သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပတဲ့ ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်လာတဲ့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကိုယ်စားလှယ်များ စက်တင်ဘာ ၁ ရက်နေ့မှာ ညီလာခံကနေ နုတ်ထွက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီး UWSA တောင်ပိုင်း ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရမ်း ကို ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ၂၁ ရာစု ပင်လုံညီလာခံ ကနေ ဘာကြောင့် နုတ်ထွက်ခဲ့ပါသလဲ။
ဖြေ။ ။ ပထမပိုင်း ကျနော်တို့ ရောက်ရောက်ချင်း သူတို့ကို အဆက်အသွယ်မရှိဘူးလို့ ဦးခင်ဇော်ဦးက ပြောပါတယ်။ ကျနော်တို့ ရောက်ရောက်ချင်း သူတို့ ဆီမှာ သတင်းပို့တယ်။ ပေးထားတဲ့ ၄နေရာလုံး မလုံလောက်ဘူး။ ကျနော်တို့ အဖွဲ့က ၁၀ ဦး ကျော်တယ်။ ကျနော်တို့ မြတ်ရတနာ မှာ တည်းမယ်ဆိုပြီး သတင်းပို့တယ်။ ပြီးတော့ သူတို့က ကျနော်တို့ကို ကတ် သွားထုတ်ပါဆိုပြီး ပြောပါတယ်။ ကျနော်တို့ ကတ်သွားထုတ်တယ်။ ပြီးတော့ ကျနော်တို့ အဆက်အသွယ် မရတော့ဘူး။
နောက်နေ့မှ ကျနော်တို့ ညီလာခံတက်တယ်။ ညီလာခံ တက်တော့ ကတ်က ညီမျှမှု မရှိဘူး။ ကျနော်တို့က ပြန်ပြောပြ တယ်။ ထိုင်တဲ့နေရာကိုတော့ ပေးပါတယ်။ စားသောက်တဲ့နေရာ၊ သတင်းစာရှင်းလင်းပွဲ ဝင်ထွက်တဲ့ နေရာတွေမှာတော့ သတ်မှတ်ထားတဲ့ သူတို့ စည်းကမ်းချက်၊ သတ်မှတ်ထားတဲ့ လုံခြုံရေး အရ ဝင်ထွက်ခွင့် ကန့်သတ်တယ်လို့ ပြောပါတယ်။ စည်းကမ်းအရ သူတို့ အပြစ်မရှိပါဘူး။ ဟိုနေရာဝင်မရ ဒီနေရာ ဝင်မရ နေရာတွေ သတ်မှတ်လာတော့ ကျနော်တို့ ဗဟိုကို တင်ပြပါတယ်။ ဗဟိုက ညွန်ကြားချက်အတိုင်း ကတ်လဲပေးရင်လည်း မယူနဲ့လို့ ပြောတယ်။ ဒါနဲ့ ဗဟိုညွန်ကြားချက် အတို်င်း ဆက်မတက်နဲ့တော့ ဆိုလို့ ကျနော်တို့ နောက်ဆုတ်ခဲ့တာပါ။
မေး။ ။ ဒီညီလာခံ ကို လေ့လာသူ ကတ်ပေးတဲ့ အပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ။ ။ သူတို့ အစည်းအဝေးကို ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံမှုနဲ့ လာတယ်။ ဖတ်ရ မယ့် စာတမ်းလည်း ကျနော်တို့ ပါလာတယ်။ ကတ်က လေ့လာသူဖြစ်နေတယ်။ ခဏနေကျရင် လာလဲပေးမယ်။ ခဏနေ ရင် ကုန်ပြီ ဆိုပြီး ပြန်ပြောတယ်။ ဝန်ကြီးဌာန က လာလဲပေးမယ်လို့လည်း ပြောတယ်။ ကျနော်တို့က ဘယ် ဟာ ကို နားထောင် ရမှန်းမသိဘူး။ ကျနော်တို့ နေထိုင်ရခက်တယ်။ ကျနော်တို့ ရောက်ရောက်ချင်း ဆက်သွယ်ပါ တယ်။ ကျနော်တို့ နေတာထိုင်တာ တည်းတာ သူတို့ အားလုံးသိပါတယ်။
မေး။ ။ ညီလာခံ စာတမ်းဖတ်ဖို့ စီစဉ်ထားရာကနေ အခု နုတ်ထွက်ခဲ့တဲ့ အခြေအနေကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ စာတမ်းဖတ်တဲ့ စာတွေလည်း သူတို့ဆီ အပ်ထားပြီးပါပြီ။ လက်ရှိ စာတမ်းမှာ ပါတဲ့ အချက်အလက်တွေ ကို ကျနော် အတိအကျ မမှတ်မိဘူး။
မေး။ ။ အစိုးရဘက်က သူတို့ ရောက်လာတာ သတင်းမပို့ဘူး။ ထားတဲ့နေရာ မနေဘူးဆိုတဲ့အပေါ် ဘာပြောချင်ပါ သလဲ။
ဖြေ။ ။ ကျနော်တို့ သတင်းမပို့ရင် ကတ်က ဘယ်ကနေ ရောက်လာမှာလဲ ။ အဲ့ဒီကတ်က ကျနော်တို့ ဆီ ဘယ်လို ရောက်လာလ။ဲ လေလှိုင်းပေါ်ကနေ ရောက်လာတာလား။
မေး။ ။ ၂၁ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီးရော ဘယ်လို ထင်မြင်မျှော်လင့်လဲ။
ဖြေ။ ။ ဒီညီလာခံနဲ့ ပတ်သက်ပြီး ကျနော်တို့ ညီလာခံကို ထောက်ခံပါတယ်။ ကျနော်တို့ကို ပေးထားတဲ့နေရာ ထိုင်ခင်း ပတ်ဝန်းကျင် ဆက်ဆံတဲ့အပေါ်မှာ ဘဝင်မကျလို့ နုတ်ထွက်တာပါ။ ငြိမ်းချမ်းရေးကိုတော့ တတိုင်းပြည်လုံး ငြိမ်းချမ်းချင် ပါတယ်။ အမုန်းတွေ မကြားချင်လို့ ဒီညီလာခံကို တက်ရောက်ခြင်း ဖြစ်ပါတယ်။ ။