင်စမ်းသပ်ရမယ်။ စနစ် ခိုင်မာတော့မှ ပြည်သူကို ချပေးမယ်။ စနစ်သစ်ကလည်း ငွေပေးချေမှုကတ်တွေကို ဆက်ထုတ်သွားမယ်။ စနစ်ဟောင်းက ကတ်တွေကိုလည်း တဖြည်းဖြည်း ပြောင်းမယ်။ စနစ်တခုကို တည်ဆောက်ဖို့ အချိန်တခုယူရတယ်။ စနစ်ဟောင်းကနေ စနစ်သစ်ပြောင်းတာလည်း အချိန်တခုတော့ ယူရဦးမှာပဲ။ ဒီလိုလုပ်ရာမှာလည်း လက်ရှိသုံးနေတဲ့ကတ်တွေရဲ့ငွေပေးချေးမှုတွေ မရပ်သွားပါဘူး။ ဆက်သွားမှာပါ။
မေး။ ။ ကတ်စနစ် မြှင့်တင်ဖို့အတွက် ဘာတွေလိုအပ်ပါလဲ။ အားနည်းချက်တွေကရော ဘာတွေရှိခဲ့ပါလဲ။
ဖြေ။ ။ ကျနော်တို့ ဝန်ခံပါတယ်။ ကျနော်တို့ရဲ့စနစ်ကြောင့် သုံးစွဲသူတွေ အဆင်မပြေတာ တွေ့နေရတယ်။ အခြေခံ အဆောက် အအုံတွေ တည်ငြိမ်မှု မရှိသေးဘူး။ ဆက်သွယ်ရေးဆိုလည်း တည်ငြိမ်နေရမယ်။ ဒါမှ ငွေပေးချေမှုတွေက အဆင်ပြေမှာ။ ယခင်ထက်စာရင် ကောင်းတယ်ဆိုပေမယ့် တည်ငြိမ်မှု မရှိသေးပါဘူး။ ၂၀ ရာခိုင်နှုန်းလောက် မအောင်မြင် တာ တွေ့နေရတယ်။ အဲဒါတွေက အခြေခံ အဆောက်အအုံ မလုံလောက်မှုနဲ့ လျှပ်စစ်မီးကိစ္စတွေကြောင့်ပါ။ ငွေထုတ် နေရင်း နဲ့ မီးပျက်သွားတယ်။ မီးမပြတ်နေရင်လည်း စနစ်တခုခု ဖြစ်သွားတာမျိုးလည်း ရှိတယ်။
အဖွဲ့ဝင်ဘဏ်တွေ နဂိုစလုပ်ချိန်က နည်းပညာကုမ္ပဏီတွေ လာကြတာနည်းတယ်။ အဲဒီ အချိန်မှာ ဆန်ရှင်တွေ(စီးပွားရေး ပိတ်ဆို့ အရေးယူမှု) စဖွင့်ပေးခါစမှာ လူတွေက သိပ်ဂရုမစိုက်မိကြတော့ ရတဲ့နည်းပညာကို သုံးပြီး လုပ်ကြရတယ်။ ဘဏ် တွေကလည်း Manural သွားနေရတဲ့ စနစ်တွေ များနေသေးတယ်။ ကွန်ပျူတာသုံး ဘဏ်စနစ် မရှိကြသေးတော့ အခုမှ ဘဏ်တွေက ကွန်ပျူတာစနစ်နဲ့ ဘဏ်လုပ်ငန်းတွေကို တည်ဆောက်ရတယ်။ ဒီလိုနည်းပညာတွေကို အဆင့်မြှင့်နေတာ ကြောင့် လည်း သုံးစွဲသူ အဆင်မပြေတာကို တွေ့နေရတယ်။
MPU ကိုယ်တိုင်လည်း စနစ်တွေ မတည်ငြိမ်တဲ့အပိုင်းတွေ ရှိတယ်။ ဒါပေမယ့် ရာခိုင်နှုန်းနဲ့ကြည့်ရင်(၁) အခြေခံ အဆောက် အအုံ(၂) ဘဏ် (၃) MPU ပါ။ အခု နည်းပညာကို မြှင့်တင်တယ် ဆိုတာလည်း MPU ရဲ့ မတည်ငြိမ်မှုတွေကို လျှော့ချနိုင်အောင်လို့ လုပ်တာ။ ပိုကောင်းတာ လုပ်ရင် ပိုတည်ငြိမ်လာမယ်လို့ ယူဆရတယ်။ အလားတူပဲ ဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍကိုလည်း ပိုကောင်းမွန်အောင် လုပ်ရမယ်။ ဘဏ်တွေလည်း ပူးပေါင်း ဆောင်ရွက်ရမယ်။
မေး။ ။ MPU က ထုတ်ပေးနေတဲ့ ကတ်တွေကို ပြည်ပမှာရော အသုံးပြုနိုင်ပြီလား။
ဖြေ။ ။ MPU ကတ်ကို စထောင်ကတည်းက ပြည်တွင်းမှာသုံးဖို့ကိုပဲ အဓိက ရည်ရွယ်တာပါ။ ပြည်တွင်း ငွေပေးချေမှု လုပ်ငန်းတွေ မြှင့်တင်ဖို့ပါ။ ငွေသား ကိုင်ဆောင် သုံးစွဲမယ့်အစား ငွေသားမဲ့ သုံးစွဲတဲ့စနစ်ကို ရည်ရွယ်ပြီးလုပ်ခဲ့တာပါ။ ပထမဆုံး ဦးတည်ချက်က ပြည်တွင်းငွေပေးချေမှု လွယ်ကူဖို့ပါ။
ဒုတိယ ဦးတည်ချက်က နိုင်ငံခြားသွားနေတဲ့ ပြည်သူတွေလည်း အဆင်ပြေအောင်လို့ လုပ်ဆောင်နေတာရှိတယ်။ ကျနော် တို့ရဲ့မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ဂျပန်အဖွဲ့အစည်း JCB ရှိတယ်။ တရုတ်ပြည်က အဖွဲ့အစည်းရှိတယ်။ သူတို့နဲ့ပေါင်းပြီး အခု အဖွဲ့ဝင်ဘဏ်တွေက Co- Brand Card တွေကို ထုတ်နေတယ်။
ဒီကတ်ကိုကိုင်မယ်ဆိုရင် ပြည်တွင်းမှာလည်း သုံးလို့ ရ သလို ပြည်ပမှာလည်းသုံးလို့ ရပါတယ်။ ပြည်တွင်းရောပြည်ပမှာ ရော မြန်မာကျပ်ငွေ တခုတည်းနဲ့ အကောင့်တခုတည်း ဖွင့်ပြီး ပြည်တွင်းရောပြည်ပမှာပါ အသုံးပြုနိုင်တဲ့ကတ်ကို လုပ်ပေး နေတယ်။ ဒီ Co- Brand Card တွေ စထုတ်တာ ၂ လ လောက် ပဲ ရှိသေးတဲ့အတွက် အရမ်းမများသေးဘူး။ ကတ် နှစ်သောင်း သုံးသောင်းလောက်ပဲ ရှိဦးမယ်လို့ ထင်တယ်။
မေး။ ။ အခု အဆင့်မြှင့်တင်လိုက်တဲ့ ဝန်ဆောင်မှုကိုရဖို့ ဘယ်လိုအသုံးပြုရမှာပါလဲ။
ဖြေ။ ။ အသုံးပြုပုံပိုင်းက ငွေလွှဲချင်ရင် ATM သွား ကတ်ထိုး။ စက်မှာပြောင်းချင်တဲ့ ဝန်ဆောင်မှုတခုကို နိုပ်လိုက်ရင် စာရင်းထဲမှာနုတ်ပြီး တဖက်မှာလည်း ပေးချေပြီးသား ဖြစ်သွားမယ်။ ဥပမာ- မီတာဆောင်ရင် ကုတ်နံပါတ်ကို ရိုက်ထည့် လိုက်မှ ဘေလ်ပေးမန့် ထွက်မယ်။ ထွက်လာတဲ့ လက်ခံစာရွက်ကို သိမ်းထားရမယ်။ လက်ခံစာရွက် ပြန်မထွက် လာခဲ့ရင် ဘဏ်တွေမှာ အကူးအပြောင်း လုပ်ထားတဲ့မှတ်တမ်း ရှိတယ်။ တဖက်က မပေးရသေးဘူးငြင်းရင် ဘဏ်မှာမှတ်တမ်း တောင်းလို့ရတယ်။ ဒါတွေက အကုန်လုံးကို ကွန်ပျူတာနဲ့ ထိန်းတာဖြစ်တော့ ငြင်းလို့မရတော့ဘူး။
မေး။ ။ ဒီဝန်ဆောင်မှု စနစ်အတွက် သက်ဆိုင်တဲ့နေရာတွေကို ဘယ်လို ချိတ်ဆက်ထားပါလဲ။
ဖြေ။ ။ ဌာနတွေမှာ လူနဲ့လုပ်ရတဲ့ အလုပ်တွေ အရမ်းများနေတယ်။ သက်ဆိုင်ရာဌာနတိုင်းက လူဝင်ပြီးလုပ်နေရတဲ့ အလုပ် တွေကို လျှော့ပြီးတော့ ကွန်ပျူတာစနစ်နဲ့ သွားတာမျိုးဖြစ်ရမယ်။ ဌာနတိုင်းမှာ Data Base တွေ ရှိထားရမယ်။ ဒါတွေနဲ့ ချိတ်ဆက်ရမှာပါ။ နိုင်ငံတော် အစိုးရဘက်ကလည်း e-government သွားဖို့ ပြည်သူတွေကို သက်သာစေချင် တယ်။ လာဘ်ပေးလာဘ်ယူမှုတွေ လျှော့ချင်တယ်။ နောက်ပိုင်းဌာနတွေမှာလည်း အချက်အလက်တွေကို ကွန်ပျူတာ စနစ်နဲ့ ထိန်းတာမျိုးကို အကုန်လုံးက လုပ်သွားမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ငွေပေးချေမှုကတ်ကို အဓိကလုပ်ဆောင်ပေးတာက ဘဏ်တွေဖြစ်တဲ့အတွက် ဘဏ်တွေအပေါ် ယုံကြည်မှု ရအောင် ဘယ်လို ထိန်းကြောင်းထားပါလဲ။
ဖြေ။ ။ ဘဏ်လုပ်ငန်းတွေ တည်ငြိမ်နေဖို့ဆိုတာလည်း အရမ်းလိုအပ်တယ်။ တည်ငြိမ်မှ ယုံကြည်မယ်။ ယုံကြည်မှ သုံးချင်မယ်။ တည်ငြိမ်အောင်လို့ အခု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သက်ဆိုင်တဲ့ ဥပဒေအသစ်တွေနဲ့ ထိန်းနေပြီ။ ဘဏ်တွေကလည်း အတွင်းစည်း အပြင်စည်းကို သေချာလေး ထိန်းကြောင်းရင် တည်ငြိမ်မှုရှိလာမယ်။ မဟုတ်လို့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ်ဆိုရင်တော့ တည်ငြ်ိမ်မှု မရှိနိုင်ဘူး။
မေး။ ။ MPU အနေနဲ့ စတင် လုပ်ကိုင်ချိန်ကနေ လက်ရှိအချိန်အထိ ဘယ်တွေ လုပ်ဆောင်ခဲ့ပြီးပြီလဲ။
ဖြေ။ ။ အီလက်ထရွေန်နစ် ငွေပေးချေမှု ကတ်တွေကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ မြန်မာ့ငွေပေးချေမှု အဆင့် မြှင့်တင် ရေး ကော်မတီကနေ MPU ကို ဖွဲ့စည်းပြီး ငွေပေးချေမှုကတ်တွေကို စပြီးထုတ်ခဲ့ကြတယ်။