သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ၄ ရက်တာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ ပထမအစည်းအဝေးမှာ ယခင်ငြိမ်းချမ်းရေး ညီလာခံမှာထက် အမျိုးသမီး ကိုယ်စားလှယ်တွေ ထက်ဝက်ခန့် ပိုများလာတာ တွေ့ရပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အမျိုးသမီးများ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ အနိမ့်ဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိရေး ကြိုးပမ်းနေတဲ့ အရပ်ဘက် အမျိုးသမီးအဖွဲ့တွေက လေ့လာသူများသာ ဖြစ်ပါတယ်။
လေ့လာသူများအဖြစ် တက်ရောက်ခွင့်ရခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ကျား၊ မတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) က အမျိုးသမီးရေး လှုပ်ရှားသူတွေက ၂၁ ရာစုပင်လုံမှာ အစုအဖွဲ့ အသီးအသီးက ကိုယ်စားပြု အမျိုးသမီး ၁၃ ရာ ခိုင်နှုန်းခန့် ရှိခဲ့တယ်လို့ စာရင်း ပြုစုထုတ်ပြန်ထားပါတယ်။
ဒီအထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အစုအဖွဲ့က အမျိုးသမီးဦးရေ အများဆုံးပါဝင်ပြီး ၁၂ ဦးစီ တက်ရောက်လေ့လာခွင့်ရခဲ့တဲ့ EAOs ကိုယ်စားလှယ်တွေထဲမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က အမျိုးသမီး ၆ ဦး (၅၀ ရာခိုင်နှုန်း) အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။
အဖွဲ့အသီးသီးက စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လုုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး၊ သဘာဝအရင်းအမြစ် ခွဲဝေရေး ကိစ္စတွေကို အလေးထားတင် ပြခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ အမျိုးသမီးနဲ့ လုံခြုံရေးကိစ္စတွေ အမျိုးသမီးများကို အလေးထား ကာကွယ်ပေးမှု အကြောင်းတွေကိုလည်း ထည့်သွင်း ပြောကြားသွားမှုတချို့ ရှိပါတယ်။
ညီလာခံ ပြီးပြီးချင်းမှာပဲ AGIPP က သူတို့အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ AGIPP ပဲ့ကိုင်ကော်မတီဝင် တဦးလည်းဖြစ်၊ မွန်အမျိုးသမီး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ မိကွန်းချန်းနွန်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်း သတင်းထောက် ငြိမ်းငြိမ်းက မေးမြန်းထားချက်များမှ ကောက်နုတ် တင်ပြလိုက်ပါ တယ်။
မေး ။ ။ AGIPP အနေနဲ့ ညီလာခံ ၃ ရက်ခွဲအတွင်း အဓိကလေ့လာဖြစ်တဲ့ အကြောင်းအရာတွေကို ရှင်းပြပေးပါ ဦး။
ဖြေ ။ ။ ကျမတို့ ထုတ်ပြန်ချက်မှာလည်း အစုအဖွဲ့အသီးသီးက တင်ပြချက်တွေထဲ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး တချို့စာတမ်းတွေမှာ ဒုက္ခသည်ပိုင်း အနေနဲ့ အမျိုးသမီး ပြဿနာတွေကိုပဲ ဖော်ပြထားပြီး တချို့ကျတော့ တကယ့် အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ အရေးကြီးပါတယ် ဆိုတာတွေ တင်ပြထားတာကို တွေ့ရတယ်။
ဥပမာဆို ABSDF က ပါဝင်သင့် ပါဝင်ထိုက်သူအဖြစ် ဖိတ်ကြားခံခဲ့ရတဲ့ မခင်မမမျိုး တင်ပြခဲ့တဲ့ စာတမ်းမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ၊ နောက် UNSCR 1325 မှာ ကျမတို့ ဘယ်ဟာတွေကို အဓိကထားပြီး လုပ်ဆောင်ရမလဲ ဆိုတာတွေ အဓိက မီးမောင်းထိုးပြီး တွန်းအားပေးသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။
မေး ။ ။ AGIPP က ၂၁ ရာစုပင်လုံ မတိုင်ခင် ညီလာခံ ကျင်းပရေး ကော်မတီနဲ့ NRPC မှာ သွားရောက် တွေ့ဆုံခဲ့တယ် လို့လည်း သိရတယ်။ အဲဒီမှာ ဆွေးနွေးထားတဲ့ အချက်တွေကနေ တစုံတရာ ဒီမှာ လာရောက် တင်ပြပြော ဆိုခွင့်ရတာရှိလား။
ဖြေ ။ ။ ကျမတို့အနေနဲ့ ညီလာခံအတွက် စာတမ်း ပြင်ဆင်ထားခဲ့တယ်။ ညီလာခံမှာတော့ စာတမ်းဖတ်ကြားခွင့် မရခဲ့ပါဘူး။ အဲဒီစာတမ်းမှာတော့ အရင်က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်မှာ အရင်က ပါဝင်ခဲ့တဲ့ ခေါင်းစဉ် ၅ ခု၊ စီးပွားရေး၊ လုံခြုံရေး။ လူမှုရေး၊ လယ်ယာ၊ သဘာဝသယံဇာတ ဆိုတဲ့ ကိစ္စတွေအပေါ် အသေးစိတ် ခေါင်းစဉ် ၅ ခု အလိုက် Recommend လုပ်ထားပါတယ်။
မေး ။ ။ ရှေ့လာမယ့် တမျိုးသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါ ဘယ်လို အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သွားခွင့်ရမှာလဲ။
ဖြေ ။ ။ ကျမတို့ကတော့ အခုု ဒီညီလာခံမှာလည်း လေ့လာသူအဖြစ် လာတဲ့အခါကျတော့ ရှေ့လာမယ့် ညီလာခံမှာ ဘယ်ကဏ္ဍအနေနဲ့ ပါဝင်နိုင်မလဲဆိုတာ ပြောလို့မရပါဘူး။ ဒါပေမယ့် ကျမတို့က အခုလက်ရှိ လုပ်ဆောင်နေတာက သက်ဆိုင်ရာ အစုအဖွဲ့တွေ၊ သက်ဆိုင်ရာ ကော်မတီတွေဆီ သွားပြီး အမျိုးသမီးတွေ ပါဝင်ဖို့ ကဏ္ဍအရေးကြီးပါတယ်။ ကျမတို့က ဒါတွေ လုပ်ဆောင်ထားတာ ရှိပါတယ်ဆိုပြီး အမြဲမပြတ် အားပေးပြောဆိုတဲ့ အခါကျတော့ သူတို့ အနေနဲ့ စဉ်းစားချက် ပြောင်းရင်လည်း ပြောင်းသွားနိုင်ပါတယ်။
ကျမတို့အတွက်ချည်းပဲ မဟုတ်ဘဲ တခြား အမျိုးသမီးထုတွေ အားလုံးပါဝင်မှုကိုလည်း ကျမတို့ တွန်းအားပေးနိုင် မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ ဒီညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်ပေမယ့် အဓိကပြောချင်တဲ့ မက်ဆေ့ချ်က ဘာများ ဖြစ်မလဲ။
ဖြေ ။ ။ အဓိကကတော့ ကျမတို့ ၃၀ ရာခိုင်နှုန်း အချိုးကို အမြဲတမ်း ဆုံးဖြတ်ချက်ချခဲ့သလို Political frame-work မှာ ပါသလို၊ NCA မှာလည်း ပါသလို တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်ဖို့ ကျမတို့ တိုက်တွန်း ထားတာရှိပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာဆိုရင်လည်း Gender policy တွေ ချမှတ်ပြီး လုပ်ဆောင်သွားဖို့ လိုပါလိမ့်မယ် ဆိုတာကိုလည်း ကျမတို့က ပြောကြားထားတာ ရှိပါတယ်။ အဲဒီလိုမျိုး လုပ်ဆောင်ဖို့ ပါဝင်ဖို့ အပြင်ကို လိုအပ်တဲ့ အကူအညီတွေ သီးခြားလိုအပ်နေတဲ့ အမျိုးသမီးတွေကိုလည်း သီးခြား အကူအညီလေးတွေ အစီအစဉ်လေးတွေ လုပ်ဆောင်သွားဖို့ လိုတယ်လို့ ကျမတို့ တင်ပြထားပါတယ်။ ကျမတို့ရဲ့ သုံးသပ်ချက်ပါ။
မေး ။ ။ AGIPP အနေနဲ့က CSO ဖိုရမ်တွေမှာ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှု ရှိနေပါလဲ။
ဖြေ ။ ။ ကျမတို့ကတော့ AGIPP အနေနဲ့ရော ကျမတို့ AGIPP မှာ ပါဝင်တဲ့ မဟာမိတ်အဖွဲ့တွေ အနေနဲ့ရော Civil Society Forum မှာ ကော်မတီအနေနဲ့ ပါဝင်ထားတာ ရှိပါတယ်။ ကျမတို့ကို သီးသန့်ဖိတ်ကြားသလို ကျမတို့ အနေနဲ့လည်း အဲဒီအဖွဲ့တွေထဲ ထဲထဲဝင်ဝင် ပါဝင်ပြီး အမျိုးသမီးရေး ကိစ္စတွေတင်မကဘဲ တခြားနိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးကိစ္စတွေမှာလည်း ကျမတို့ အမျိုးသမီးရှုထောင့်ကနေ ဝိုင်းဝန်းပြီး အကြံဉာဏ်ပေးနိုုင်အောင်၊ ဝိုင်းဝန်း လုပ်ဆောင်သွားနိုင်အောင် အမြဲတမ်း ပြင်ဆင်ထားတာပါ။
မေး ။ ။ အရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေမှာ အမျိုးသမီးတွေရဲ့ ၃၀ ရာခိုင်နှုန်းပါဝင်မှု အချိုးကို တောင်းတယ်ဆိုရင် လှောင်ပြောင် သရော်တယ်ဆိုတဲ့ အသံမျိုးတွေ ကြားရတယ်။ ဒီတခေါက် ငြိမ်းချမ်းရေး ညီလာခံမှာရော ဆက်ဆံမှုက ဘယ်လို ပုံသဏ္ဌာန်မျိုး ရှိပါသလဲ။
ဖြေ ။ ။ ဒီတခေါက်တော့ ကျမစိတ်ထဲမှာ ခံစားရတာက ပိုပြီးတော့ Positive ဆန်လာတယ်လို့ ခံယူရပါတယ်။ ဒီအပြင် ကျမတို့ Delegation တွေပေါ့။ ကိုယ်စားလှယ်အဖွဲ့တွေကို ကြည့်လိုက်မယ် ဆိုရင်လည်း အမျိုးသမီးတွေ ပိုပြီး ပါဝင်လာတာကို တွေ့ရတယ်။
သူတို့နဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတဲ့နေရာမှာလည်း သူတို့က ဘယ်လိုပြောလဲဆိုတော့ ဒီခေါင်းဆောင်တွေက အမျိုးသမီးတွေ ပါဝင်မှုကို စိတ်ဝင်စားတယ်။ ပါဝင်မှုရှိအောင်လည်း ဖိတ်ခေါ်မှုတွေ ရှိနေတယ်။ ဆိုတဲ့အခါကျတော့ ကျမအနေနဲ့ အရမ်းကို ပျော်ရွှင်ပါတယ်။ ဂုဏ်ယူပါတယ်။ ကောင်းတဲ့ဘက်ကနေပဲ စိတ်ခံစားရတာ ရှိပါတယ်။
မေး ။ ။ တကယ်တမ်းကျတော့ အမျိုးသမီးတွေအတွက် ပြည့်စုံလုံလောက်တဲ့ ဥပဒေအရ ကာကွယ်ပေးမှုတွေ ဥပဒေမူဝါဒတွေ မရှိသေးဘူးလို့ ပြောနေတာရှိပါတယ်။ ဒီအတွက် စိန်ခေါ်မှုတွေ ဘယ်လောက်အထိ ကြုံရနိုင်ဦးမလဲ။
ဖြေ ။ ။ ဒါကတော့ ကျမတို့ ရှေ့ဆက်ရမယ့် ခရီးပေါ့။ ဒီ ငြိမ်းချမ်းရေး ညီလာခံကိုပဲ ကြည့်လိုက်မယ်ဆိုရင်ပဲ သိသာ ပါတယ်။ အခုကျမတို့ ဆွေးနွေးတာတွေပဲ ရှိသေးတယ်။ ဆုံးဖြတ်ချက်ချတာ မဟုတ်သေးဘူး။ အမြင်ချင်း ဖလှယ် ကြတာပေါ့။ ဒါပေမယ့် ကျမတို့ ကြည့်လိုက်မယ်ဆိုရင် AGIPP ရဲ့ လုပ်ငန်းရလဒ် တခုတည်း မဟုတ်ဘဲ AGIPP ရဲ့ ပါတနာ မိတ်ဘက်အဖွဲ့အစည်းတွေ အကုန်လုံးရဲ့နှစ်ပေါင်း ၁၀ နှစ်၊ ၁၅ နှစ်၊ အနှစ် ၂၀ လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေက ကျမတို့အခု ဒီအချိန်မှာ အသီးအပွင့်အနေနဲ့ ခံစားရတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ဒီအသီးအပွင့်တွေက ဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးတွေ ပါဝင်ဖို့အတွက် ခိုင်မာတဲ့ တွန်းအားတခုတော့ မဖြစ်သေးပါဘူး။
ပေါ်လစီ၊ မူဝါဒပိုင်းဆိုင်ရာမှာ သေချာ ချမှတ်ထားပြီး တကယ်တမ်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုတယ်လို့ အမျိုးသမီးတိုင်း အမျိုးသမီးခေါင်းဆောင်တိုင်းက ထောက်ပြတာ၊ ပြောဆိုတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးက ဒီပေါ်လစီပိုင်း၊ အမျိုးသမီးတွေ ပါဝင်တဲ့ပေါ်လစီကို တိတိကျကျ သတ်မှတ်ပြီးတော့ လုပ်ဆောင်သွားဖို့ လိုပါလိမ့်မယ်။ ဒါဟာလည်း ကျမတို့ ရေရှည် လျှောက်ရမယ့် ခရီးလမ်း ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ညီလာခံ ၄ ရက် တက်ရောက်လာတဲ့ အတွင်းမှာ ညီလာခံတခုလုံးကို တဦးတည်းအမြင် ဖြစ်ဖြစ်၊ အဖွဲ့အမြင် ဖြစ်ဖြစ် ဘယ်လို ခြုံငုံသုံးသပ်မိလဲ။
ဖြေ ။ ။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ အမျိုးသမီး၊ အမျိုးသား အားလုံးဟာဆိုရင် ဆွေးနွေးချက်တွေ၊ တင်ပြချက်တွေအပေါ်မှာ သုံးသပ်မှုတွေကို ကိုယ့်သက်ဆိုင်ရာ အစုအဖွဲ့အလိုက် လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ကျမတို့ သီးသန့် လုပ်ဆောင်ရမှာက အမျိုးသမီး အချင်းချင်းကြားမှာ အင်ဖော်မေးရှင်း (အချက်အလက်တွေ) ရှယ်ပြီးတော့ ဘာတွေက ကျမတို့အတွက် အားအင်တွေဖြစ်ပြီး ဘာတွေက ကျမတို့ ဆက်လက် လုပ်ဆောင်ဖို့ လိုနေတယ်ဆိုတာကိုလည်း အချင်းချင်း တွန်းအားပေးဖို့ လိုပါလိမ့်မယ်။
တကယ့် တကယ်လည်း ကျမတို့ နိုင်ငံအပြောင်းအလဲမှာ ငြိမ်းချမ်းရေး ရေရှည်တည်တံ့ဖို့အတွက် ကျမတို့ရဲ့ အားအင်၊ ကျမတို့ရဲ့ ပေးမျှနိုင်တဲ့ အကြံဉာဏ်တွေကလည်း တတပ်တအား ဖြစ်မယ်ဆိုတာ ယုံကြည်တဲ့ အတွက်ကြောင့် ဒီကနေ ရရှိလာမယ့် သတင်းအချက်အလက်တွေက ကောင်းမွန်တဲ့ သတင်းအချက်လက်တွေ ဖြစ်ပါလိမ့်မယ်။