ယနေ့ခေတ်မှာ စမတ်ဖုန်းနဲ့ အင်တာနက် အသုံးပြုသူ အရေအတွက်က တနေ့တခြား ပိုပိုများလာပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ ဆက်သွယ်ရေး အော်ပရေတာကြီးတွေ ဖြစ်တဲ့ အမ်ပီတီ (MPT)၊ တယ်လီနော (Telenor) နဲ့ အူရီဒူး (Ooredoo) တို့က အပြိုင်အဆိုင် ဝန်ဆောင်မှုတွေနဲ့ ပရိုမိုးရှင်းတွေ ပေးနေကြပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ အူရီဒူးနဲ့ တယ်လီနောတို့က 4G အင်တာနက် ဝန်ဆောင်မှုနဲ့ အင်တာနက် သုံးသူ ပြည်သူတွေကို မိတ်ဆက်ပေးထားပါတယ်။ “4G ရဲ့ အားသာချက်က ဘယ်အရာတွေဖြစ်မလဲ”၊ “မြန်မာနိုင်ငံမှာ 4G သုံးစွဲသူ အရေအတွက် ဘယ်လောက်ရှိသွားပြီလဲ” စတာတွေကို ဧရာဝတီ သတင်းထောက် သီဟတိုးက Ooredoo Myanmar ရဲ့ Chief Marketing Officer ဖြစ်သူ Ms. Charity Safford ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဆုံးမေးချင်တာက အူရီဒူးအနေနဲ့ မြန်မာနိုင်ငံမှာ မေလ ၂၀ ရက်နေ့က စတင်မိတ်ဆက်ခဲ့တဲ့ 4G ကွန်ရက် အသုံးပြုသူအရေအတွက် လက်ရှိမှာ ဘယ်လောက်ရှိနေပြီလဲ သိချင်ပါတယ်။
ဖြေ ။ ။ အူရီဒူးအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး 4G ကွန်ရက်ကို စီပွားရေး အချက်အခြာကျတဲ့ ဒေသကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ အစိုးရရုံးတွေ၊ ဝန်ကြီးဌာနတွေ၊ ရုံးတွေစိုက်ရာနေရာဖြစ်တဲ့ နေပြည်တော်တို့မှာ မေလ ၂၀ ရက်က စတင်ပေးအပ်ခဲ့ပြီး သုံးစွဲသူအရေအတွက် အံ့သြဖွယ်ကောင်းအောင် တိုးပွားလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ 4G ကွန်ရက်ကို ပထမဦးဆုံး စတင်ပေးအပ်နိုင်ခဲ့တဲ့ အလျောက် အချိန်တိုလေးအတွင်းမှာ သုံးစွဲသူအရေအတွက် လျှင်မြန်စွာ တိုးပွားလာခဲ့ပြီး ယခုဆိုလျှင် 4G အသုံးပြုသူပေါင်း ၅ သိန်း ကျော်ရှိနေပြီ ဖြစ်ပါတယ်။ အူရီဒူးအနေနဲ့ မြန်မာနိုင်ငံမှာ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ဖို့အတွက် တခြားမြို့တွေမှာလည်း 4G ကွန်ရက်ကို မြန်နိုင်သလောက် မြန်မြန် ဖြန့်ကျက်ပေးသွားမှာပါ။
မေး ။ ။ နောက်တခု မေးချင်တာက အူရီဒူးရဲ့ တခြား 2G/ 3G ကွန်ရက် သုံးစွဲသူ အရေအတွက်ကကော ဘယ်လောက် ရှိပါသလဲ။
ဖြေ ။ ။ အူရီဒူူးအနေနဲ့ 3G ကွန်ရက်ကို ကုန်ကျစရိတ်သက်သာတဲ့ စမတ်ဖုန်းတွေ၊ Feature ဖုန်းတွေနဲ့ အတူ မြန်မာနိုင်ငံမှာရှိတဲ့ မိဘပြည်သူတွေအတွက် စတင်မိတ်ဆက်ပေးခဲ့ပြီး မြန်ဆန်တဲ့ အင်တာနက်ကို ယူဆောင် ပေးခဲ့ပါတယ်။ ကျမတို့ရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံအတွက် အမြန်ဆန်ဆုံးနဲ့ အတည်ငြိမ်ဆုံး ကွန်ရက် ပေးအပ်နိုင်ဖို့ပါ။ ဒါကြောင့်လည်း 4G ဝန်ဆောင်မှုကို စတင်ခဲ့ပါတယ်။ ယခု မြန်မာနိုင်ငံမှာရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို အူရီဒူးရဲ့ 4G နဲ့ 3G ကွန်ရက်များ လွှမ်းခြုံနိုင်နေပြီ ဖြစ်ပါတယ်။
မေး ။ ။ အသစ်မိတ်ဆက်ထားတဲ့ 4G ဝန်ဆောင်မှုအပေါ်ကိုကော သုံးစွဲသူတွေရဲ့ Feedback ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ 4G ဝန်ဆောင်မှုကို အသုံးပြုနေသူတွေက ပိုမိုမြန်ဆန်တဲ့ အင်တာနက်မြန်နှုန်းကို အသုံးပြုနိုင်တာအပြင် 3G ဝန်ဆောင်မှုဈေးနှုန်း အတိုင်းသာ ဝန်ဆောင်ခပေးရတဲ့အတွက် အလွန် ကျေနပ်ကြပါတယ်။ မြန်ဆန်တဲ့ အင်တာနက်နဲ့ ကြည်လင်ပြတ်သားတဲ့အသံ ပေးစွမ်းနိုင်တယ်လို့ အူရီဒူူးသုံးစွဲသူအများ လက်ခံထားကြတာပါ။ သုံးစွဲသူတွေဆီက အူရီဒူးမြန်မာကို တခြားနေရာသစ်တွေမှာ ကွန်ရက်ထပ်တိုးချဲ့ပေးဖို့ တိုက်တွန်းလာတာတွေ ရှိတာကြောင့် နိုင်ငံတော်အစိုးရက Spectrum အသစ် အချပေးလိုက်ပြီ ဆိုတာနဲ့ ကွန်ရက်တိုးချဲ့ဖို့ အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပါ။
မေး ။ ။ မြန်မာနိုင်ငံမှာ 4G ကို ဘယ်နှနေရာ ဖြန့်ကျက်ပြီးပြီလဲ၊ ဘယ်လောက်အထိ ဖြန့်ကျက်သွားဖို့ ရည်ရွယ်ထားလဲ သိချင်ပါတယ်။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်၊ ဒုတိယအကြီးဆုံး စီးပွားရေးမြို့တော် မန္တလေးနဲ့ လူဦးရေ အထူထပ်ဆုံး၊ အကြီးဆုံး စီးပွားရေးမြို့တော် ရန်ကုန်တို့မှာ 4G ကွန်ရက် ဖြန့်ကျက်ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက Spectrum အသစ် ချပေးလိုက်ပြီဆိုတာနဲ့ ကွန်ရက်တွေ ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ 2G/3G/4G တို့ရဲ့ ခြားနားကို သုံးစွဲသူတချို့ မသိကြသေးတာ ရှိတယ်။ အဲဒီအပေါ် ကွဲကွဲပြားပြား သိအောင် 2G/3G တို့နဲ့ မတူတဲ့ 4G ရဲ့ ခြားနားချက်၊ 4G ရဲ့ အားသာချက်တွေကို ပြောပြပေးပါ။
ဖြေ ။ ။ ကျမတို့အနေနဲ့ မိုဘိုင်းဖုန်းတွေကို အသုံးပြုပြီး Message ပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းနဲ့ အင်တာနက် အသုံးပြုခြင်း အားလုံးက Digital Signal တွေနဲ့ ဆောင်ရွက်ပါတယ်။ အဲဒီ Signal တွေက တနေရာကနေ တနေရာကို သတ်မှတ်ထားတဲ့ အမြန်နှုန်း အသီးသီးနဲ့အတူ သွားလာဆက်သွယ်ပါတယ်။ 2G, 3G နဲ့ 4G က G ဆိုတာဟာ မိုဘိုင်းကွန်ရက်ရဲ့ မျိုးဆက် (Generation) ကို ဆိုလိုတာပါ။ G ရှေ့က နံပါတ်ပိုကြီးလေလေ သတင်း အချက်အလက်တွေကို ပေးပို့ဖို့နဲ့ ရယူဖို့ အင်အား ပိုကောင်းလေလေ၊ ဒါ့ကြောင့် ဝိုင်ယာမဲ့ကွန်ရက် တလျှောက် ချိတ်ဆက်ရာမှာ လိုင်းပိုငြိမ်ပြီး ပိုမြန်လေလေ ဖြစ်ပါတယ်။
အခုမိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှာ 2G ဟာဆိုရင် အတော်ကို ခေတ်နောက်ကျနေပါပြီ။ 4G ဆိုတာ “Fourth Generation of Cellular Communications” ရဲ့အတိုကောက်စာလုံး ဖြစ်ပြီး အင်တာနက် အသုံးပြုရာမှာ 3G ထက်ပိုပြီး မြန်ဆန်ပါတယ်။ မြန်နှုန်း မြင့်လာတာကြောင့် ဝက်ဘ်ဆိုဒ် ကြည့်တာတွေ၊ ဗီဒီယိုဖုန်းခေါ်တာတွေ၊ အရည်အသွေးမြင့် HD ဗွီဒီယိုရုပ်သံ ကြည့်တာတွေ၊ နောက်ဆုံးပေါ် ဂိမ်းအသစ်တွေ ကစားတာတွေနဲ့ ဆာဗာအသီးသီးနဲ့ ချိတ်ဆက်ရာတွေမှာ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။
အင်တာနက် အမြန်နှုန်းက အချက်အလက်များစွာ အပေါ် မူတည်တာဖြစ်ပြီး နိုင်ငံတော်အစိုးရက ချထားပေးတဲ့ လှိုင်းစဉ်ပမာဏကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း ဆက်သွယ်ရေးမှာ နောက်ဆုံးနည်းပညာ ဖြစ်တဲ့ အူရီဒူး 4G Plus က စစ်မှန်တဲ့ ကြိုးမဲ့ ဘရော့ဘန်း အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အူရီဒူး 4G Plus ဟာ ပုံမှန် 3G ထက် အဆပေါင်းများစွာ ပိုမိုုမြန်ဆန်တဲ့အလျှင်နဲ့ မြန်နှုန်းမြင့် အင်တာနက်လိုတဲ့ Application တွေ ဝန်ဆောင်မှုတွေ အတွက် အထူးသင့်တော်ပါတယ်။
မေး။ ။ အခုဆိုရင် တယ်လီနောကလည်း နေပြည်တော်မှာ 4G အသုံးပြုလို့ရနေပြီ။ အဲဒီအတွက် အူရီဒူးအနေနဲ့ ပြိုင်ဖက်စိန်ခေါ်မှုက ဘယ်အရာဖြစ်မလဲ။
ဖြေ။ ။ တယ်လီနောအနေနဲ့ မကြာသေးခင်က နေပြည်တော်မှာ 4G စတင် ပေးအပ်တယ်လို့ သိရပါတယ်။ အူရီဒူးမြန်မာ အနေနဲ့လည်း တိုင်းဒေသကြီး ၃ ခုဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ မေလ အတွင်းက စတင်ပြီး 4G ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့ပါတယ်။ သုံးစွဲသူတွေအနေနဲ့ အူရီဒူးက ပေးလိုက်တဲ့ 4G ဝန်ဆောင်မှုရဲ့ အကျိုး ရလဒ်ကောင်းတွေကို ရရှိခံစားနေပါပြီ။ အူရီဒူးအနေနဲ့ လုပ်ငန်း စတင်ကတည်းက အကောင်းဆုံးနဲ့ အမြန်ဆန်ဆုံး အင်တာနက် ဝန်ဆောင်မှုကို ပေးအပ်နိုင်ခဲ့တယ်လို့ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။
မေး ။ ။ ဆက်သွယ်ရေး အော်ပရေတာတွေက သုံးစွဲသူတွေကို 4G ဝန်ဆောင်မှုပေးတဲ့ အဓိက ရည်ရွယ်ချက်ကို သိချင်ပါတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံဟာ အခုဆိုရင် ပိုမိုကောင်းမွန်တဲ့ ခေတ်သစ် စနစ်သစ်တစ်ခုကို တိုးတက် ပြောင်းလဲနေတာနဲ့ အညီ ဆက်သွယ်ရေး ကုမ္ပဏီတွေကလည်း ကမ္ဘာ့အဆင့်မီ နောက်ဆုံးပေါ် နည်းပညာကို ဖန်တီးပေးအပ်ချင်တဲ့ အတွက် 4G ကွန်ရက် ပေးအပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ မြန်မာ့မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ အမြန်ဆုံး အင်တာနက်နဲ့ အဆင်ပြေပြေ ဆက်သွယ်နိုင်တဲ့ ကွန်ရက်ကို လိုအပ်နေပါတယ်။ ၂၁ ရာစုမှာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းက တိုးတက်ပြောင်းလဲလာပါတယ်။ အင်တာနက်ကို အသုံးပြုပြီး နည်းပညာနဲ့ ပတ်သက်တာတွေကို ပိုမိုသင်ယူစရာတွေ များလာသလို၊ ပိုမို အသုံးပြုစရာနေရာတွေလည်း များလာပါတယ်။ ဒါကြောင့်မို့လို့ သုံးစွဲသူတွေ ပိုပြီးအဆင်ပြေစေမယ့် ဝန်ဆောင်မှုတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
ဥပမာ ပြောရမယ်ဆိုရင် ကမ္ဘာ့အနှံအပြားမှာရှိတဲ့ နိုင်ငံတနိုင်ငံစီမှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အွန်လိုင်းပေါ်ကနေ အချင်းချင်း ဆက်သွယ်ပြောဆို နိုင်ပြီးတော့ လိုင်းကောင်းတာကြောင့် အဝေးကြီးက ပြောနေတယ်လို့ မခံစားရဘဲ အနီးအနားမှာ စကားပြော နေတယ်လို့ ခံစားစေနိုင်လောက်တဲ့ ဝန်ဆောင်မှုမျိုးကို ပေးအပ်ချင်ပါတယ်။ ပညာသင်ယူ လေ့လာနေတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း အွန်လိုင်းကတဆင့် ပညာရပ်များ ဆည်းပူးလေ့လာခြင်း (e-Learning) နဲ့ မြန်ဆန်တဲ့ အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းကတဆင့် သတင်း အချက်အလက်တွေ ရှာယူစေချင်တယ်၊ You Tube ကနေတဆင့် ဗီဒီယိုတွေကြည့်ပြီး ကမ္ဘာအနှံ့အပြားက အဖိုးတန်ပညာရပ်တွေ သင်ယူစေချင်ပါတယ်။
မေး။ ။ အခုနောက်ပိုင်းမှာ အော်ပရေတာတွေ အပြိုင်အဆိုင် ပရိုမိုးရှင်းတွေ လုပ်လာကြတယ်။ သုံးစွဲသူတချို့က Package တွေရဲ့ ဈေးနှုန်းမြင့်မားမှုအပေါ် ဝေဖန်တာတွေရှိတယ်။ အဲဒီအပေါ် သုံးစွဲသူတွေကို ဘယ်လို ပြောချင်ပါသလဲ။
ဖြေ။ ။ အူရီဒူးကပေးတဲ့ အစီအစဉ်တွေက ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ အူရီဒူးမှာ “Facebook ကြိုက်သလောက်သုံး” ဝန်ဆောင်မှုနဲ့ “အူရီဒူး အချင်းအချင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့်” စတဲ့ ဝန်ဆောင်မှုတွေကို ပေးထားပါတယ်။ ၁ မီဂါဗိုက်ကို ၂ ကျပ်နဲ့ ပြား ၆ဝ ကျသင့်တဲ့ အင်တာနက် အစီအစဉ်တွေလည်း ရှိပါတယ်။ သုံးစွဲသူတွေကို အဖိုးတန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့က အူရီဒူးရဲ့ ရည်ရွယ်ချက်ပါ။ သုံးစွဲသူတွေအနေနဲ့ အူရီဒူးကပေးထားတဲ့ အင်တာနက်အစီအစဉ်တွေ အားလုံးကို USSD Code *133# ကို ခေါ်ဆိုပြီး ဒါမှမဟုတ် Ooredoo Myanmar Facebook မှာ ဝင်ကြည့်နိုင်ပါတယ်။
မေး။ ။ နောက်ဆုံး မေးချင်တာက သုံးစွဲသူတွေကို 2G/3G ကနေ 4G ကို ပြောင်းလဲသုံးစွဲဖို့ တိုက်တွန်း ချင်ပါသလား။ ဘယ်လို တိုက်တွန်းချင်ပါသလဲ။
ဖြေ။ ။ ခုနတုန်းက ပြောခဲ့သလိုပါပဲ၊ မိုဘိုင်းဖုန်း သုံးစွဲသူတွေအနေနဲ့ ပိုမိုမြန်ဆန်တဲ့ အင်တာနက်နှုန်းနဲ့ တည်ငြိမ်တဲ့ ဆက်သွယ်ရေးကို လိုအပ်နေပါတယ်။ ၂၁ ရာစုမှာဆိုရင် မြန်မာပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းက လျှင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိပါတယ်။ သိပ်မကြာခင်မှာ မြန်မာပြည်မှာရှိတဲ့ မိုဘိုင်းဖုန်း သုံးစွဲသူ တော်တော်များများ 4G နည်းပညာကို အသုံးပြုလာနိုင်တော့မှာပါ။ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုပြီး ပြည့်စုံစေမယ့် အမြန်ဆန်ဆုံးသော အင်တာနက်အလျှင်ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ။