ယခုအပတ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်နှင့် တိုက်ဆိုင်ပြီး ပြောင်းလဲလာသော အမေရိကန်-မြန်မာဆက်ဆံရေးအကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလင့်တနာကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်းမှာ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုတွေ ပိုပြီးဖြေလျှော့ပေး မယ် ဒါမှမဟုတ် လုံးဝ ပယ်ဖျက်ပေးမယ်လို့ ထင်ပါသလား။ တကယ်လို့ သူတို့က လုံးဝ ပယ်ဖျက် ပေးလိုက်မယ်ဆိုရင် အဲဒါက အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်မလား။
ဖြေ။ ။ ပယ်ဖျက်လိမ့်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ မပယ်ဖျက်နိုင်ဘူးလို့ ကျနော်ယုံကြည်တဲ့ ပိတ်ဆို့မှုတွေ ရှိပါ တယ်။ ဥပမာ ပြည်တွင်းစစ် တခုရှိနေတာနဲ့ အမျှ လက်နက်ရောင်းချမှု ပိတ်ပင်ထားတာမျိုးနဲ့၊ လက်နက် ကုန်သွယ်ရေး နဲ့ မူးယစ်ဆေး ကုန်ကူးမှုလိုမျိုး ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေမှာ ပါ၀င်ခဲ့ပြီး ပါ၀င်နေဆဲ ဖြစ်တဲ့ ခရိုနီလို့ ခေါ်တဲ့ လူ တချို့လို လူပုဂ္ဂိုလ်တွေကို ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုမျိုး တွေ ဖြစ်ပါတယ်။
မေး။ ။ Human Rights Watch က “အမေရိကန် ရဲ့ အရေးယူပိတ်ဆို့မှု စာရင်းမှာပါ၀င်နေသူတွေက ရာဇဝတ်မှု သံသယ ရှိနေသူတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေ ဖြစ်တယ်” လို့ပြောတယ်။
ဖြေ။ ။ အဲဒါက အခုအချိန်မှာ အရေးယူပိတ်ဆို့မှုအားလုံးကို ဘာကြောင့် ပယ်ဖျက်မပေးနိုင်ရသလဲ ဆိုတဲ့ အကြောင်းရင်းပဲ။
မေး။ ။ အိုဘားမားရဲ့ အစိုးရက မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ထူထောင်ဖို့ စိတ်ဝင်စားတယ်။ လက်နက်ပစ္စည်း မဟုတ်တဲ့ အကူအညီနဲ့ လေ့ကျင့်ရေး အတွက် ကူညီတယ်။ စစ်တပ်ချင်း ဆက်ဆံရေး နဲ့ ပတ်သက်လို့ ဆန့်ကျင်မှုတွေ လည်း ရှိတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က စိုးရိမ်နေကြတယ်။ ပြီးခဲ့တဲ့ ၄ နှစ်မှာ အမေ ရိကန် စစ်ဌာနချုပ်နဲ့ မြန်မာ စစ်တပ်ကြားမှာ ထိတွေ့ဆက်ဆံမှုက အကန့်အသတ်နဲ့ ရှိတာကို ကျနော်တို့ မြင်ခဲ့ရပါ တယ်။ ဦးနေဝင်း အစိုးရ လက်ထက်တုန်းက အမေရိကန်ဆီက လက်နက် အကူအညီတွေရခဲ့တယ်။ အမေရိကန်မှာ သင်တန်း တက်ဖို့ ထောက်လှမ်းရေး အရာရှိတချို့ကိုတောင် စေလွှတ်ခဲ့တယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုခဲ့ရင် စစ်တပ်ချင်း ဆက်ဆံရေးက ပိုပြီး ကျယ်ပြန့်လာမယ်လို့ မြင်ပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် သူရဲ့ ဖခင်က စစ်တပ်ကို ထူထောင်ခဲ့သူ ဖြစ် တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်။ ပြည်သူတွေက ချစ်တဲ့ ပရော်ဖက်ရှင်နယ် စစ်တပ်တခု ဖြစ်လာဖို့ သူအမြဲတမ်း အခိုင်အမာပြောခဲ့တယ်။ သူက ဘယ်လို အခန်းကဏ္ဍ က ပါ၀င်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ မြန်မာနိုင်ငံရဲ့ စစ်တပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားပြီးတော့ ကာကွယ် ရေး ဦးစီးချုပ်ရဲ့ အမိန့်ကိုပဲ နာခံတယ်။ ရွေးကောက်ခံ အစိုးရရဲ့ အမိန့် မဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အကန့်အသတ် အလွန်များပါတယ်။ စစ်ဘက်အရာရှိတွေနဲ့ ကိုယ်ရေး ကိုယ်တာ ပြောဆိုဆက်ဆံမှုတွေမှာပဲ သူ့အနေနဲ့ စစ်တပ်အပေါ် သြဇာ သက်ရောက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့က သူ့စကားကို နားထောင်မှာလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။ အခုအချိန်အထိတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပုံ ရပါတယ်။ သူတို့က ရွေးကောက်ခံ အစိုးရရဲ့ နောက်မှာ ရှိနေပါတယ်ဆိုတာ အခိုင်အမာ ပြသခြင်းအားဖြင့် စစ်တပ်အနေနဲ့ တရားဝင် ဖြစ်မှုအပေါ်မှာ အခွင့်အရေး ရရှိနိုင်ပါတယ်။ အထူးသဖြင့် တရားဝင်ဖြစ်မှုကို တောင်းဆိုနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်လာရင် ဖြစ်ပါတယ်။
မေး။ ။ မြန်မာ စစ်ဗိုလ်ချုုပ်တွေက အမေရိကန်လေ့ကျင့်ရေးတွေနဲ့ လက်နက်တွေကို တရုတ်ထက်ပိုသဘောကျ တယ်။ တရုတ်နို်င်ငံ ပေါ်မှာ မှီခိုနေရတာကို ပင်ပန်းနေကြပြီလို့ မီဒီယာတွေက အမြဲတမ်းရေးခဲ့ကြတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ နဲ့ မြန်မာနို်င်ငံကြားမှာ စစ်တပ်ချင်းဆက်ဆံရေး ပိုများလာတာကိုလည်း ကျနော်တို့ တွေ့နေရပါတယ်။
ဖြေ။ ။ မြန်မာနိုင်ငံကို လက်လွှတ်ပြီး အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ခွင့်ပေးဖို့က တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရမ်းကို အရေးပါ ပါတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ သွယ်တန်း ထားပါတယ်။ တရုတ်နိုင်ငံက မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘူးဆိုတာလည်း ထင်ရှားပါတယ်။ တရုတ်နိုင်ငံက အထောက်အပံ့ပေးထားတဲ့ တခြား ရေအားလျှပ်စစ် စီမံကိန်းတွေလည်း ရှိပါတယ်။ ဥပမာ သံလွင်မြစ်မှာပါ။ ဒါကြောင့် တရုတ်နိုင်ငံက ဆေးရုံတွေဆောက်ပေးမယ်၊ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦးကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကတိတွေပေးပြီး သိမ်သိမ်မွေ့မွေ့ တုန့်ပြန်ခဲ့ပါတယ်။ အမှန်အတိုင်းပြောကြရမယ် ဆိုရင် မြန်မာနိုင်ငံအနေနဲ့ သြဇာကြီးတဲ့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်တဲ့ တရုတ်ကို လျစ်လျူရှုလို့ မရပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန်နိုင်ငံက အဝေးကြီးမှာ ရှိနေတာပါ။
မေး။ ။ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ဒါမှမဟုတ် တရုတ်နို်င်ငံရဲ့ သြဇာ မြင့်တက်လာတာကို တုန့်ပြန်ဖို့ ပိုပြီး လုပ်စရာတွေ ရှိနေတယ်လို့ ထင်ပါသလား။
ဖြေ။ ။ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို သုံးသပ်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အရေးအကြီးဆုံး ၂ ခု မဟုတ်ဘူးဆိုတာကို ကျနော်တို့ စိတ်ထဲမှာ မှတ်ထားရပါမယ်။ အာရှမှာ စစ်အေးတိုက်ပွဲသစ်တခု ရှိပါတယ်။ အင် အားခိုင်မာမှုတိုးလာတဲ့ တရုတ်နိုင်ငံက တဘက်မှာရှိနေပြီးတော့ တခြားဘက်မှာတော့ လျော့လျဲတဲ့ မဟာမိတ် အမေရိကန်၊ အိန္ဒိယနဲ့ ဂျပန်တို့ ရှိပါတယ်။ ဒီနှစ် မေလထဲမှာ ဗီယက်နမ်နိုင်ငံကို ချမှတ်ထားတဲ့ လက်နက် ရောင်းချမှု ပိတ်ပင်တားမြစ်ချက်ကို ပယ်ဖျက်ကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။ ဗီယက်နမ်က ဒီမိုကရေစီ နိုင်ငံတခု အနေနဲ့ရော လူ့အခွင့်အရေးအရပါ လက်ခံဖို့ ခက်ခဲတဲ့ နိုင်ငံတခုပါ။ ဒါပေမယ့် တရုတ်ကို ဆန့်ကျင်ဖို့ အတွက် ကတော့ အလွန် အသုံးဝင်တဲ့ မဟာမိတ်ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံက ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကို ချေမှုန်းပြီးနောက်ပိုင်း ရှိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အနီးကပ် မဟာမိတ်အနေအထားကနေ ခွဲထွက်လာတာကို အမေရိကန်က ကြိုဆိုခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက အမေရိကန်အတွက် တရုတ်နိုင်ငံရဲ့ လောင်းရိပ်အောက်မှာ သူတို့ရဲ့ သြဇာကို ဘယ်လို တိုးချဲ့နိုင်ခဲ့တယ်ဆိုတဲ့ တခုတည်းသော ဥပမာပါ။ ဒါပေမယ့် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ကိုယ်စားလှယ်တွေ၊ ၀ါရှင်တန်က လူ့အခွင့်အရေးအဖွဲ့တွေအတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အရေးအကြီးဆုံး ဖြစ်နေဆဲ ဖြစ်လို့ အမေရိကန်အနေနဲ့ သတိကြီးကြီးထားပြီး ကိုင်တွယ်ရမယ့် အခြေအနေတခု ဖြစ်ပါတယ်။
မေး။ ။ စက်တင်ဘာလ ၁၃ ရက်နေ့ ၀ါရှင်တန်မှာ CSIS က ဦးဆောင်ကျင်းပမယ့် ကွန်ဖရင့်နဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲ။ ဦးသိန်းစိန်ရဲ့ အစိုးရကို ထောက်ခံသူတွေ ပါ၀င်နေတဲ့ အတွက် တချို့နဲ့ မြန်မာ့အရေးစောင့်ကြည့်သူတွေက အငြင်းပွားဖွယ်ရာတခုလို့ ထင်ခဲ့ကြတယ်။
ဖြေ။ ။ ဦးဆောင်ဆွေးနွေးမယ့် သူတွေရဲ့ နာမည်စာရင်းကို ကြည့်လိုက်တဲ့ အခါ တဘက်ထဲဖြစ်နေတာကို မြင်ရတဲ့ အ တွက် ကျနော် အံ့အားသင့်ခဲ့ရပါတယ်။ လွတ်လပ်တဲ့ အသံမပါဘူး။ ဦးသိန်းစိန်ကို ထောက်ခံတဲ့ လူဟောင်းတွေ ချည်းပဲ။ သူတို့တွေက စစ်တပ်ထက် NLD ကို ပိုပြီး ဝေဖန်ကြမယ့် သဘောဖြစ်နေတယ်။