နေပြည်တော်မှာ ကျင်းပနေတဲ့၂၁ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ဒေသအသီးသီး၊ ကဏ္ဍ အသီးသီးက ပုဂ္ဂိုလ်များ၏ အမြင်များကို ဧရာဝတီ ဝိုင်းတော်သားများ က စုစည်းကောက်နုုတ်ဖော်ပြလိုက်ပါတယ်။
နိုင်ငွေသိန်း ( ဒုဥက္ကဌ-မွန်အမျိုးသားပါတီ)
နေပြည်တော်မှာလုပ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လူတွေစုပြီးတော့ ပြောကြဆိုကြတဲ့ သဘောပါပဲ။ လူတွေလိုချင်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုး၊ ထူးထူးခြားခြားတော့ ရလာမှာ မဟုတ် ဘူး။ ဘာကြောင့်လဲဆိုတော့ အခြေအနေအရပ်ရပ်ကြောင့်ပေါ့။ စစ်တပ်ရဲ့အနေအထား၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့အစိုးရ တရပ် အနေအထား၊ လက်နက်ကိုင် တိုင်းရင်းသားတွေမှာလည်း တခါ NCA ထိုးထားသူတွေရဲ့ အနေအထားနဲ့ NCA မထိုး ထားသေးတဲ့ အနေအထားတွေကို ကြည့်မယ်ဆိုရင် ဒီပွဲက တော်ရုံနဲ့ပြီးမှာ မဟုတ်ဘူး။
အလားတူပဲ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုဆိုတဲ့ အနေအထားကိုလည်း ရောက်နိုင်သေးမှာ မဟုတ်ဘူး။ ဘာ ကြောင့် လဲဆိုတော့ NCA မှာ ပါထားတဲ့ အချက်တချို့အရ ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး လုပ်လို့မရတာ ပါနေတယ်။ ဒါကြောင့်ပဲ တိုင်းရင်းသားအဖွဲ့တွေထဲက တချို့က လက်မှတ်ထိုးတယ်၊ တချို့က မထိုးဘူးပေါ့။ ဒါဟာအဓိက အချက်ပဲ။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မပြင်မချင်း ဘယ်တော့မှအဆင်ပြေမှာ မဟုတ်ဘူး။ နောက်တခုက စစ်တပ်အနေနဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေကို အကုန်ကိုင်ထားတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စစ်တပ်က အောက်ခြေအထိ ကိုင်ထားတဲ့အခါကျတော့ တော်ရုံနဲ့ ငြိမ်းချမ်းဖို့ မလွယ်ကူဘူး။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတရားလောက်ပဲ ပြောလို့ရမယ်လေ။ အမိန့်သြဇာသက်ရောက်မှု ရှိနိုင်မှာ မဟုတ် ဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အရင်လုပ်ရမယ်။ အားလုံးနဲ့ အပစ်အခတ် ရပ်စဲနိုင်အောင် ကြိုးစားရမယ်။ တဖွဲ့နဲ့လက်မှတ်ထိုးပြီး တဖွဲ့ကိုသွားတိုက်နေရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး။ နောက်တခု အရေးကြီးဆုံးက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ဖက်ဒရယ် ဒီမိုကရေစီပုံစံဖြစ်အောင် လုပ်နိုင်မှပဲ တိုင်းပြည်ငြိမ်းချမ်းမယ်။ ဖိတ်ကြားခံရသူတွေကြားမှာ တန်းတူညီမျှမှု မရှိတဲ့အတွက် UWSA “ဝ” ကိုယ်စားလှယ်တွေ စက်တင်ဘာ ၁ ရက် ဒီနေ့မှာ ၂၁ ရာစု ပင်လုံညီလာခံကနေ ထွက်ခွာတယ်လို့ သိရတယ်။
စာရေးဆရာ ညီပုလေး
ကျနော် စာရေးတော့ ညီပုလေးနဲ့ ရေးတာ။ မှတ်ပုံတင်နာမည်က မောင်ငြိမ်းချမ်းပါ။ ဘာလို့ မောင်ငြိမ်းချမ်းပေးလဲဆိုတော့ သခင်ကိုယ်တော်မှိုင်းရဲ့ တပည့်တွေ။ ဆရာကြီးက ငြိမ်းချမ်းရေး ယူချင်တဲ့ပုဂ္ဂိုလ် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားတော့ ဆရာကြီးတပည့်ဖြစ်တဲ့ အဖေနဲ့ အမေတို့ (လူထုဦးလှ၊ လူထုဒေါ်အမာ) ပါခဲ့ကြတယ်။ ပြည်တွင်းစစ်က ကျနော်တို့ တသက် ပါပဲ။ ပြည်တွင်းစစ် စတင်စစ်လောင်မြိုက် ဒုက္ခပေးတာမှ တိုင်းပြည်ပြာကျ ပြည်တွင်းစစ်နဲ့ ဖောက်ပြန် တဲ့စစ်အစိုးရနဲ့ ကြုံ တွေ့ ရပြီး ပြည်တွင်းစစ်တွေနဲ့ ကျနော်တို့ပြည်သူတွေ ခါးကော့ခံရတာ။
ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ကျနော်တင်မကပါဘူး၊ ဗမာပြည်မှာ စစ်ကိုအမှီပြုနေရတဲ့ လူတွေအားလုံးလည်း ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ငြိမ်းချမ်းရေး အလားအလာရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော်တို့ ကြိုဆိုတာပါ။ ကျနော်တို့တိုင်းပြည် နလန်ထူတဲ့ညီလာခံ ကျနော်တို့တိုင်းပြည် ကိုယ်လုပ်သမျှ ကိုယ်ခံစားရတဲ့ ညီလာခံ။ အချင်းချင်းတွေ သတ်ဖြတ်နေကြတာ ဘယ်ကောင်းမှာလဲ။ ကျည်တတောင့်က အလကားရတာ မဟုတ်ဘူး။ လောင်ချာတလုံးကလည်း တန်ဖိုးရှိတယ်။ အချင်းချင်း သတ်တဲ့နေရာမှာ ရာထူးတွေ တက်ကြတာ ဘယ်ကောင်းမှာလဲ။ တိုင်းရင်းသားတွေ တန်းတူညီမျှမှု ရှေ့ရှုတဲ့ညီလာခံကို ကျနော်တို့ ကြိုဆိုတယ်။ ကျနော်ကတော့ အားလုံးပါစေချင်တယ်။
ဖိတ်ကြားမခံရတဲ့ ၃ ဖွဲ့အတွက် စိတ်မကောင်းဘူး။ သူတို့လည်း အမျိုးတွေပဲ။ နားလည်မှု သဘောထားကြီးဖို့ လိုတယ်။ ကျနော်တို့က လူအများစုဗျ။ လူများစုက လူနည်းစုအပေါ် နားလည်မှုထားဖို့ ကောင်းတယ်။ တသက်လုံး ထားရမှာ မဟုတ် ဘူး ဒီတကြိမ်ပဲ ထားရမှာ။ သဘောထား ကြီးစေချင်တယ်။ ငြိမ်းချမ်းရေးအတွက် ကျနော်ခံစား နားလည်သလို ပြောရမယ် ဆိုရင် ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးထင်ကျော်လက်ထက် အရပ်သားအစိုးရ ပြောသော် လည်း ရာနှုန်းပြည့် အရပ်သားအစိုးရ မဟုတ်ဘူး။ အရေးကြီးဌာနတွေ အရပ်သားတွေလက်ထဲ မရောက်သေးဘူး။ ရှင်းရှင်း ပြောရရင် ဖွဲ့စည်းအုပ်ချုပ်ပုံ နောက်ဆက်တွဲ ပြသာနာပါ။ အဲဒါတွေပြင်နိုင်မှ ကျော်လွှားနိုင်မှ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမှာပါ။
ဦးနာယက ( ပန်တော်ဦး ကျောင်း)
ပင်လုံညီလာခံ အလွန်ကောင်းပါတယ်။ မျှော်လင့်ပါတယ်။ ရာခိုင်နှုန်းအများကြီး ကောင်းမယ်လို့ မျှော်လင့်တယ်။ အများပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ မျှော်လင့်တယ်။ ဆွေးနွေးတဲ့ နေရာမှာတော့ အမျိုးမျိုး ဖြစ်လာနိုင်တယ်။ ဒီတခါမပါသေးတဲ့ ပြည်နယ်တွေလည်း နောက်ကျရင် ပါလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီတော့ အများကြီး မျှော်လင့်တယ် ကြည်လည်းကြည်နူးပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးတာ အရေးကြီးတဲ့ကိစ္စ တခုပါ။ ဆွေးနွေးတဲ့အခါမှာလည်း အတ္တကြီးတာတွေ ဘေးဖယ်ပြီး အပြန်အလှန် လျော့ပေးမှုဆိုတာ ရှိရတာပဲ။ အတိုင်းအတာ တခုအထိ တဖက်နဲ့တဖက် ပြန်လည်လျော့ပေးတာ ရှိရမယ်။ အပြန်အလှန်လျော့ပေးရင် ဆွေးနွေးမှု အောင်မြင်မယ်ထင်တယ်။