ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ မှ ဒုဗိုလ်မှူးကြီးစိုင်းငင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ မှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု မရှိသေးဘူးလို့ ခံစားရကြောင်း စက်တင်ဘာ ၁ ရက်နေ့ ညီလာခံ အပြီး ဧရာဝတီကို ပြောဆိုပါတယ်။
မေး။ ။ပထမဆုံး RCSS က တင်ပြခဲ့တဲ့ စာတမ်းကို အကျဉ်းချုပ်လေး ပြောပေးပါ။
ဖြေ။ ။ကျနော်တို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က စာတမ်းမှာ အဓိကအားဖြင့် ၁၉၄၇ ပင်လုံ စာချုပ်အတိုင်းပဲ သွားဖို့ပေါ့။ အဲ့ဒီထဲမှာ ပင်လုံစာချုပ် ပင်လုံကတိကဝတ်နဲ့ အခြေခံ အကြောင်းအရာဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးအခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ကိစ္စရပ်တွေ ပါပါတယ်။
မေး။ ။ဒီကနေ့ (ညီလာခံ ဒုတိယမြောက်နေ့) မှာ အဖွဲ့အစည်းအသီးသီးက တင်ပြသွားတဲ့ အချက်တွေထဲက ကိုယ်နဲ့ ကိုက်ညီပြီး လက်ခံနိုင်မယ့် အနေအထားမျိုးတွေထဲမှာ ဆက်ပြီး ဆွေးနွေးသွားရမယ့်ကိစ္စတွေက ဘာတွေများ ဖြစ်မလဲ။
ဖြေ။ ။ရှိတယ်။ များသောအားဖြင့်တော့ ပင်လုံအကြောင်းပဲ ပြောကြတယ်။ ဒီ ၂၁ ရာစုု ပင်လုံက ပြီးခဲ့တဲ့ ကျနော်တို့ ၁၉၄၇ ပင်လုံ ကနေ အခြေခံပြီး ဖြစ်ပေါ်လာတာ။ ပင်လုံအခြေခံနဲ့ ပတ်သက်ပြီး အားလုံး တူညီကြတယ်။ တချို့အဖွဲ့အစည်းတွေကျတော့ ရှေ့ရေးအတွက် ပူပင်တဲ့ အနေအထားလည်း တွေ့တယ်။ ကျနော်တို့ လူနည်းစုတွေက ပြည်နယ်တွေ တောင်းတဲ့အဖွဲ့တွေလည်း ရှိတယ်။ ဒီကိစ္စကတော့ ကျနော်တို့နဲ့ တိုက်ရိုက်မပတ်သက်ဘူး။ အဓိက ပြည်ထောင်စုအစိုးရ နဲ့တိုက်ရိုက်ပတ်သက်ပါတယ်။ ပြီးတော့ သူ့လုပ်ထုုံးလုပ်နည်းအရဆိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း သွားရမယ်ဆိုတော့ ဒီမှာ သူ့အဆင့်တွေက အများကြီးလုပ်ရမှာကို။ ဒါကြောင့် ကျနော်တို့နဲ့ တိုက်ရိုက် မပတ်သက်သေးဘူး ထင်ပါတယ်။
မေး။ ။ဒုတိယနေ့ အပြီး ညီလာခံအပေါ် သုံးသပ်ချက်ကို ပြောပေးပါအုံး။
ဖြေ။ ။ပြောမယ်ဆိုရင် အားရပါတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့၊ ပါတီတွေက တင်ချင်တဲ့အကြောင်းအရာတွေ အားလုံး ပြောနိုင်ဆိုနိုင်တယ်။ ဒါပေမယ့် အချိန်ကတော့ နည်းတာပေါ့။ ၁၀ မိနစ်ဆိုတော့ ဘယ်လိုုမှ မလောက်ဘူး။ ကျနော်တို့ နောက်ဆက်တွဲအနေနဲ့ သဘာပတိကို ပန်ကြားထားတာ တခုရှိတယ်။ ဒီညီလာခံ အစီအစဉ်ထဲမှာ တန်းတူညီမှုမရှိဘူးလို့ ပန်ကြားလိုက်တယ်။ အဲဒီ ညီလာခံအစီအစဉ်ထဲမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အမည်ရှေ့မှာ ရာထူးတွေ မပါဘူး။ ဥပမာ ကျနော်ဆိုု ဒုတိယ ဗိုလ်မှူးကြီး။ သူတို့က စိုင်းငင်းပဲ အဲ့လို လုပ်တယ်။ ဒီကိစ္စဟာ တန်းတူညီမျှမှု မရှိဘူး။ ဒီလိုအသေးအဖွဲတောင်မှ တန်းတူညီမှုမရှိဘူးဆိုရင် ဖယ်ဒရယ်ကိစ္စ ဆိုရင် ဝေလာဝေးပဲပေါ့။ အဲဒီကိစ္စကို ကျနော် နောက်ဆုံးအနေနဲ့ တင်ပြထားတာ ရှိတယ်။ ပန်ကြားထားတာ ရှိတယ်။
မေး။ ။ဒီကိစ္စက မနေ့ကလည်း တော်တော်များများပြောတာ တွေ့ရတယ်။ ဒီနှစ်ရက်အတွင်းမှာ အမည်ရှေ့က ရာထူးတပ်ခြင်းကိစ္စအတွက် အဖြေတစုံတရာ မရသေးတာလားရှင့်။
ဖြေ။ ။မရသေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီညီလာခံကို လာတာ တန်းတူ ညီမျှမှုကို အခြေခံပြီးလာတာ။ အခုထက်ထိ တန်းတူညီမှုက သိပ်မရှိသေးဘူး။ မနေ့ကတောင် ကျနော်တို့ ကေအိုင်အို ဒု ဥက္ကဋ္ဌကြီး ပြောတဲ့အတိုင်းပဲ။ ကျနော် ဦးအင်ဘန်လ ပါလို့ အဲဒီတိုင်းပြောသလိုပဲ ခုထိ မရသေးပါဘူး။ အဲဒါကြောင့် ကျနော်ဆက်ပြီး ပန်ကြားတာ ဖြစ်ပါတယ်။ ညီလာခံ အစီအစဉ်လေးတောင်မှ တန်းတူညီမျှမှု မရှိဘူးဆိုရင် နိုင်ငံရေးဆိုင်ရာ ကိစ္စဆို ဝေလာဝေးပေါ့။